ရောမ 16
16
ပေါလု၏နှုတ်ဆက်စကား
1ကင်ခြေမြို့အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး၏။- 2သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည် များစွာသော သူတို့ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း၊ မစသောသူဖြစ်၏။- 3ငါနှင့်အတူ ယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့် အာကုလကို နှုတ်ဆက်ကြလော့။-#တ၊ ၁၈:၂။ 4ထိုသူတို့သည် ငါ့အသက်အဖို့ မိမိတို့လည်ပင်းကို ချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသား အသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။- 5သူတို့အိမ်၌ရှိသော အသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဖို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။- 6ငါတို့အမှုကို ကြိုးစား၍ ဆောင်ရွက်သော မာရိကို နှုတ်ဆက်ကြလော့။- 7ငါနှင့်အတူ အကျဉ်းခံရသောသူ၊ ငါအမျိုးသားချင်း အန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှားသောသူ ဖြစ်ကြ၏။ ငါ့အရင် တပည့်တော်အဖြစ်သို့ ရောက်သောသူလည်း ဖြစ်ကြ၏။- 8သခင်ဘုရား၌ ငါ့ချစ်သားအမ္ပလိကို နှုတ်ဆက်ကြလော့။- 9ငါတို့နှင့်အတူ ခရစ်တော်၏အမှုကိုဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သားသတာခုကို နှုတ်ဆက်ကြလော့။- 10တပည့်တော်စစ်ဖြစ်သော အပေလေနှင့် အာရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။- 11ငါ၏အဆွေအမျိုး ဟေရောဒျုန်နှင့် တပည့်တော်ဖြစ်သော နာကိသု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။- 12သခင်ဘုရား၏အမှုတော်ကို ကြိုးစားသောမိန်းမ၊ တရုဖဲနနှင့် တရုဖောသကိုလည်းကောင်း၊ သခင်ဘုရား၏ အမှုတော်ကို အလွန်ကြိုးစား၍ ချစ်အပ်သောမိန်းမ ပေရသိကိုလည်းကောင်း နှုတ်ဆက်ကြလော့။- 13မြတ်သောတပည့်တော်ရုဖုနှင့် သူ၏အမိတည်းဟူသော ငါ၏အမိကို နှုတ်ဆက်ကြလော့။-#မာ၊ ၁၅:၂၁။ 14အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစ၍ သူတို့နှင့်အတူနေသော ညီအစ်ကိုတို့ကို နှုတ်ဆက်ကြလော့။- 15ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုနှမနှင့် ဩလုမ္ပမှစ၍ သူတို့နှင့်အတူနေသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။- 16အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ၏။
နောက်ဆုံးညွှန်ကြားချက်များ
17ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကိုမှတ်၍ ရှောင်ကြလော့ဟု ငါသတိပေး၏။- 18အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကားနှင့် ချော့မော့သောစကားအားဖြင့် စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ်ကြ၏။- 19သင်တို့ ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှာလည်းကောင်း၊ ဆိုးသောအမှု၌ကား၊ အပြစ်ကင်းစေခြင်းငှာလည်းကောင်း ငါအလိုရှိ၏။- 20ငြိမ်သက်ခြင်းအရှင် ဘုရားသခင်သည် မကြာမမြင့်မီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက်တော်မူမည်။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိပါစေသော။- 21ငါနှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသေမှစ၍ ငါ၏အဆွေအမျိုးလုကိ၊ ယာသုန်၊ သောသိပတရုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။-#တ၊ ၁၆:၁။ 22ဤစာကိုရေးသော ကျွန်ုပ်တေရတိသည် သခင်ဘုရားကို ထောက်၍ သင်တို့ကို နှုတ်ဆက်ပါ၏။- 23ငါ့ကိုလည်းကောင်း၊ သင်းဝင်သူ အပေါင်းတို့ကိုလည်းကောင်း လက်ခံ၍ ဧည့်သည်ဝတ်ပြုတတ်သော ဂါယု၊ မြို့စာရေး ဧရတ္တု၊ သင်တို့ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။-#တ၊ ၁၉:၂၉။ ၁ကော၊ ၁:၁၄။ ၂တိ၊ ၄:၂၀။ 24ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
ချီးမွမ်းဆုတောင်းပတ္ထနာ
25ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာ ထင်ရှားသည်ဖြစ်၍၊- 26လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်ကြမည်အကြောင်း ပရောဖက်တို့၏ ကျမ်းစာများလာသည်နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း ထိုသူတို့အား ဖော်ပြရသော နက်နဲရာကိုဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသော ဧဝံဂေလိတရားတည်းဟူသော ယေရှုခရစ်၏အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကို မြဲမြံခိုင်ခံ့စေခြင်းငှာ တတ်နိုင်တော်မူသောအရှင်၊- 27တစ်ဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
ရောမဩဝါဒစာပြီး၏။
လက်ရှိရွေးချယ်ထားမှု
ရောမ 16: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.