ယောဟန် 2
2
ကာနမြို့မှ မင်္ဂလာဆောင်ပွဲ
1သုံးရက်မြောက်သော နေ့တွင် ဂါလိလဲပြည်၊ ကာနမြို့၌ မင်္ဂလာဆောင်ပွဲတစ်ခု ကျင်းပလေ၏။ ယေရှု၏မယ်တော်သည် ထိုပွဲ၌ ရှိ၏။ 2ယေရှုနှင့် တပည့်တော်တို့သည်လည်း မင်္ဂလာပွဲသို့ ဖိတ်ကြားခြင်းခံရကြ၏။ 3ပွဲကျင်းပစဉ်အတွင်း စပျစ်ဝိုင်ကုန်သွားသဖြင့် ယေရှု၏မယ်တော်က “သူတို့၌ စပျစ်ဝိုင်မရှိတော့ပါ” ဟု ကိုယ်တော်အား ပြောလေ၏။
4ယေရှုက “မယ်တော်#2:4 မူရင်းဂရိကျမ်းတွင် “အို အမျိုးသမီး” ဟု တွေ့ရှိရသည်။ ၎င်းသည် ယေရှုက အမျိုးသမီးများကို ရည်ညွှန်းပြောဆိုရာတွင် ယဉ်ကျေးစွာပြောဆိုလေ့ရှိသောအသုံးအနှုန်းဖြစ်သည်။… မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကျွန်ုပ်အား မပြောပါနှင့်။ ကျွန်ုပ် လုပ်ဆောင်ရန် အချိန်မကျသေးပါ” ဟု မိန့်တော်မူ၏။
5ထိုအခါ မယ်တော်က အစေခံများအား “သူစေခိုင်းသမျှကို လုပ်ဆောင်ကြပါ” ဟု မှာထား၏။
6ထိုနေရာ၌ ဂျူးဘာသာဝင်တို့ဓလေ့ထုံးတမ်းအရ ဆေးကြောသန့်စင်ခြင်းကိုပြုလုပ်ရန် ထားသော ဂါလန်နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်#2:6 မူရင်းဂရိကျမ်းတွင် “၂ မဲရှား၊ သို့မဟုတ် ၃ မဲရှား” ဟု ဖော်ပြထားသည်။စီ ဝင်ဆံ့သည့် ကျောက်ရေအိုးခြောက်လုံးရှိ၏။ 7ယေရှုက “ဤအိုးများကို ရေဖြည့်ကြလော့” ဟု အစေခံတို့အား မိန့်တော်မူ၏။ ထိုအခါ သူတို့သည် လျှံကျမတတ်ဖြည့်ကြ၏။ 8ရေပြည့်သောအခါ ယေရှုက “အနည်းငယ်ကို ခပ်ယူ၍ ပွဲအုပ်ထံသို့ ယူသွားကြလော့” ဟု မိန့်တော်မူ၏။ သူတို့သည်လည်း ပွဲအုပ်ထံသို့ ယူသွားကြ၏။
9ပွဲအုပ်သည် စပျစ်ဝိုင်အဖြစ်ပြောင်းလဲသွားသော ရေကို မြည်းစမ်းကြည့်၏။ အစေခံများသည် စပျစ်ဝိုင်ကို အဘယ်မှရကြောင်း သိကြသော်လည်း ပွဲအုပ်သည် မသိ။ ထို့ကြောင့် သူသည် သတို့သားကို ခေါ်၍ 10“လူတိုင်းသည် ကောင်းသောစပျစ်ဝိုင်ဖြင့် ဦးစွာဧည့်ခံပြီး လူတို့သောက်၍ ယစ်မူးသောအခါ၌သာ အရည်အသွေးညံ့သော စပျစ်ဝိုင်ဖြင့် ဧည့်ခံလေ့ရှိ၏။ သင်ကမူ ကောင်းသောစပျစ်ဝိုင်ကို ယခုထိတိုင် သိမ်းထားပါပြီ” ဟု ဆို၏။
11ဤသို့ဖြင့် ယေရှုသည် ပထမဦးဆုံးသောနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြုတော်မူလျက် မိမိဘုန်းတော်ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်ကြ၏။
12ထို့နောက် ကိုယ်တော်သည် မယ်တော်၊ ညီတော်များ၊ တပည့်တော်များနှင့်အတူ ကပေရနောင်မြို့သို့ ကြွ၍ ရက်အနည်းငယ် နေတော်မူ၏။
ဗိမာန်တော်ကို ရှင်းလင်းတော်မူခြင်း
13ဂျူးလူမျိုးတို့၏ ပသခါပွဲတော် နီးလာသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူ၏။ 14ဗိမာန်တော်ဝင်းအတွင်း၌ ဈေးသည်များက ယဇ်ပူဇော်ရန်အတွက် သိုး၊ နွား၊ ချိုးငှက်များ ရောင်းဝယ်လျက်ရှိသည်ကိုလည်းကောင်း၊ ငွေလဲလှယ်သူတို့ ထိုင်လျက်ရှိသည်ကိုလည်းကောင်း မြင်တော်မူ၏။ 15ထိုအခါ ယေရှုသည် ကြိုးဖြင့် ကျာပွတ်တစ်ချောင်းကို ပြုလုပ်၍ ထိုသူတို့ကိုလည်းကောင်း၊ သိုး၊ နွားများကိုလည်းကောင်း ဗိမာန်တော် အတွင်းမှ မောင်းထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏ ငွေများကိုလည်း သွန်ချ၍ ငွေတင်ခုံများကို မှောက်လှန်တော်မူ၏။ 16ယေရှုက ချိုးငှက်ရောင်းသူတို့အား “ဤအရာများကို ယူသွားကြ။ ငါ့အဖအိမ်တော်ကို ဈေးမဖြစ်စေနှင့်” ဟု မိန့်တော်မူ၏။
17ထိုအခါ တပည့်တော်တို့သည် “ဘုရားသခင်၏ အိမ်တော်ကို စွဲလမ်းစိတ်ပြင်းပြခြင်းသည် အကျွန်ုပ်ကို လောင်ကျွမ်းစေပါလိမ့်မည်”#2:17 ဆာ ၆၉:၉။ ဟူသော ကျမ်းစကားကို သတိရကြ၏။
18ဂျူးခေါင်းဆောင်တို့က “ဤအခွင့်ကို ဘုရားသခင်ထံမှ ရသည်မှန်လျှင် မည်သည့်နိမိတ်လက္ခဏာအားဖြင့် ငါတို့အား သက်သေပြမည်နည်း” ဟု ဆိုကြ၏။
19ယေရှုက “ဤဗိမာန်တော်ကို ဖြိုဖျက်လော့။ သုံးရက်အတွင်း ငါပြန်လည်တည်ဆောက်မည်” ဟု မိန့်တော်မူ၏။
20ထိုအခါ ဂျူးခေါင်းဆောင်တို့က “ဤဗိမာန်တော်ကို နှစ်ပေါင်းလေးဆယ့်ခြောက်နှစ်ပတ်လုံး တည်ဆောက်ခဲ့ရ၏။ သင်သည် သုံးရက်အတွင်း တည်ဆောက်မည်လော” ဟု ဆိုကြ၏။ 21သို့ရာတွင် ကိုယ်တော်သည် မိမိကိုယ်ခန္ဓာဖြစ်သည့် ဗိမာန်ကို ရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ 22ထို့ကြောင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် တပည့်တော်တို့သည် ထိုစကားတော်ကို သတိရကြ၍ ကျမ်းစာတော်နှင့် ယေရှုမိန့်တော်မူခဲ့သည့် စကားတော်တို့ကို ယုံကြည်ကြ၏။
23ဂျေရုဆလင်မြို့ ပသခါပွဲတော်အတွင်း ကိုယ်တော်ပြုတော်မူသော နိမိတ်လက္ခဏာများကို မြင်တွေ့သောကြောင့် လူများစွာတို့သည် ကိုယ်တော်ကို ယုံကြည်လာကြ၏။ 24သို့သော် ယေရှုသည် လူ့သဘောသဘာဝကို သိတော်မူသဖြင့် ထိုသူတို့ကို ယုံကြည်စိတ်ချတော်မမူပေ။ 25ထိုသို့ လူ့အတွင်းသဘောကို သိတော်မူသောကြောင့် ကိုယ်တော်အား လူ့အကြောင်းကို မည်သူကမျှ ပြောပြရန် မလိုပေ။
လက်ရှိရွေးချယ်ထားမှု
ယောဟန် 2: BCB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.