ဗျာဒိတ် 16
16
ဘုရားသခင်၏အမျက်တော်ဖလား
1ဗိမာန်တော်ထဲက ကြီးသောအသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော်ဖလား ခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။- 2ပထမသူသည် သွား၍ မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သော လူတို့၌ အလွန်ဆိုးသော အနာစိမ်းပေါက်လေ၏။-#ထွ၊ ၉:၁၀။ 3ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။- 4တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့လည်းကောင်း၊ စမ်းရေတွင်း ပေါ်သို့လည်းကောင်း သွန်းလောင်းလျှင် ထိုအရာတို့သည် အသွေးဖြစ်ကြ၏။-#ထွ၊ ၇:၁၇-၂၁။ ဆာ။ ၇၈:၄၄။ 5ကောင်းကင်တမန်ကလည်း၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အရှင်၊ ကိုယ်တော်သည် ဤသို့ တရားစီရင်တော်မူသည် အမှုမှာ ဖြောင့်မတ်တော်မူ၏။- 6ထိုသူတို့သည် သန့်ရှင်းသူတို့၏ အသွေး၊ ပရောဖက်တို့၏ အသွေးကို သွန်းလောင်းကြသည်ဖြစ်၍၊ သူတို့အား အသွေးကို တိုက်တော်မူပြီ။ သူတို့လည်း ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏။- 7ယဇ်ပလ္လင်ကလည်း၊ မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင်တော်မူခြင်း အရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသောအသံကို ငါကြား၏။
8စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသော အခွင့်ကိုရ၏။- 9ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်းအလိုငှာ နောင်တမရကြ။- 10ပဥ္စမကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို ကိုက်ခဲကြ၏။-#ထွ၊ ၁၀:၂၁။ 11မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။
12ဆဋ္ဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့ မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှာ ထိုမြစ်ရေသည် ခန်းခြောက်လေ၏။-#ဟေရှာ၊ ၁၁:၁၅။ 13ထိုအခါ၊ နဂါး၏ ခံတွင်းထဲကလည်းကောင်း၊ သားရဲ၏ ခံတွင်းထဲကလည်းကောင်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲကလည်းကောင်း၊ ဖားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည်ကို ငါမြင်၏။- 14နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတစ်နိုင်ငံ လုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှာ စုဝေးစေကြ၏။- 15ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန် အမည်ရှိသော အရပ်၌ စုဝေးစေကြ၏။-#မ၊ ၂၄:၄၃-၄၄။ လု၊ ၁၂:၃၉-၄၀။ ဗျာ၊ ၃:၃။ 16အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတစ်ပါးရှေ့၌ ရှက်စရာအကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။#ဇာ၊ ၁၂:၁၁။
17သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီးပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော်၌ ရှိသော ပလ္လင်တော်ထဲက ထွက်၏။- 18လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။#ဗျာ၊ ၈:၅၊ ၁၁:၁၃၊၁၉။
19မြို့ကြီးသည် သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။-#ဟေရှာ၊ ၅၁:၁၇။ 20အချိန် အခွက်တစ်ဆယ်ရှိသော မိုးသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။- 21ထိုမိုးသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည် မိုးသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။
လက်ရှိရွေးချယ်ထားမှု
ဗျာဒိတ် 16: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.