ဆာလံ 71
71
အသက်ကြီးသူ၏ဆုတောင်း
1အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ်ခိုလှုံပါ၏။ အရှက်ကွဲခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။ 2တရားတော်နှင့်အညီ အကျွန်ုပ်ကိုနုတ်ယူ၍ လွှတ်တော်မူပါ။ နားတော်ကို အကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင်တော်မူပါ။ 3အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ။ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း အမိန့်တော်ရှိ၍၊ အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက် ဖြစ်တော်မူ၏။ 4အကျွန်ုပ်၏ဘုရားသခင်၊ ဆိုးသောသူ၏လက်မှလည်းကောင်း၊ မတရားသောသူနှင့် ကြမ်းတမ်းသောသူ၏ လက်မှလည်းကောင်း အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ 5အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာ ဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏။ 6အကျွန်ုပ်သည် ဖွားကတည်းကပင် ကိုယ်တော်ကိုမှီဝဲပါပြီ။ အမိဝမ်းတွင်းမှစ၍ ကျေးဇူးတော်ကို ခံရပါပြီ။ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ 7အကျွန်ုပ်သည် များစွာသောသူတို့၌ အံ့ဖွယ်သောအရာကဲ့သို့ ဖြစ်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောခိုလှုံရာ ဖြစ်တော်မူ၏။ 8ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောမနာစကားကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် မြွက်ဆိုပါစေသော။ 9အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။ 10ရန်သူတို့သည် အကျွန်ုပ်တစ်ဖက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ်အသက်ကို ချောင်းကြည့်သောသူတို့က၊ 11ဘုရားသခင်သည် သူ့ကို စွန့်ပစ်တော်မူ၏။ လိုက်၍ ဖမ်းကြကုန်အံ့။ ကယ်လွှတ်သောသူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။ 12အိုဘုရားသခင်၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို မစခြင်းငှာ အလျင်အမြန် ပြုတော်မူပါ။ 13အကျွန်ုပ်အသက်ကို ရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြပါစေသော။
14အကျွန်ုပ်မူကား၊ အစဉ်မျှော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှထက် သာ၍ ချီးမွမ်းပါမည်။ 15ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွှန်ကြားပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။ 16အရှင်ထာဝရဘုရား၏ ဘုန်းတန်ခိုးတော်များကိုအမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။ 17အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင်အောင် အံ့ဖွယ်သောအမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။ 18တစ်ဖန်တုံ အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့အား တန်ခိုးတော်ကိုလည်းကောင်း၊ အကျွန်ုပ်မပြမီတွင်၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ 19အိုဘုရားသခင်၊ ဖြောင့်မတ်တော်မူခြင်းတရားသည် အလွန်မြင့်ရာသို့ မီသည်ဖြစ်၍၊ ကိုယ်တော်သည် ကြီးစွာသောအမှုတို့ကို ပြုတော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။ 20ကြီးမားကြမ်းတမ်းသောဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တစ်ဖန် အသက်ကိုချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တစ်ဖန်ထမြောက်စေတော်မူမည်။ 21အကျွန်ုပ်ကို စည်းစိမ်တိုးပွားစေ၍၊ တစ်ဖန် သက်သာစေတော်မူမည်။ 22သို့ဖြစ်၍၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်နှင့် သစ္စာတော်ကို တယောထိုး၍ ချီးမွမ်းပါမည်။ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ ရှေ့တော်၌ စောင်းတီး၍ သီချင်းဆိုပါမည်။ 23ရှေ့တော်၌ သီချင်းဆိုသောအခါ၊ ရွှင်လန်းသောနှုတ်ရှိပါလိမ့်မည်။ ရွေးတော်မူသော အကျွန်ုပ်၏ ဝိညာဉ်လည်း ရွှင်လန်းပါလိမ့်မည်။ 24အကျွန်ုပ်၏လျှာသည်လည်း ဖြောင့်မတ်တော်မူခြင်းတရားကို အစဉ်မြွက်ဆိုပါလိမ့်မည်။ အကြောင်းမူကား၊ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကိုရှာသောသူတို့သည် မျက်နှာပျက်၍ အရှက်ကွဲခြင်းသို့ ရောက်ကြပါ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံ 71: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.