ရောမ 4:1-25
ရောမ 4:1-25 Judson Bible (JBMLE)
ထိုသို့ဖြစ်လျှင်၊ ငါတို့အဘအာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။- အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။- ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။- အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။- အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကို ဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။- ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသောသူ၏မင်္ဂလာကို ဒါဝိဒ်သည်ရည်မှတ်၍ ဆိုသည်ကား၊- အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူတို့သည် မင်္ဂလာရှိကြ၏။- ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။ အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ် အရေဖျားလှီးခြင်းကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့် မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။- ထိုသို့ဆိုသော် အဘယ်သို့ မှတ်သနည်း။ အရေဖျားလှီးခြင်းကို ခံပြီးမှ မှတ်သလော။ မခံမီ မှတ်သလော။ ခံပြီးမှမှတ်သည် မဟုတ်။ မခံမီ မှတ်သတည်း။- အရေဖျားလှီးခြင်းကိုမခံဘဲ ယုံကြည်သောသူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာအကြောင်းရှိစေခြင်းငှာ၊- ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှာလည်းကောင်း၊ အရေဖျားလှီးခြင်းကို ခံသည်သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမီ ရှိသော ယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့၏အဘ ဖြစ်အံ့သောငှာလည်းကောင်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမီရှိသော ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျားလှီးခြင်း၏ လက္ခဏာကို ခံရသတည်း။ ထိုမှတစ်ပါး၊ ဤလောကကို အမွေခံစေမည်ဟု ကတိတော်ကို အာဗြဟံမှစသော သူ၏အမျိုးအနွယ်တို့သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ်။ ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။- အကြောင်းမူကား၊ ပညတ်တရားနှင့် ဆိုင်သောသူတို့သည် အမွေခံဖြစ်သည်မှန်လျှင်၊ ယုံကြည်ခြင်းတရားကိုပယ်ပြီ။ ကတိတော်လည်း အချည်းနှီးဖြစ်၏။- ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ်တရားမရှိလျှင်၊ လွန်ကျူးခြင်း အပြစ်မရှိ။- ထိုကြောင့်၊ ကတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက၊ အာဗြဟံ၏ ယုံကြည်ခြင်းတရားနှင့် ဆိုင်သောသူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏ အမျိုးအနွယ်အပေါင်းတို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု၍ ရောက်နိုင်၏။- ငါသည် သင့်ကို လူမျိုးအများတို့၏အဘ ဖြစ်စေ၏ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ ထိုအာဗြဟံသည်ကား၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော၊ ကိုယ်တိုင်ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသောငါတို့၏အဘ ဖြစ်သတည်း။- သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မျှော်လင့်စရာအကြောင်းမရှိဘဲလျက် ယုံကြည်၍ မျှော်လင့်လေ၏။- ယုံကြည်အားကြီးသည်ဖြစ်၍ မိမိအသက်သည် အနှစ်တစ်ရာလောက်ရှိသဖြင့်၊ မိမိကိုယ်သည် အသေကဲ့သို့ ရှိကြောင်းကိုလည်းကောင်း၊ မိမိခင်ပွန်း စာရာ၏ဝမ်းသည် သေကြောင်းကိုလည်းကောင်း မအောက်မေ့၊- ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊- ကတိထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။- ထိုကြောင့်၊ သူ၏ယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုးအလိုငှာသာ ကျမ်းစာ၌ ရေးထားသည်မဟုတ်။- ငါတို့အကျိုးအလိုငှာ ရေးထားသတည်း။ ငါတို့ သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသောသူကို ငါတို့သည် ယုံကြည်လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတ္တံ့။- ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။
ရောမ 4:1-25 Common Language Bible (BCL)
သို့ဖြစ်၍ငါတို့လူမျိုး၏အဖဖြစ်သူ အာဗြဟံ၏အကြောင်းကိုစဉ်းစားကြည့် ကြစို့။ သူ၏အတွေ့အကြုံကားအောက်ပါ အတိုင်းဖြစ်သည်။- အကယ်၍အာဗြဟံသည်မိမိ၏အကျင့် သီလအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိပါမူ သူ့မှာဂုဏ်ယူဝါ ကြွားစရာအကြောင်းရှိပေသည်။ သို့ရာတွင် သူသည်ဘုရားသခင်၏ရှေ့တော်မှောက်တွင် ထိုသို့ဂုဏ်ယူဝါကြွားမှုကိုမပြုနိုင်။- ကျမ်းစာတော်က``အာဗြဟံသည်ဘုရား သခင်ကိုယုံကြည်သဖြင့် ဘုရားသခင် သည်သူ့အားဖြောင့်မတ်သူအဖြစ်လက်ခံ တော်မူ၏'' ဟုဆိုသည်။- လူတစ်စုံတစ်ယောက်သည်အလုပ်လုပ်၍ အခကြေးငွေကိုရရှိသောအခါ ထိုကြေး ငွေသည်လက်ဆောင်အဖြစ်ရသောအရာ မဟုတ်ဘဲမိမိအလုပ်လုပ်၍ရသောအရာ ဖြစ်၏။- သို့ရာတွင်သူသည်မိမိ၏အကျင့်သီလ ကိုအားမကိုးဘဲယုံကြည်ခြင်းကိုအားကိုး လျှင် ဘုရားသခင်သည်သူ၏ယုံကြည်မှုကို ထောက်ရှုလျက် သူ့အားအပြစ်မရှိဟုစီရင် ချက်ချမှတ်တော်မူသည်။ သူ၏ယုံကြည်ခြင်း ကြောင့်ဘုရားသခင်သည်သူ့ကိုမိမိနှင့် မှန်ကန်စွာဆက်ဆံစေတော်မူ၏။- အကျင့်သီလကိုမထောက်ဘဲဘုရားသခင် သည်ဖြောင့်မတ်သောသူအဖြစ်လက်ခံတော်မူ ခြင်းကို ခံရသောသူသည်မင်္ဂလာရှိကြောင်း ဖော်ပြရာ၌ဒါဝိဒ်မင်းက၊ ``အပြစ်ပြေလွတ်ခွင့်နှင့်အပြစ်ဒုစရိုက်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုရသောသူသည် မင်္ဂလာရှိ၏။ မိမိ၏အပြစ်များကိုထာဝရဘုရားမှတ်တော်မူ ခြင်းကို၊ မခံရသောသူသည်မင်္ဂလာရှိ၏'' ဟုမြွက်ဆိုလေသည်။ ဒါဝိဒ်မင်းဖော်ပြသောမင်္ဂလာကိုအရေဖျား လှီးခြင်းခံသူတို့သာလျှင်ရရှိကြသလော။ အရေဖျားလှီးခြင်းမခံသူတို့လည်းရရှိ ကြပေသည်။ ငါတို့ဖော်ပြခဲ့သောကျမ်းစာ အရ``အာဗြဟံသည်ဘုရားသခင်ကိုယုံကြည် သဖြင့်ဘုရားသခင်သည်သူ့အားဖြောင့်မတ် သောသူအဖြစ်လက်ခံတော်မူ၏။-'' ဤသို့အာဗြဟံအားဖြောင့်မတ်သောသူ အဖြစ်ဘုရားသခင်လက်ခံတော်မူသည့် အချိန်မှာ အာဗြဟံအရေဖျားလှီးမင်္ဂလာ ခံပြီးမှလော။ မခံရသေးမီကလော။ ခံပြီး မှမဟုတ်။ မခံရသေးမီကဖြစ်၏။- သူ့အားဘုရားသခင်ယင်းသို့လက်ခံတော်မူ ပြီးမှအာဗြဟံသည်အရေဖျားလှီးမင်္ဂလာ ခံရ၏။ ထိုအရေဖျားလှီးမင်္ဂလာကားဘုရား သခင်သည်အာဗြဟံ၏ယုံကြည်မှုကိုထောက် လျက် အရေဖျားလှီးမင်္ဂလာမခံမီဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူကြောင်းကိုသက်သေပြ သောအမှတ်လက္ခဏာပင်ဖြစ်၏။ သို့ဖြစ်၍ အာဗြဟံသည်အရေဖျားလှီးမင်္ဂလာကို မခံသော်လည်းဘုရားသခင်ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံသူအပေါင်းတို့၏အဖဖြစ်လာ ၏။- သူသည်အရေဖျားလှီးမင်္ဂလာခံသူတို့၏ အဖလည်းဖြစ်ပေသည်။ တစ်နည်းကားသူ သည်အရေဖျားလှီးမင်္ဂလာကိုခံကြရုံမက ငါတို့အဖအာဗြဟံအရေဖျားလှီးမင်္ဂလာ ကိုမခံမီက ဘုရားသခင်ကိုယုံကြည်ခြင်း စံနမူနာကိုလိုက်သူတို့၏အဖလည်းဖြစ် သည်။ ဘုရားသခင်သည် အာဗြဟံနှင့်သားမြေးတို့ အားကမ္ဘာလောကကို ပိုင်စေတော်မူမည်ဟုကတိ ထားတော်မူခဲ့၏။ ဤသို့ကတိထားတော်မူခြင်း မှာအာဗြဟံသည်ပညတ်တရားကိုစောင့်ထိန်း သောကြောင့်မဟုတ်၊ ဘုရားသခင်ကိုယုံကြည် သဖြင့်သူ့အားဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံတော်မူသောကြောင့်ဖြစ်၏။- အကယ်၍ပညတ်တရားကိုစောင့်ထိန်းကြ သူများသာလျှင် ကတိတော်ကိုခံစားရကြ မည်ဆိုလျှင်ဘုရားသခင်အားယုံကြည်မှု သည်အချည်းနှီးဖြစ်၍ကတိတော်သည် လည်းအဋ္ဌိပ္ပါယ်မရှိတော့ပေ။- ပညတ်တရားသည်ဘုရားသခင်၏အမျက် တော်ကိုဖြစ်ပွားစေ၏။ သို့ရာတွင်တရား ဥပဒေမရှိလျှင်တရားဥပဒေကိုချိုး ဖောက်ခြင်းလည်းမရှိနိုင်။ သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။- ``ငါသည်သင့်အားလူမျိုးအမြောက်အမြားတို့ ၏အဖဖြစ်စေပြီ'' ဟုကျမ်းစာတော်တွင်ဖော်ပြ သည်နှင့်အညီဖြစ်သည်။ သို့ဖြစ်၍ဘုရားသခင် ၏ရှေ့တော်၌ထိုကတိတော်တည်ရ၏။ ဘုရား သခင်သည်အာဗြဟံယုံကြည်သောဘုရား၊ သူ သေတို့ကိုအသက်ရှင်စေသောဘုရား၊ ယခင် ကမဖြစ်ဘူးသည့်အရာများကိုဖြစ်ပေါ် စေရန်အမိန့်ပေးတော်မူသောဘုရားဖြစ် တော်မူ၏။- အာဗြဟံသည်မျှော်လင့်စရာမဲ့သောအခြေ အနေ၌ပင်လျှင်ဘုရားသခင်ကိုယုံကြည် ခဲ့၏။ သို့ဖြစ်၍သူသည်လူမျိုးအမြောက်အမြား တို့၏အဖဖြစ်လာ၏။ ကျမ်းစာတော်တွင်``သင် ၏အမျိုးအနွယ်တို့သည်ကြယ်ကဲ့သို့များ ပြားလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်၏။- ထိုအချိန်၌အာဗြဟံသည်အသက်တစ်ရာ ခန့်ပင်ရှိ၍ မိမိ၏ကိုယ်ခန္ဓာသည်အသေကဲ့သို့ ဖြစ်လျက်နေကြောင်းကိုလည်းကောင်း၊ စာရာ သည်လည်းကလေးမရနိုင်ကြောင်းကိုလည်း ကောင်းသိသော်လည်း ဘုရားသခင်အပေါ်တွင် ယုံကြည်မှုခိုင်မြဲလျက်ရှိ၏။- သူသည်အဘယ်အခါ၌မျှဘုရားသခင် ၏ကတိတော်ကိုယုံမှားသံသယမဖြစ်။ ကိုယ်တော့်အပေါ်ယုံကြည်မှုကိုလည်းမစွန့် လွှတ်။ ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍ ခွန်အားပြည့်ဝလာ၏။ ထို့ကြောင့်သူသည် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းပေ သည်။- ဘုရားသခင်သည်မိမိကတိထားတော်မူသည့် အတိုင်းပြုတော်မူနိုင်ကြောင်းအာဗြဟံသည် အကြွင်းမဲ့ယုံကြည်၏။- ထိုသို့ယုံကြည်မှုကြောင့်ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူအဖြစ်လက်ခံတော် မူ၏။- ``ဘုရားသခင်သည်သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏'' ဟူသောစကားရပ် သည်အာဗြဟံတစ်ဦးတည်းသာရည်ညွှန်း သည်မဟုတ်။- ငါတို့အားလည်းရည်ညွှန်းပေသည်။ အဘယ် ကြောင့်ဆိုသော်ငါတို့၏အရှင်သခင်ယေရှု အားရှင်ပြန်ထမြောက်စေသောဘုရားသခင် ကို ငါတို့ယုံကြည်သဖြင့်ငါတို့အားဖြောင့် မတ်သူများအဖြစ်ကိုယ်တော်လက်ခံမည် ဖြစ်သောကြောင့်တည်း။- ထိုအရှင်သည်ငါတို့အပြစ်များကြောင့်အသေ ခံစေရန်အပ်နှံခြင်းကိုခံတော်မူ၏။ ငါတို့အား ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံစေအံ့သော ငှာကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၏။
ရောမ 4:1-25 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုသို့ဖြစ်လျှင် သွေးသားဇာတိအားဖြင့် ငါတို့အဖအာဗြဟံ ခံစားရရှိသည့်အရာနှင့်ပတ်သက်၍ မည်သို့ဆိုရမည်နည်း။ အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မှန်လျှင် သူ၌ဝါကြွားစရာအကြောင်းရှိ၏။ သို့ရာတွင် ဘုရားသခင်ရှေ့တော်၌ ထိုသို့မဟုတ်ပေ။ ကျမ်းစာက မည်သို့ဆိုထားသနည်း။ “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ဆိုထား၏။ အလုပ်လုပ်ဆောင်သောသူအတွက် လုပ်အားခသည် ကျေးဇူးပြုခြင်းအဖြစ်မဟုတ်ဘဲ သူရသင့်ရထိုက်သောအရာအဖြစ် မှတ်ယူရ၏။ သို့ရာတွင် လုပ်ဆောင်မှုမရှိသော်လည်း ဘုရားတရားမဲ့သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကို ယုံကြည်သောသူအတွက်မူကား ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။ ထို့အတူ ဒါဝိဒ်သည်လည်း ဘုရားသခင်က အကျင့်ကိုမထောက်ဘဲ ဖြောင့်မတ်သည်ဟုသတ်မှတ်တော်မူသောသူ၏မင်္ဂလာကို ပြောဆိုရာတွင် “တရားမဲ့သောအမှုများကို ခွင့်လွှတ်ခြင်းခံရသောသူ၊ အပြစ်များကို ဖုံးအုပ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားအပြစ်မယူသောသူသည် မင်္ဂလာရှိ၏”ဟု ဆို၏။ သို့ဖြစ်လျှင် ဤမင်္ဂလာသည် အရေဖျားလှီးထားသောသူအတွက်သာ ဖြစ်သလော၊ သို့မဟုတ် အရေဖျားမလှီးသောသူအတွက်လည်း ဖြစ်သလော။ “အာဗြဟံအတွက် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ငါတို့ဆိုကြသောအခါ မည်သည့်အခြေအနေ၌ ထိုသို့သတ်မှတ်တော်မူသနည်း။ အရေဖျားလှီးထားသည့်အခြေအနေ၌လော၊ သို့မဟုတ် အရေဖျားမလှီးထားသည့်အခြေအနေ၌လော။ အရေဖျားလှီးထားသည့်အခြေအနေ၌မဟုတ်ဘဲ အရေဖျားမလှီးထားသည့်အခြေအနေ၌ ထိုသို့သတ်မှတ်တော်မူ၏။ ဤသို့ဖြင့် အာဗြဟံသည် အရေဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်း၏တံဆိပ်အဖြစ် အရေဖျားလှီးခြင်း၏အမှတ်လက္ခဏာကိုခံယူ၏။ ဤသည်ကား အာဗြဟံအား အရေဖျားမလှီးဘဲယုံကြည်သောသူအပေါင်းတို့၏အဖဖြစ်စေရန်နှင့် ထိုသူတို့သည်လည်း ဖြောင့်မတ်ခြင်းကိုရရှိကြစေရန်အတွက်ဖြစ်၏။ ထို့ပြင် အာဗြဟံအား အရေဖျားလှီးထားသောသူတို့၏အဖဖြစ်စေရန်နှင့် အရေဖျားလှီးထားသောသူသာမကဘဲ အရေဖျားမလှီးမီကပင် ငါတို့အဖအာဗြဟံ၌ရှိသော ယုံကြည်ခြင်းခြေရာကို လိုက်လျှောက်သောသူတို့၏အဖလည်း ဖြစ်စေရန်အတွက်ဖြစ်၏။ ကမ္ဘာလောကကိုအမွေဆက်ခံသူဖြစ်မည်ဟု အာဗြဟံ၊ သို့မဟုတ် သူ၏အမျိုးအနွယ်အား ပေးတော်မူသောကတိတော်သည် ပညတ်တရားကိုထောက်၍ ပေးတော်မူသည်မဟုတ်ဘဲ ယုံကြည်ခြင်းနှင့်ဆိုင်သောဖြောင့်မတ်ခြင်းကိုထောက်၍ ပေးတော်မူ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သောသူတို့သည် အမွေခံများဖြစ်ကြလျှင် ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်သွား၍ ကတိတော်သည်လည်း ပျက်ပြယ်သွားလေပြီ။ ပညတ်တရားသည် အမျက်တော်ကိုဖြစ်ပေါ်စေ၏။ သို့သော် ပညတ်တရားမရှိသောနေရာ၌ ဖောက်ဖျက်ကျူးလွန်မှုလည်းမရှိ။ ထို့ကြောင့် ကတိတော်သည် ယုံကြည်ခြင်းနှင့်ဆိုင်၏။ ဤသည်ကား ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့်ဖြစ်စေ၍ ပညတ်တရားနှင့်ဆိုင်သောအမျိုးအနွယ်အတွက်သာမကဘဲ အာဗြဟံ၏ယုံကြည်ခြင်းနှင့်ဆိုင်သည့်အမျိုးအနွယ်အပါအဝင် အမျိုးအနွယ်ရှိသမျှတို့အတွက် တည်မြဲစေရန်ဖြစ်၏။ “ငါသည် သင့်ကို များစွာသောလူမျိုးတို့၏ဖခင်ဖြစ်စေပြီ”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း အာဗြဟံသည် မိမိယုံကြည်သောဘုရားသခင်တည်းဟူသော သေလွန်သောသူတို့ကိုအသက်ရှင်စေ၍ ဖြစ်တည်ခြင်းမရှိသည့်အရာများကိုဖြစ်ပေါ်လာစေရန် အမိန့်ပေးနိုင်သောဘုရားသခင်ရှေ့တော်၌ ငါတို့အားလုံး၏ဖခင်ဖြစ်၏။ သူသည် မျှော်လင့်စရာမရှိသောအခြေအနေ၌ မျှော်လင့်၍ယုံကြည်သဖြင့် “သင်၏အမျိုးအနွယ်သည် ဤသို့ဖြစ်လိမ့်မည်”ဟု မိန့်မှာခြင်းခံခဲ့ရသည့်အတိုင်း များစွာသောလူမျိုးတို့၏ဖခင်ဖြစ်လာ၏။ သူသည် အသက်တစ်ရာခန့်ရှိ၍ မိမိကိုယ်ခန္ဓာသည် သေသူကဲ့သို့ဖြစ်နေကြောင်းကိုလည်းကောင်း၊ စာရာ၏ဝမ်းသည် သေနေကြောင်းကိုလည်းကောင်း ဆင်ခြင်အောက်မေ့သော်လည်း ယုံကြည်ခြင်း၌ အားနည်းခြင်းမရှိ။ ဘုရားသခင်၏ကတိတော်အပေါ်၌ ယုံမှားသံသယမရှိဘဲ ယုံကြည်ခြင်းအားကြီးလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ ဘုရားသခင်သည် ကတိပေးတော်မူသောအရာကို ဆောင်ရွက်နိုင်စွမ်းလည်းရှိသည်ဟု အပြည့်အဝယုံကြည်လေ၏။ ထို့ကြောင့် ဤယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။ သို့သော် “သူ့ကိုသတ်မှတ်တော်မူ၏”ဟု ကျမ်းစာ၌ရေးထားသည်မှာ အာဗြဟံတစ်ဦးတည်းအတွက်သာမဟုတ်ဘဲ ငါတို့အတွက်ပါ ရေးထားခြင်းဖြစ်၏။ တစ်နည်းဆိုသော် ငါတို့၏သခင်ယေရှုအား သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောအရှင်ကို ယုံကြည်သည့် ငါတို့ကိုလည်း ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူလိမ့်မည်။ သခင်ယေရှုသည် ငါတို့ကျူးလွန်သောအပြစ်များအတွက် အပ်နှံခြင်းကိုခံရပြီး ငါတို့ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရရန်အတွက် ထမြောက်တော်မူ၏။