YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဟန် 11

11
လာဇရု​ကို သေခြင်း​မှ​ထမြောက်စေတော်မူခြင်း
1လာဇရု​အမည်​ရှိသော လူတစ်ဦး​သည် ဖျားနာ​လျက်​ရှိ၏။ သူ​သည် မာရိ​နှင့် မာသ​ဟု ခေါ်သော သူ​၏ အစ်မ​နှစ်ဦးတို့​နှင့်အတူ ဗေသနိရွာ​တွင်​နေထိုင်၏။ 2ထို​မာရိ​သည် ယေရှု​၏ ခြေ​ကို ဆီမွှေး​လိမ်း​၍ မိမိ​ဆံပင်​ဖြင့် သုတ်ပေးသော​သူ​ဖြစ်၏။ သူ​၏ မောင် လာဇရု​သည် ဖျားနာ​လျက်​ရှိ​သောကြောင့် 3ထို​ညီအစ်မ​နှစ်ဦး​က “သခင်… သခင်​ချစ်တော်မူသော​သူ​သည် အပြင်းဖျား​လျက်​ရှိပါ၏” ဟု ယေရှု​ထံတော်သို့ သတင်းပို့ကြ၏။
4ထို​သတင်း​ကို ယေရှု ကြားတော်မူ​သောအခါ “ဤ​ဖျားနာခြင်း​သည် သေစေမည့်​ဖျားနာခြင်း​မဟုတ်ဘဲ ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှားစေမည့် ဖျားနာခြင်း​ဖြစ်၏။ ဤ​ဖျားနာခြင်း​ကြောင့် ဘုရားသခင်​၏​သားတော်​သည်လည်း ဘုန်းတော်​ထင်ရှား​လိမ့်မည်” ဟု မိန့်တော်မူ၏။ 5ယေရှု​သည် မာသ၊ မာရိ​နှင့် လာဇရု​တို့​ကို ချစ်တော်မူ၏။ 6လာဇရု​ဖျားနာကြောင်း​ကို ကြား​သော် မိမိ​ရှိသည့်​အရပ်​တွင် နှစ်ရက် ထပ်​၍​နေတော်မူ၏။ 7ထို့နောက် တပည့်တော်တို့​အား “ယုဒပြည်​သို့ နောက်တစ်ဖန်​သွားကြစို့” ဟု မိန့်တော်မူ၏။
8တပည့်တော်တို့​က “ဆရာတော်#11:8 မူရင်း​ဂရိကျမ်း​တွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… မကြာသေးမီ​ကပင် ယုဒပြည်​မှ​လူတို့​သည် ဆရာတော်​ကို ခဲ​နှင့်​ပေါက်သတ်​ရန် ကြိုးစားခဲ့ကြ၏။ သို့နှင့်ပင် ထို​အရပ်​သို့ တစ်ဖန်​ကြွတော်မူမည်လော” ဟု လျှောက်ကြ၏။
9ယေရှု​က “တစ်ရက်​တွင် နေ့အချိန် ဆယ့်နှစ်​နာရီ​ရှိ၏။ ဤ​ကမ္ဘာလောက​အား အလင်းရောင်​ကို ပေးသော​သူ​ကြောင့် လူတို့​သည် နေ့အချိန်​တွင် ခလုတ်​မတိုက်ဘဲ သွားလာနိုင်ကြ၏။ 10ညအချိန်​တွင် သွားလာ​လျှင်မူ သူ​၌ အလင်း​မရှိ​သောကြောင့် ခလုတ်တိုက်​မိတတ်၏” ဟု မိန့်တော်မူ၏။ 11ထိုသို့ မိန့်တော်မူ​ပြီးနောက် ယေရှု​က “ငါတို့​၏​မိတ်ဆွေ လာဇရု​သည် အိပ်ပျော်​လျက်​ရှိ၏။ သူ့​ကို နှိုး​ရန် ငါ​သွားမည်” ဟု မိန့်တော်မူ၏။
12တပည့်တော်တို့​က “သခင်… သူ​သည် အိပ်ပျော်နေ​ပါက သက်သာပါ​လိမ့်မည်” ဟု လျှောက်ကြ၏။ 13ယေရှု​က လာဇရု​သေဆုံးကြောင်း​ကို ဆိုလိုတော်မူ​သော်လည်း ပုံမှန်​အတိုင်း​အိပ်ပျော်နေကြောင်း ဆိုလိုတော်မူသည်​ဟု တပည့်တော်တို့​သည် ထင်မှတ်ကြ၏။
14ထို့ကြောင့် ယေရှု​က “လာဇရု​သေဆုံးပြီ။ 15ထို​နေရာ​တွင် ငါ​မရှိခဲ့သည်​မှာ သင်တို့​ယုံကြည်လာကြ​စေရန်​ဖြစ်၏။ ထို့ကြောင့် သင်တို့​အတွက် ငါ​ဝမ်းမြောက်၏။ မည်သို့ပင်ဖြစ်စေ သူ့​ထံသို့ ငါတို့​သွားကြစို့” ဟု ပွင့်လင်း​စွာ မိန့်တော်မူ၏။
16အမြွှာပူး#11:16 “အမြွှာပူး” ဟူသော အဓိပ္ပာယ်​သည် “ဒိဒုမု” ဟူသည့် ဂရိဘာသာစကား​မှ လာသည်။​ဟု ခေါ်တွင်သော သောမ​က “ငါတို့​သည်လည်း ကိုယ်တော်​နှင့်အတူ အသေခံ​ရန် လိုက်သွားကြစို့” ဟု အခြား​တပည့်တော်တို့​အား ပြောလေ၏။
17ယေရှု​သည် ဗေသနိရွာ​သို့ ရောက်​သော် လာဇရု​ကို သင်္ချိုင်းဂူ​၌ သင်္ဂြိုဟ်ပြီးသည်​မှာ လေးရက်​ရှိပြီ​ဖြစ်ကြောင်း ကြားသိတော်မူ၏။ 18ဗေသနိရွာ​သည် ဂျေရုဆလင်မြို့​နှင့် နှစ်မိုင်​ခန့်သာ#11:18 မူရင်း​ဂရိကျမ်း​တွင် ၁၅ စတာဒီယွန်​ဟု ဖော်ပြထားသည်။ ကွာဝေး၏။ 19ဂျူး​လူမျိုး​များစွာ​သည်လည်း မောင်​ဖြစ်သူ​ကို ဆုံးရှုံးသော မာသ​နှင့်​မာရိ​တို့​ကို နှစ်သိမ့်​ရန် လာကြ၏။ 20ယေရှု​ကြွလာတော်မူကြောင်း မာသ​သည် ကြား​သောအခါ ထွက်​၍ ဆီးကြိုလေ၏။ မာရိ​မှာမူ အိမ်​၌ နေရစ်ခဲ့၏။ 21မာသ​က ယေရှု​အား “သခင်… သခင်​သာ ဤ​နေရာ​၌ ရှိတော်မူခဲ့​လျှင် ကျွန်မ​မောင်​သေဆုံးမည်​မဟုတ်ပါ။ 22သို့သော် ယခု​လည်း သခင်​တောင်းလျှောက်​လျှင် တောင်းသမျှ​ကို ဘုရားသခင်​သည် ပေးတော်မူမည်​ဖြစ်ကြောင်း ကျွန်မ​သိပါ၏” ဟု လျှောက်လေ၏။
23ယေရှု​က “သင်​၏​မောင်​သည် ပြန်ရှင်​လိမ့်မည်” ဟု မိန့်တော်မူ၏။
24မာသ​ကလည်း “နောက်ဆုံးသော​နေ့၊ သေရာ​မှ​ထမြောက်မည့်​ကာလ​တွင် သူ​သည်လည်း ပြန်ရှင်မည်​ကို ကျွန်မ​သိပါ၏” ဟု လျှောက်လေ၏။
25ယေရှု​က “ငါ​သည် သေလွန်သော​သူတို့​ကို ပြန်ရှင်စေ​၍ အသက်​ကို ပေးပိုင်သူ​ဖြစ်၏။ ငါ့​ကို ယုံကြည်သော​သူ​သည် သေလွန်​သော်လည်း ပြန်ရှင်​လိမ့်မည်။ 26ငါ့​ကို ယုံကြည်​၍ အသက်ရှင်သော​သူ​သည် သေခြင်း​နှင့် အစဉ်​ကင်းလွတ်​လိမ့်မည်။ ငါ့​စကား​ကို သင်​ယုံကြည်သလော” ဟု မိန့်တော်မူ၏။
27မာသ​ကလည်း “ယုံကြည်ပါ၏ သခင်။ သခင်​သည် ဘုရားသခင်​ထံမှ ဤ​လောက​သို့ ကြွလာတော်မူသော ဘုရားသခင်​၏​သားတော် ခရစ်တော်#11:27 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ဖြစ်ကြောင်း ကျွန်မ​ယုံကြည်ပါ၏” ဟု လျှောက်လေ၏။ 28ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်သွား​၍ ငိုကြွေးနေကြသူများ​အထဲမှ မိမိ​ညီမ မာရိ​ကို ခေါ်​လျက် “ဆရာတော် ကြွလာပြီ။ သင့်​ကို ခေါ်တော်မူသည်” ဟု တိတ်တဆိတ်​ပြောလေ၏။ 29ထို​စကား​ကို ကြား​သောအခါ မာရိ​သည် အလျင်အမြန်​ထ​၍ ကိုယ်တော်​ထံသို့ သွားလေ၏။
30ယေရှု​သည် ရွာ​ထဲ​သို့ ကြွတော်မမူ​သေးဘဲ မာသ​လာရောက်​ကြိုဆိုသော​အရပ်​၌ပင် ရှိတော်မူ၏။ 31မာရိ​ကို နှစ်သိမ့်​ရန် အိမ်​၌ ရောက်ရှိနေကြသော​ဂျူးလူမျိုးတို့​သည် မာရိ​အလျင်အမြန်​ထ​၍ ထွက်သွားသည်​ကို တွေ့မြင်ကြ၏။ သူတို့​က မာရိသည် လာဇရု​၏ သင်္ချိုင်း​သို့ သွား​၍ ငိုကြွေးမည်​ဟု ထင်မှတ်ကြ၏။ ထို့ကြောင့် သူတို့​သည် မာရိ​နောက်​သို့ လိုက်သွားကြ၏။ 32မာရိ​သည် ယေရှု​ရှိတော်မူရာ​အရပ်​သို့ ရောက်​သောအခါ ခြေတော်ရင်း​၌ ဝပ်တွားခယ​လျက် “သခင်… သခင်​သာ ဤ​နေရာ​၌ ရှိတော်မူခဲ့​လျှင် ကျွန်မ​မောင်​သေဆုံးမည်​မဟုတ်ပါ” ဟု လျှောက်လေ၏။
33ယေရှု​သည် မာရိ​ငိုကြွေးသည်​ကိုလည်းကောင်း၊ မာရိ​နှင့်အတူ​လိုက်လာသော ဂျူး​လူမျိုးတို့​လည်း ငိုကြွေးကြသည်​ကိုလည်းကောင်း မြင်တော်မူ​သောအခါ အလွန်​ဝမ်းနည်း​၍ စိတ်မချမ်းမသာ​ဖြစ်တော်မူ၏။
34ယေရှု​က “လာဇရု​အလောင်း​ကို အဘယ်မှာ သင်္ဂြိုဟ်ကြသနည်း” ဟု မေးတော်မူ၏။
သူတို့​က “သခင် ကြွလာ​၍ ကြည့်တော်မူပါ” ဟု လျှောက်ကြ၏။ 35ထိုအခါ ယေရှု​သည် မျက်ရည်ကျတော်မူ၏။ 36အနီးတွင်​ရပ်နေသော​ဂျူး​လူမျိုးတို့​က “ကြည့်ပါ။ သူ​သည် လာဇရု​ကို အလွန်​ချစ်၏” ဟု ပြောဆိုကြ၏။ 37သို့ရာတွင် အချို့သော​သူတို့​က “မျက်မမြင်​ကို မြင်စေခဲ့သော ဤ​သူ​သည် လာဇရု​ကိုလည်း မသေ​စေရန် မတတ်နိုင်သလော” ဟု ဆိုကြ၏။
38ယေရှု​သည် တစ်ဖန် အလွန်​ဝမ်းနည်း​လျက် သင်္ချိုင်း​သို့ ကြွတော်မူ၏။ ထို​သင်္ချိုင်း​သည် ဂူ​ဖြစ်​သောကြောင့် ဂူတွင်းဝ​ကို ကျောက်တုံး​ဖြင့် ပိတ်ထား၏။ 39ယေရှု​က “ကျောက်တုံး​ကို ရွှေ့ကြလော့” ဟု မိန့်တော်မူ၏။
ထိုအခါ သေလွန်သူ​၏ အစ်မ​ဖြစ်သူ မာသ​က “သခင်… လာဇရု​သေသည်​မှာ လေးရက်​ရှိပါပြီ။ ထို့ကြောင့် ယခု​ဆိုလျှင် အနံ့​ထွက်နေပါ​လိမ့်မည်” ဟု လျှောက်လေ၏။
40ယေရှု​က “သင်​ယုံကြည်​လျှင် ဘုရားသခင်​၏ ဘုန်းတော်​ကို မြင်ရမည်​ဟု သင့်​အား ငါ​ပြောခဲ့ပြီ မဟုတ်လော” ဟု မာသ​ကို မိန့်တော်မူ၏။ 41သို့ဖြစ်၍ လူတို့​သည် ကျောက်တုံး​ကို ရွှေ့ကြ၏။ ယေရှု​သည် ကောင်းကင်​သို့ မျှော်ကြည့်တော်မူပြီး​လျှင် “အို အဖ… အကျွန်ုပ်​တောင်းလျှောက်သည်​ကို နားဆင်တော်မူပြီ​ဖြစ်​သောကြောင့် ကျေးဇူးတင်ပါ၏။ 42အဖ​သည် အကျွန်ုပ်​တောင်းလျှောက်​သမျှ​ကို အစဉ်အမြဲ​နားဆင်တော်မူသည်​ကို အကျွန်ုပ်​သိပါ၏။ သို့ရာတွင် ယခု​ကဲ့သို့ တောင်းလျှောက်ရခြင်း​မှာ ဝန်းရံ​လျက်​ရှိသော ဤ​လူတို့​အတွက် ဖြစ်ပြီး အကျွန်ုပ်​ကို အဖ​စေလွှတ်တော်မူကြောင်း​ကို သူတို့​ယုံကြည်လာ​စေရန် ဖြစ်ပါသည်” ဟု မြွက်ဆိုတော်မူ၏။ 43ထိုသို့ မြွက်ဆိုတော်မူပြီး​မှ “လာဇရု ထွက်ခဲ့လော့” ဟု ကျယ်လောင်​စွာ ဟစ်ခေါ်တော်မူ၏။
44လာဇရု​သည်လည်း ခြေလက်တို့​၌ ပိတ်စ​ဖြင့် ရစ်ပတ်​လျက် မျက်နှာ​ကိုလည်း ပဝါ​နှင့် စည်းထားသည့်​အတိုင်း ထွက်လာ၏။ ယေရှု​က “သူ့​ကို ပတ်ထားသော​အဝတ်များ​ကို ဖြေပေး​၍ လွှတ်ကြလော့” ဟု မိန့်တော်မူ၏။
ယေရှု​ကို သတ်​ရန်​ကြံစည်ခြင်း
45ထိုအခါ မာရိ​ထံသို့ လာကြသည့် ဂျူးလူမျိုး​များစွာတို့​သည် ထို​အဖြစ်အပျက်​ကို တွေ့မြင်ကြ​သောအခါ ယေရှု​ကို ယုံကြည်လာကြ၏။ 46သို့ရာတွင် တချို့​က ဖာရိရှဲများ​ထံသို့ သွား​၍ ယေရှု​ပြုတော်မူသော ထို​အမှု​ကို ပြောပြကြ၏။ 47ထို့ကြောင့် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဖာရိရှဲများ​သည် တရားလွှတ်တော်​အစည်းအဝေး​ခေါ်​၍ “ငါတို့​မည်သို့​ပြုကြမည်နည်း။ ဤ​သူ​သည် နိမိတ်​လက္ခဏာ​များစွာ​ကို ပြ​လျက်​နေ၏။ 48ဤသို့ ခွင့်ပြုထား​လျှင် လူအပေါင်းတို့​သည် သူ့​ကို ယုံကြည်လာကြ​လိမ့်မည်။ ထိုအခါ ရောမတပ်​သည် လာ​၍ ငါတို့​၏​ဗိမာန်တော်#11:48 မူရင်း​ဂရိကျမ်း​တွင် “နေရာ” ဟု ဖော်ပြထားသည်။​နှင့် ငါတို့​တစ်မျိုးသားလုံး​ကို ဖျက်ဆီးပစ်ကြ​လိမ့်မည်” ဟု ပြောဆိုကြ၏။
49သူတို့​ထဲမှ ထို​နှစ်​တွင် ယဇ်ပုရောဟိတ်မင်း​ဖြစ်သော ကယာဖ​ဆိုသူ​က “သင်တို့​သည် မည်သည့်​အရာ​ကိုမျှ မသိကြ။ 50တစ်မျိုးသားလုံး သေကျေ​ပျက်စီးခြင်း​ထက် လူထု​ကိုယ်စား လူတစ်ဦး​တစ်ယောက် အသေခံခြင်း​သည် ပို​၍​ကောင်းသည်​ကို သင်တို့​မသိကြသလော” ဟု ဆို၏။
51ထိုသို့​ဆိုရာ​၌ ကယာဖ​သည် မိမိ​ကိုယ်ပိုင်​ဉာဏ်​ဖြင့် ဆိုသည်​မဟုတ်။ သူ​သည် ထို​နှစ်​အတွက် ယဇ်ပုရောဟိတ်မင်း​ဖြစ်သည်​နှင့်အညီ ဂျူး​တစ်မျိုးသားလုံး​အတွက် ယေရှု​အသေခံတော်မူမည့်​အကြောင်း​နှင့် 52ထို​ဂျူး​တစ်မျိုးသားလုံး​အတွက်​သာမက ကမ္ဘာ​အရပ်ရပ်​တွင် ပျံ့နှံ့​နေထိုင်ကြသော ဘုရားသခင်​၏​သားသမီးများ အားလုံး​ကိုလည်း ပေါင်းစည်း​စေရန်​အတွက်​ပါ အသေခံတော်မူမည့်​အကြောင်း​ကို ပရောဖက်ပြု​ဟောပြောခြင်း​ဖြစ်၏။ 53ထို​အချိန်​မှ​စ​၍ ဂျူးခေါင်းဆောင်တို့​သည် ယေရှု​ကို သတ်​ရန် ကြံစည်ကြ၏။ 54ထို့ကြောင့် ယေရှု​သည် ဂျူးလူမျိုးတို့​အကြား ထင်ရှားစွာ​မသွားလာတော့ဘဲ ထို​အရပ်​မှ ထွက်ခွာ​၍ တောကန္တာရ​အနီး ဧဖရိမ်​ဟု ခေါ်သော မြို့​သို့ ကြွ​၍ တပည့်တော်တို့​နှင့်အတူ နေတော်မူ၏။
55ဂျူးလူမျိုးတို့​၏ ပသခါပွဲတော် နီးလာ​သဖြင့် ကျေးရွာ​အသီးသီး​မှ လူများစွာတို့​သည် သန့်ရှင်းစင်ကြယ်ခြင်း​အမှု​ကို ပြု​ရန် ပွဲတော်​မစမီ ဂျေရုဆလင်မြို့​သို့ ကြိုတင်​ရောက်လာကြ၏။ 56ထို​သူတို့​သည် ယေရှု​ကို ရှာကြ၏။ ဗိမာန်တော်ဝင်း​အတွင်းသို့ ရောက်​သောအခါ “သင်တို့​မည်သို့ ထင်သနည်း။ သူ​သည် ဤ​ပွဲတော်​သို့ မလာဘဲ​နေမည်လော” ဟု အချင်းချင်း မေးမြန်းကြ၏။ 57ထို​အချိန်​တွင် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဖာရိရှဲများ​က ယေရှု​ကို ဖမ်းဆီး​နိုင်ရန်​အတွက် မည်သူမဆို ယေရှု​ကို တွေ့​လျှင် ချက်ချင်း​လာရောက် သတင်းပေးရမည်​ဟု အမိန့်ထုတ်ထားကြ၏။

လက်ရှိရွေးချယ်ထားမှု

ယောဟန် 11: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ