ထိုသို့ဖြစ်လျှင်၊ ငါတို့အဘအာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။- အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။- ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။- အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။- အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကို ဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။- ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသောသူ၏မင်္ဂလာကို ဒါဝိဒ်သည်ရည်မှတ်၍ ဆိုသည်ကား၊- အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူတို့သည် မင်္ဂလာရှိကြ၏။- ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။ အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ် အရေဖျားလှီးခြင်းကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့် မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။- ထိုသို့ဆိုသော် အဘယ်သို့ မှတ်သနည်း။ အရေဖျားလှီးခြင်းကို ခံပြီးမှ မှတ်သလော။ မခံမီ မှတ်သလော။ ခံပြီးမှမှတ်သည် မဟုတ်။ မခံမီ မှတ်သတည်း။- အရေဖျားလှီးခြင်းကိုမခံဘဲ ယုံကြည်သောသူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာအကြောင်းရှိစေခြင်းငှာ၊- ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှာလည်းကောင်း၊ အရေဖျားလှီးခြင်းကို ခံသည်သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမီ ရှိသော ယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့၏အဘ ဖြစ်အံ့သောငှာလည်းကောင်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမီရှိသော ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျားလှီးခြင်း၏ လက္ခဏာကို ခံရသတည်း။ ထိုမှတစ်ပါး၊ ဤလောကကို အမွေခံစေမည်ဟု ကတိတော်ကို အာဗြဟံမှစသော သူ၏အမျိုးအနွယ်တို့သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ်။ ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။- အကြောင်းမူကား၊ ပညတ်တရားနှင့် ဆိုင်သောသူတို့သည် အမွေခံဖြစ်သည်မှန်လျှင်၊ ယုံကြည်ခြင်းတရားကိုပယ်ပြီ။ ကတိတော်လည်း အချည်းနှီးဖြစ်၏။- ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။- ထိုကြောင့်၊ ကတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက၊ အာဗြဟံ၏ ယုံကြည်ခြင်းတရားနှင့် ဆိုင်သောသူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏ အမျိုးအနွယ်အပေါင်းတို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု၍ ရောက်နိုင်၏။- ငါသည် သင့်ကို လူမျိုးအများတို့၏အဘ ဖြစ်စေ၏ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ ထိုအာဗြဟံသည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင်ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏အဘ ဖြစ်သတည်း။- သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မျှော်လင့်စရာအကြောင်းမရှိဘဲလျက် ယုံကြည်၍ မျှော်လင့်လေ၏။- ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တစ်ရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည် အသေကဲ့သို့ ရှိကြောင်းကိုလည်းကောင်း၊ မိမိခင်ပွန်း စာရာ၏ဝမ်းသည် သေကြောင်းကိုလည်းကောင်း မအောက်မေ့၊- ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊- ကတိထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။- ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုးအလိုငှာသာ ကျမ်းစာ၌ ရေးထားသည်မဟုတ်။- ငါတို့အကျိုးအလိုငှာ ရေးထားသတည်း။ ငါတို့ သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသောသူကို ငါတို့သည် ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတ္တံ့။- ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။
ရောမ 4 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 4:1-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ