ဗျာဒိတ် 6
6
တံဆိပ်များ
1သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တစ်ချက်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ မိုးကြိုးသံ မြည်သကဲ့သို့၊ သတ္တဝါလေးပါးတွင် တစ်ပါးက၊ လာ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။- 2ထိုအခါ ငါကြည့်လျှင်၊ မြင်းဖြူတစ်စီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း ထွက်သွား၏။#ဇာ၊ ၁:၈၊ ၆:၃၊၆။
3ဒုတိယတံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယ သတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။- 4ထိုအခါ မြင်းနီတစ်စီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှာလည်းကောင်း အခွင့်ရ၏။ သူ၌ဓားကြီးကို ပေးတော်မူ၏။#ဇာ၊ ၁:၈၊ ၆:၂။
5တတိယတံဆိပ်ကိုညဖွင့်သောအခါ၊ တတိယသတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်းနက်တစ်စီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။-#ဇာ၊ ၆:၂၊၆။ 6သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတစ်ပြားနှင့် ဂျုံဆန်တစ်ခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့်ဟု ဆိုသည်ကိုငါကြား၏။
7စတုတ္ထတံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္ထသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။- 8ထိုအခါငါကြည့်လျှင်၊ မြင်းမွဲတစ်စီးရှိ၏။ မြင်းစီးသောသူသည် မရဏဟူသောအမည်ရှိ၏။ မရဏနိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစ်စိတ်ကို အစိုးရ၍ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကိုရ၏။#ယေဇ၊ ၁၄:၂၁။
9ပဥ္စမတံဆိပ်ကို ဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်လည်းကောင်း၊ မိမိတို့ သက်သေခံချက်ကြောင့်လည်းကောင်း၊ အသေသတ်ခြင်းကိုခံရသော သူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။- 10သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးမားသောအသံနှင့် ကြွေးကြော်ကြ၏။- 11ထိုသူတို့၌ ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတ္တံ့သော မိမိ လုပ်ဖော်ဆောင်ဖက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။
12ဆဋ္ဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည် အမွေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ ဖြစ်၏။-#ဗျာ၊ ၁၁:၁၃၊ ၁၆:၁၈။ ဟေရှာ၊ ၁၃:၁၀။ ယောလ၊ ၂:၁၀၊၃၁၊ ၃:၁၅။ မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅။ 13သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။-#ဟေရှာ၊ ၃၄:၄။ 14မိုးကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။-#ဗျာ၊ ၁၆:၂၀။ 15လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌လည်းကောင်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌လည်းကောင်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊-#ဟေရှာ၊ ၂:၁၉၊၂၁။ 16ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ။-#ဟော၊ ၁၀:၈။ လု၊ ၂၃:၃၀။ 17အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏။#ယောလ၊ ၂:၁၁။ မာလ၊ ၃:၂။
လက်ရှိရွေးချယ်ထားမှု
ဗျာဒိတ် 6: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.