YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဟန် 13

13
တပည့်တော်တို့​၏ ခြေ​ကို ဆေးတော်မူခြင်း
1ထို​အချိန်​သည် ပသခါပွဲတော်​မတိုင်မီ​တစ်ရက် ဖြစ်၏။ ယေရှု​သည် ဤ​လောက​မှ ထွက်ခွာ​၍ မိမိ​၏​ခမည်းတော်​ထံသို့ ပြန်ကြွတော်မူ​ရမည့် အချိန်​ရောက်ပြီ​ဖြစ်ကြောင်း​ကို သိတော်မူ၏။ ကိုယ်တော်​သည် ဤ​လောက​၌ ရှိသော မိမိ​တပည့်တို့​ကို ချစ်တော်မူ၏။ သူတို့​ကို အဆုံး​တိုင်အောင် ချစ်တော်မူ၏။
2ကိုယ်တော်​နှင့် တပည့်တော်တို့​သည် ညစာ​စား​လျက်​နေကြ၏။ ထို​အချိန်​တွင် ရှိမုန်​ရှကာရုတ်​၏​သား ယုဒ​၏​စိတ်​၌ ယေရှု​ကို သစ္စာဖောက်​ရန် မာရ်နတ်​သည် လှုံ့ဆော်​ထားပြီး​ဖြစ်၏။ 3ယေရှု​သည် မိမိ​ထံ​၌ ခမည်းတော်​က အခွင့်အာဏာ​အားလုံး​ကို အပ်နှံထားသည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ ကြွလာ​၍ ဘုရားသခင်​ထံသို့ ပြန်ကြွတော့မည်​ကို​လည်းကောင်း သိတော်မူ၏။ 4ထို့ကြောင့် စားပွဲ​မှ ထ​၍ အပေါ်​ဝတ်ရုံတော်​ကို ချွတ်ပြီး​လျှင် ပဝါ​ကို ခါး​၌ စည်းတော်မူ၏။ 5ထို့နောက် ဇလုံ​တွင် ရေထည့်​၍ တပည့်တော်တို့​၏ ခြေ​ကို ဆေးကြောပေး​ပြီး​လျှင် ပဝါ​ဖြင့် သုတ်တော်မူ၏။
6ရှိမုန်​ပေတရု အလှည့်​ရောက်​သောအခါ ပေတရု​က “သခင်… ကိုယ်တော်​သည် အကျွန်ုပ်​၏ ခြေ​ကို ဆေးတော်မူမည်လော” ဟု မေးလျှောက်၏။
7ယေရှု​က “ငါ​ပြုသော​အမှု​ကို သင်​သည် ယခု​နားမလည်သေး​သော်လည်း နောင်​တွင် နားလည်​လိမ့်မည်” ဟု ဖြေတော်မူ၏။
8ပေတရု​က “အကျွန်ုပ်​၏ ခြေ​ကို မည်သည့်​အခါမျှ ဆေးတော်မမူပါနှင့်” ဟု ငြင်းဆန်လေ၏။
ယေရှု​ကလည်း “သင်​၏​ခြေ​ကို ငါ​မဆေးရ​လျှင် သင်​သည် ငါ့​နှင့်​မသက်ဆိုင်” ဟု မိန့်တော်မူ၏။
9ရှိမုန်​ပေတရု​က “သခင်… သို့ဖြစ်လျှင် အကျွန်ုပ်​၏ ခြေ​ကို​သာမက လက်​နှင့် ဦးခေါင်း​ကို​ပါ ဆေးတော်မူပါ” ဟု လျှောက်လေ၏။
10ယေရှု​က “ရေချိုး​ပြီးသောသူ​သည် တစ်ကိုယ်လုံး​စင်ကြယ်သည်​ဖြစ်၍ ခြေ​ကိုသာ ဆေး​ရန်​လို၏။ ယခု​မှာ သင်တို့​သည် စင်ကြယ်ကြ၏။ သို့ရာတွင် လူ​တိုင်း စင်ကြယ်သည်​မဟုတ်” ဟု မိန့်တော်မူ၏။ 11ကိုယ်တော်​သည် မိမိ​အား သစ္စာဖောက်မည့်​သူ​ကို သိတော်မူ​သောကြောင့် “လူ​တိုင်း စင်ကြယ်သည်​မဟုတ်” ဟု မိန့်တော်မူခြင်း​ဖြစ်၏။
12တပည့်တော်တို့​၏ ခြေ​ကို ဆေးတော်မူ​ပြီးနောက် ကိုယ်တော်​သည် မိမိ​၏​ဝတ်ရုံတော်​ကို ပြန်​ဝတ်​၍ စားပွဲ​တွင် ထိုင်တော်မူ​လျက်#13:12 မူရင်း​ဂရိကျမ်း​တွင် “လျောင်းတော်မူ” ဟု တွေ့ရှိရသည်။ ပထမ​ရာစု​အရှေ့အလယ်ပိုင်း​၌ အစာ​စားသုံးရာ​တွင် စားပွဲ​ရှေ့၌​ထိုင်​၍ စားသုံးလေ့​မရှိပါ။ ကြမ်းပြင်​ပေါ်၌ အခြား​တစ်ဦး​အပေါ် မှီလျောင်း​၍ စားပွဲ​ကို​ဦးတည်​ကာ စားသောက်လေ့​ရှိသည်။ “ငါ့​အပြုအမူ​ကို သင်တို့ နားလည်ကြသလော။ 13သင်တို့​သည် ငါ့​ကို ဆရာတော်​ဟူ၍​လည်းကောင်း၊ သခင်​ဟူ၍​လည်းကောင်း ခေါ်ဆိုကြ၏။ ငါ​သည် သင်တို့​ခေါ်ဆိုသည့်​အတိုင်း​ဖြစ်​သောကြောင့် ထိုသို့ ခေါ်ဆိုသည်​မှာ မှန်ကန်၏။ 14ငါ​သည် သင်တို့​၏​သခင်​လည်း ဖြစ်၏။ ဆရာ​လည်း ဖြစ်၏။ သို့ဖြစ်လျက်​ပင် ငါ​သည် သင်တို့​၏ ခြေ​ကို ဆေး​လျှင် သင်တို့​သည်လည်း အချင်းချင်းတို့​၏​ခြေ​ကို ဆေးကြရမည်။ 15ငါ​သည် သင်တို့​အတွက် စံနမူနာ​ကို ငါ​ပြခဲ့ပြီ။ သင်တို့​ကို ငါ​ပြု​သကဲ့သို့ သင်တို့​အချင်းချင်း​သည်လည်း ပြုကြ​ရမည်။ 16သင်တို့​အား ငါ​အမှန်​ဆို၏။ ကျွန်​သည် သခင်​ထက် သာ​၍ ကြီးမြတ်သည်​မဟုတ်။ အစေလွှတ်ခံ​သည်လည်း စေလွှတ်သူ​ထက် သာ​၍ ကြီးမြတ်သည်​မဟုတ်။ 17ဤ​အရာများ​ကို သင်တို့ ယခု​သိကြပြီ။ သိသည့်​အတိုင်း ကျင့်သုံး​လျှင် မင်္ဂလာ​ရှိကြ၏။
သစ္စာဖောက်ခြင်း​ခံရမည့်​အကြောင်း ကြိုတင်​ဟောတော်မူခြင်း
18သင်တို့​အားလုံး​ကို ရည်ညွှန်း​၍ ငါ​ပြောသည်​မဟုတ်။ ငါ​ရွေးချယ်ထားသော​သူတို့​ကို ငါ​သိ၏။ သို့ရာတွင် ‘ငါ​နှင့်အတူ လက်ဆုံ​စားသောသူ​သည် ငါ့​ကို ပုန်ကန်လေပြီ#13:18 “ပုန်ကန်လေပြီ” မူရင်း​ဂရိကျမ်း​တွင် “ငါ့​ကို ဖနောင့်​နှင့် ရွယ်လေပြီ” ဟု ပါရှိသည်။#13:18 ဆာ ၄၁:၉။ ဟု ကျမ်းစာ​တွင် ဖော်ပြထားသည့်​အတိုင်း ဖြစ်လာ​ရမည်။ 19ထို​အတိုင်း ဖြစ်လာ​သောအခါ ငါ​သည် ခရစ်တော်​ဖြစ်ကြောင်း​ကို သင်တို့​ယုံကြည်လာ​စေရန် ထို​အရာ​မဖြစ်ပျက်မီ ယခု​အချိန်​ကပင် သင်တို့​ကို ကြိုတင်​၍ ငါ​ပြောနှင့်ပြီ။ 20သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ အစေလွှတ်ခံ​ကို လက်ခံကြိုဆိုသောသူ​သည် ငါ့​ကို လက်ခံကြိုဆို၏။ ငါ့​ကို လက်ခံကြိုဆိုသောသူ​သည်လည်း ငါ့​ကို စေလွှတ်သော ခမည်းတော်​ကို လက်ခံကြိုဆို၏” ဟု မိန့်တော်မူ၏။
21ဤ​အကြောင်းအရာများ​ကို ပြောဆို​ပြီးနောက် ယေရှု​သည် အလွန်​စိတ်ပူပန်တော်မူ​လျက် “သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​အထဲမှ တစ်ယောက်​သည် ငါ့​ကို သစ္စာဖောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။
22မည်သူ​ကို ရည်ညွှန်း​၍ မိန့်တော်မူသည်​ကို တပည့်တော်တို့​သည် တွေးတော​လျက် အချင်းချင်း​တစ်ဦး​ကို​တစ်ဦး ကြည့်ကြ၏။ 23ယေရှု​ချစ်တော်မူသော​တပည့်တော်​သည် ကိုယ်တော်​၏​နံဘေး​၌ မှီ​လျက်​နေ၏။ 24ထို့ကြောင့် ရှိမုန်​ပေတရု​က ထို​တပည့်တော်​ကို မျက်ရိပ်ပြ​၍ “သခင်​သည် မည်သူ​ကို ရည်ညွှန်းတော်မူသနည်း” ဟု မေးလျှောက်​စေ၏။ 25ထို​တပည့်တော်​သည် ယေရှု​ပေါ်​သို့ မှီ​၍ “သခင်… ထို​သူ​သည် မည်သူနည်း” ဟု မေးလျှောက်၏။
26ယေရှု​က “ဤ​မုန့်တစ်ဖဲ့​ကို ပန်းကန်​တွင် ငါ​နှစ်​၍ ပေးမည့်သူ​သည် ထို​သူ​ဖြစ်သည်” ဟု ဖြေတော်မူ၏။ ထို့နောက် ယေရှု​သည် မုန့်တစ်ဖဲ့​ကို ပန်းကန်​တွင် နှစ်​၍ ရှိမုန်​ရှကာရုတ်​၏​သား ယုဒ​အား ပေးတော်မူ၏။ 27ယုဒ​သည် ထို​မုန့်​ကို စားပြီး​သောအခါ စာတန်​သည် သူ​၏​စိတ်​ထဲသို့ ဝင်လေ၏။ ထိုအခါ ယေရှု​က “သင်​ပြုရမည့်​အမှု​ကို အလျင်အမြန်​ပြုလော့” ဟု သူ့​ကို မိန့်တော်မူ၏။ 28အဘယ်ကြောင့် ယုဒ​အား ထိုသို့​မိန့်တော်မူသည်​ကို စားပွဲ​တွင် ထိုင်နေကြသော​သူတို့​တွင် မည်သူမျှ​မသိကြ။ 29ယုဒ​သည် ငွေ​ကို စီမံရသူ​ဖြစ်သောကြောင့် ပွဲတော်​အတွက် လိုအပ်သော​အရာများ​ကို ဝယ်ယူ​ရန် သို့မဟုတ် ဆင်းရဲသားများ​ကို ငွေ​လှူဒါန်း​ရန် ယေရှု​စေခိုင်းတော်မူသည်​ဟူ၍ တပည့်တော်​တချို့​က ထင်မှတ်ကြ၏။ 30မုန့်တစ်ဖဲ့​ကို စားပြီး​လျှင် ယုဒ​သည် ချက်ချင်း​ထွက်သွားလေ၏။ သူ​ထွက်သွားသော​အချိန်​သည် ည​အချိန်​ဖြစ်၏။
ပေတရု​ငြင်းဆိုမည့်​အကြောင်း ကြိုတင်​ဟောတော်မူခြင်း
31ယုဒ​ထွက်သွား​ပြီးနောက် ယေရှု​က “လူသား#13:31 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ဘုန်းတော်​ထင်ရှားမည့် အချိန် ယခု​ကျရောက်ပြီ။ ဘုရားသခင်​သည်လည်း လူသား​အားဖြင့် ဘုန်းထင်ရှားတော်မူ​လိမ့်မည်။ 32ဘုရားသခင်​သည် လူသား​အားဖြင့် ဘုန်းထင်ရှားတော်မူ​လျှင် ဘုရားသခင်​သည် ကိုယ်တိုင် လူသား​ကို ချက်ချင်း​ပင် ဘုန်းကြီး​စေတော်မူ​လိမ့်မည်။ 33ချစ်သားတို့… ငါ​သည် သင်တို့​နှင့်အတူ ခဏမျှ​သာ​နေရတော့မည်။ သင်တို့​သည် ငါ့​ကို ရှာကြ​လိမ့်မည်။ သို့ရာတွင် ‘ငါ​သွားမည့်​အရပ်​သို့ သင်တို့​လိုက်နိုင်ကြမည်​မဟုတ်’ ဟု ဂျူး​ဘာသာရေး​ခေါင်းဆောင်တို့​အား ငါ​ပြောနှင့်ခဲ့ပြီးသည့်​အတိုင်း သင်တို့​အား ယခု​ငါ​ပြော၏။ 34ထို့ကြောင့် ‘သင်တို့​သည် အချင်းချင်း​ချစ်ကြလော့။ ငါ​သည် သင်တို့​ကို ချစ်သည့်​နည်းတူ သင်တို့​သည်လည်း အချင်းချင်း​ချစ်ကြလော့’ ဟူသော ပညတ်​အသစ်​ကို သင်တို့​အား ငါ​ပေး၏။ 35သင်တို့​အချင်းချင်း​ချစ်ကြ​လျှင် လူအပေါင်းတို့​က ထို​ချစ်ခြင်းမေတ္တာ​ကို ထောက်​၍ သင်တို့​သည် ငါ့​တပည့်​ဖြစ်ကြောင်း​ကို သိကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။
36ရှိမုန်​ပေတရု​က “သခင်… အဘယ်​အရပ်​သို့ ကြွတော်မူမည်နည်း” ဟု မေးလျှောက်၏။
ယေရှု​က “ငါ​သွားရာ​အရပ်​သို့ ယခု​သင်​မလိုက်နိုင်။ နောက်မှ လိုက်ရ​လိမ့်မည်” ဟု ဖြေတော်မူ၏။
37ပေတရု​က “သခင်… အဘယ်ကြောင့် အကျွန်ုပ် ယခု​မလိုက်နိုင်ရပါသနည်း။ သခင့်​အတွက် အသက်စွန့်​ရန် အကျွန်ုပ်​အသင့်​ရှိနေပါသည်” ဟု လျှောက်၏။
38ယေရှု​က “ငါ့​အတွက် အသက်​စွန့်မည်လော။ သင့်​အား ငါ​အမှန်​ဆို၏။ ကြက်​မတွန်မီ သင်​သည် ငါ့​ကို မသိ​ဟု သုံးကြိမ်​တိုင်အောင် ငြင်းဆို​လိမ့်မည်” ဟု မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

ယောဟန် 13: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ