ဗျာဒိတ် 10
10
စာစောင်ငယ်နှင့်ကောင်းကင်တမန်
1ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုဝတ်လျက်၊ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌ သက်တံရှိ၏။ သူ၏ မျက်နှာသည် နေကဲ့သို့ဖြစ်၏။ သူ၏ ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။- 2ဖွင့်ထားသော စာစောင်ငယ်ကို ကိုင်လျက်ရှိ၏။ လက်ယာခြေသည် ပင်လယ်ပေါ်မှာလည်းကောင်း၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာလည်းကောင်း နင်း၍၊- 3ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုးကြိုးသံ ခုနစ်ချက်မြည်လေ၏။- 4မိုးကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည်ဟု အားထုတ်သော်၊ ကောင်းကင်မှ ထွက်သောအသံကား၊ မိုးကြိုးသံခုနစ်ချက် မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့်ဟု ဆိုသည်ကို ငါကြား၏။- 5ထိုအခါ ငါမြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည်၊ လက်ယာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊- 6-7ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသတင်းကို ဗျာဒိတ်ထားတော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသောအရာသည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကိုလည်းကောင်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။#တရား၊ ၃၂:၄၀။ ဒံ၊ ၁၂:၇။ အာ၊ ၃:၇။
8ငါကြားရသော ကောင်းကင်အသံသည် တစ်ဖန် ငါ့အားပြောသည်ကား၊ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏ လက်၌ ဖွင့်ထားလျက်ရှိသော စာစောင်ငယ်ကို သွား၍ ယူလော့ဟုဆိုလျှင်၊-#ယေဇ၊ ၂:၈-၃:၃။ 9ငါသည် ကောင်းကင်တမန်ထံသို့သွား၍ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍စားလော့။ ဝမ်းကို ခါးစေလိမ့်မည်။ သို့သော်လည်း ပါးစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟုဆိုလျှင်၊ 10ငါသည် စာစောင်ကို ကောင်းကင်တမန်၏လက်မှ ယူ၍စား၏။ ပါးစပ်၌ ပျားရည်ကဲ့သို့ချို၏။ စားပြီးမှ ဝမ်း၌ခါး၏။- 11ကောင်းကင်တမန်ကလည်း၊ သင်သည် အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့၌လည်းကောင်း၊ ရှင်ဘုရင်တို့၌လည်းကောင်း၊ တစ်ဖန် ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ဗျာဒိတ် 10: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.