ဗျာဒိတ် 7
7
လူတစ်သိန်းလေးသောင်းလေးထောင်
1ထိုနောက်မှ မြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှာ၊ ကောင်းကင်တမန်လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကို ကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။-#ယေ၊ ၄၉:၃၆။ ဒံ၊ ၇:၂။ ဇာ၊ ၆:၅။ 2အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင်တမန်တစ်ပါးသည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့်ပင်လယ်ကို ညှဥ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကို အသံလွှင့်၍၊- 3ငါတို့ဘုရားသခင်၏ ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မီတိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဥ်းဆဲပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်လေ၏။-#ယေဇ၊ ၉:၄၊၆။ 4တံဆိပ်ခတ်ခြင်းကိုခံရသောသူ အရေအတွက်ကို ငါကြား၍၊ ဣသရေလအမျိုးသားတို့၌ အသီးအသီးသော အမျိုးအနွယ်ထဲက လူတစ်သိန်းလေးသောင်းလေးထောင် တို့သည် တံဆိပ်ခတ်ခြင်းကို ခံရကြ၏။- 5ယုဒအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ရုဗင်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဂဒ်အမျိုးထဲက တစ်သောင်းနှစ်ထောင်။- 6အာရှာအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ နဿလိအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ မနာရှေ အမျိုးထဲက တစ်သောင်းနှစ်ထောင်၊- 7ရှိမောင်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ လေဝိ အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဣသခါအမျိုးထဲက တစ်သောင်းနှစ်ထောင်၊- 8ဇာဗုလုန်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဗင်္ယာမိန် အမျိုးထဲက တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ် ခြင်းကိုခံရကြ၏။
လူများအပေါင်း
9ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။- 10သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။- 11ပလ္လင်တော်မှစသော အသက်ကြီးသူတို့နှင့် သတ္တဝါလေးပါး၏ ပတ်ဝန်းကျင်၌ ရပ်နေသော ကောင်းကင်တမန်အပေါင်းတို့သည်၊ ပလ္လင်တော်ရှေ့မှာ ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊- 12အာမင်။ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ကောင်းချီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိ ရှိတော်မူစေသတည်း။ အာမင်ဟု ပြောဆိုကြ၏။
13အသက်ကြီးသူတစ်ပါးကလည်း၊ ဖြူသော ဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြသနည်းဟု ငါ့အားမေးမြန်းလျှင်၊- 14ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌လျှော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။-#ဒံ၊ ၁၂:၁။ မ၊ ၂၄:၂၁။ မာ၊ ၁၃:၁၉။ 15ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍၊ ဗိမာန်တော်၌ဘုရားဝတ်ကိုနေ့ညမပြတ် ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။- 16သူတို့သည် နောက်တစ်ဖန် ရေစာကို မငတ်မမွတ်ရကြ။ နေရောင်ခြည် အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။-#ဟေရှာ၊ ၄၉:၁၀။ 17အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍၊ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်ဟု ဆိုလေ၏။-#ဆာ၊ ၂၃:၁။ ယေဇ၊ ၃၄:၂၃။ ဆာ၊ ၂၃:၂။ ဟေရှာ၊ ၄၉:၁၀၊ ၂၅:၈။
လက်ရှိရွေးချယ်ထားမှု
ဗျာဒိတ် 7: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.