ဗျာဒိတ် 9
9
1ပဥ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တစ်လုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌ အနက်ဆုံးသောတွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊- 2သူသည် အနက်ဆုံးသောတွင်းကို ဖွင့်လျှင်၊ ကြီးစွာသော မီးဖို၏အခိုးကဲ့သို့သော အခိုးသည် တွင်းထဲက တက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသကောင်းကင်သည် မှောင်မိုက်လေ၏။-#က၊ ၁၉:၂၈။ 3ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍ မြေကင်းမြီးကောက် တန်ခိုးကဲ့သို့သော တန်ခိုးကို ရကြ၏။-#ထွ၊ ၁၀:၁၂-၁၅။ 4မြေ၏မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသောလူတို့ကိုသာ ညှဉ်းဆဲမည်အကြောင်း သူတို့အား ပညတ်ထား၏။-#ယေဇ၊ ၉:၄။ 5တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ။ ငါးလပတ်လုံး ပြင်းစွာသောဝေဒနာ ဖြစ်စေသောအခွင့် ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ ဖြစ်သတည်း။
6ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။-#ယောဘ၊ ၃:၂၁။ ယေ၊ ၈:၃။ 7ထိုကျိုင်းကောင်တို့၏ အဆင်းသဏ္ဌာန်သည် စစ်တိုက်ခြင်းငှာ ပြင်ဆင်သောမြင်း၏ အဆင်းသဏ္ဌာန်နှင့် တူ၏။ ခေါင်းပေါ်မှ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ မျက်နှာသည် လူမျက်နှာကဲ့သို့ဖြစ်၏။-#ယောလ၊ ၂:၄။ 8ဆံပင်သည် မိန်းမဆံပင်ကဲ့သို့ ဖြစ်၏။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ ဖြစ်၏။-#ယောလ၊ ၁:၆။ 9ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ ဖြစ်၏။ အတောင်ခတ်သော အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်၏။-#ယောလ၊ ၂:၅။ 10အမြီးသည် ကင်းမြီးကောက်နှင့် တူ၏။ အမြီး၌လည်း ဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံး ညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။- 11သူတို့၏ ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ၍လည်းကောင်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန်ဟူ၍လည်းကောင်း ခေါ်ဝေါ်သော အနက်ဆုံးသောတွင်းတမန် ဖြစ်၏။- 12အမင်္ဂလာတစ်ပါး လွန်ပြီ။ ထိုနောက်မှ အမင်္ဂလာ နှစ်ပါး လာလေဦးမည်။
13ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင့် ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်းထဲက ထွက်သောအသံကား၊-#ထွ၊ ၃၀:၁-၃။ 14ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဋ္ဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။- 15ထိုအခါ လူသုံးစုတစ်စုကို အသေသတ်ခြင်းငှာ တစ်နာရီ၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်အဖို့ ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။- 16မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊ နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။
17ထိုအတူ ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကိုလည်းကောင်း၊ ကန့်၊ မီး၊ ဝှါကိန္သုကျောက်နှင့်ပြီးသော ရင်အုပ်တန်ဆာရှိသော မြင်းစီးသူရဲတို့ကိုလည်းကောင်း ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ ဖြစ်၏။ သူတို့၏ ခံတွင်းထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။- 18သူတို့၏ခံတွင်းထဲက ထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစ်စု သေကြ၏။- 19အကြောင်းမူကား၊ သူတို့တန်ခိုးသည် ခံတွင်း၌လည်းကောင်း၊ အမြီး၌လည်းကောင်း တည်၏။ အမြီးသည် ခေါင်းနှင့်ပြည့်စုံ၍ မြွေနှင့်တူ၏။ အမြီးအားဖြင့် ညှဥ်းဆဲတတ်ကြ၏။- 20ထိုဘေးဒဏ်ကြောင့် မသေဘဲ ကြွင်းသောလူတို့သည် နတ်တို့ကိုလည်းကောင်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကိုလည်းကောင်း မကိုးကွယ်ဘဲ နေခြင်းငှာ၊ ကိုယ်လက်နှင့် လုပ်သော အရာများကို နောင်တမရဘဲနေကြ၏။-#ဆာ၊ ၁၁၅:၄-၇၊ ၁၃၅:၁၅-၁၇။ ဒံ၊ ၅:၂၃။ 21ကိုယ်ကျင့်သော အကျင့်တည်းဟူသော လူအသက်ကို သတ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ အမှုများကိုလည်း နောင်တမရဘဲ နေကြ၏။
လက်ရှိရွေးချယ်ထားမှု
ဗျာဒိတ် 9: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.