ဗျာဒိတ် 8
8
သတ္တမတံဆိပ်
1သတ္တမတံဆိပ်ကို ဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ်ဆိတ်စွာ နေကြ၏။- 2ဘုရားသခင့်ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကို ပေး၏။- 3ကောင်းကင်တမန်တစ်ပါးသည် လာ၍ ရွှေလင်ပန်းကို ကိုင်လျက် ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ပလ္လင်တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူအပေါင်းတို့၏ ပတ္ထနာနှင့်အတူ ဆက်ကပ်ခြင်းငှာ၊ မီးရှို့သော နံ့သာပေါင်းအများကို ထိုသူ၌ပေး၏။-#အာ၊ ၉:၁။ 4မီးရှို့သော နံ့သာပေါင်း၏ အခိုးအငွေ့သည် သန့်ရှင်းသူတို့၏ ပတ္ထနာများနှင့်အတူ ကောင်းကင်တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။- 5ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏ မီးနှင့်ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက်သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။#ဝတ်၊ ၁၆:၁၂။ ယေဇ၊ ၁၀:၂။ ထွ၊ ၁၉:၁၆။ ဗျာ၊ ၁၁:၁၉၊ ၁၆:၁၈။
တံပိုးခုနစ်လုံး
6တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် မှုတ်အံ့သောငှာ မိမိတို့ကို ပြင်ဆင်ကြ၏။- 7ပထမသူသည် တံပိုးမှုတ်သောအခါ မိုးသီးဖြစ်၏။ အသွေးနှင့် ရောနှောသောမီးလည်း ဖြစ်၏။ မြေကြီးအပေါ်သို့ ချလိုက်၍၊ မြေသုံးစုတစ်စု၊ သစ်ပင်သုံးစုတစ်စု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင်လေ၏။-#ထွ၊ ၉:၂၃-၂၅။ ယေဇ၊ ၃၈:၂၂။ 8ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ ဖြစ်၍၊ ပင်လယ်သုံးစုတစ်စုသည် အသွေးဖြစ်၏။- 9ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံးစုတစ်စုလည်း သေ၏။ သင်္ဘောသုံးစုတစ်စုလည်း ပျက်၏။- 10တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည် ကောင်းကင်ကကျ၍၊ မြစ်သုံးစုတစ်စုသို့လည်းကောင်း၊ စမ်းရေတွင်းသို့လည်းကောင်း ရောက်၏။-#ဟေရှာ၊ ၁၄:၁၂။ 11ထိုကြယ်သည် ဒေါနရွက်ဟူသောအမည် ရှိ၏။ ရေသုံးစုတစ်စုသည် ဒေါနရွက်ဖြစ်၍ ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။-#ယေ၊ ၉:၁၅။ 12စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစ်စု၊ လသုံးစုတစ်စု၊ ကြယ်သုံးစုတစ်စုကြတ်၍ သုံးစုတစ်စု မိုက်လေ၏။ နေ့သုံးစုတစ်စု၊ ညသုံးစုတစ်စုသည် အလင်းမရှိ၊-#ဟေရှာ၊ ၁၃:၁၀။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၁၀၊၃၁၊ ၃:၁၅။ 13ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတတစ်ကောင်က၊ ကြွင်းသေးသော ကောင်းကင်တမန်သုံးပါး မှုတ်လုလတ္တံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ဟု ကောင်းကင်အလယ်၌ ပျံဝဲ၍ ကြီးသောအသံနှင့် ဆိုသည်ကို ငါကြား၏။
လက်ရှိရွေးချယ်ထားမှု
ဗျာဒိတ် 8: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.