13
နောင်တရရန် ခေါ်ဖိတ်တော်မူခြင်း
1ထိုအချိန်၌ပင် လူတချို့သည် ယေရှုထံတော်သို့ လာ၍ ပိလတ်မင်းသည် ဂါလိလဲပြည်သားတချို့ကို သတ်၍ ထိုသူတို့၏သွေးကို သူတို့ပူဇော်သောယဇ်များနှင့် ရောနှောကြောင်း ပြောပြကြ၏။ 2ထိုအခါ ယေရှုက “ဤဂါလိလဲပြည်သားတို့သည် အခြားဂါလိလဲပြည်သားတို့ထက် ပို၍ အပြစ်များသောကြောင့် ယခုကဲ့သို့ခံရသည်ဟု သင်တို့ထင်သလော။ 3ထိုသို့မဟုတ်ပါ။ သင်တို့အား ငါပြောဆိုသည်မှာ သင်တို့သည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်။ 4ထို့ပြင် ရှိလောင်မျှော်စင်လဲပြိုသောကြောင့် ပိ၍ သေဆုံးသောလူဆယ့်ရှစ်ဦးသည် ဂျေရုဆလင်မြို့ရှိ အခြားလူများထက် ပို၍ အပြစ်ကြီးသည်ဟု ထင်ကြသလော။ 5ထိုသို့မဟုတ်ပါ။ သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူ ပျက်စီးကြလိမ့်မည်” ဟု မိန့်တော်မူ၏။
အသီးမသီးသည့် သဖန်းပင်ပုံဥပမာ
6ထို့နောက် ယေရှုသည် ပုံဥပမာတစ်ခုကို မိန့်တော်မူ၏။ ကိုယ်တော်က “လူတစ်ဦးတွင် သူ၏စပျစ်ခြံ၌ စိုက်ပျိုးထားသောသဖန်းပင်တစ်ပင် ရှိ၏။ သူသည် လာ၍ အပင်၌ အသီးကိုရှာသော်လည်း အဘယ်အသီးကိုမျှ မတွေ့။ 7ထို့ကြောင့် ခြံစောင့်လုပ်သားအား ‘ကြည့်လော့။ ငါသည် သုံးနှစ်တိုင်တိုင် ဤသဖန်းပင်မှ အသီးကို လာ၍ ရှာသော်လည်း အသီးတစ်လုံးမျှမသီး။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို အကျိုးမဲ့ဖြစ်စေမည်နည်း’ ဟု ဆို၏။
8ခြံစောင့်လုပ်သားက ‘ဆရာ… ဤအပင်ကို ယခုတစ်နှစ်တော့ရှိစေပါ။ ကျွန်ုပ်သည် အပင်ပတ်လည်ကို တူးဆွကာ မြေသြဇာထည့်၍ ပြုစုပါမည်။ 9ဤသို့ပြုလျှင် နောက်နှစ်တွင် အသီး သီးကောင်းသီးပါလိမ့်မည်။ အကယ်၍ အသီးမသီးလျှင်ခုတ်ပစ်ပါ’ ဟု တောင်းဆိုလေသည်” ဟု မိန့်တော်မူ၏။
ဥပုသ်နေ့၌ ကျန်းမာစေတော်မူခြင်း
10ဥပုသ်နေ့တစ်နေ့၌ ယေရှုသည် ဝတ်ပြုဆောင်တွင် ဆုံးမသြဝါဒပေးလျက်နေတော်မူ၏။ 11ထိုနေရာ၌ ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုးကြောင့် မသန်စွမ်းဖြစ်နေသော အမျိုးသမီးတစ်ဦး ရှိလေ၏။ ထိုအမျိုးသမီးသည် ခါးကိုင်း၍ မိမိကိုယ်ခန္ဓာကို မတ်မတ်မဆန့်နိုင်ဘဲရှိ၏။ 12ယေရှုသည် သူ့ကို မြင်တော်မူလျှင် မိမိထံသို့ ခေါ်၍ “အို အမျိုးသမီး… သင့်ရောဂါ ပျောက်ပြီ” ဟု မိန့်လျက် 13ထိုအမျိုးသမီးအပေါ်၌ လက်တော်ကိုတင်တော်မူ၏။ ထိုအခါ အမျိုးသမီးသည် ချက်ချင်းပင် တည့်မတ်စွာရပ်နိုင်သဖြင့် ဘုရားသခင်အား ချီးမွမ်းလေ၏။
14ထိုအခါ ဥပုသ်နေ့တွင် ထိုအမျိုးသမီးအား ယေရှုကျန်းမာစေသောကြောင့် ဝတ်ပြုဆောင်မှူးသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရန် ခြောက်ရက်ရှိသည် ဖြစ်၍ ဥပုသ်နေ့တွင် မဟုတ်ဘဲ ကျန်သည့်နေ့များတွင် ကုသမှုခံယူရန်လာကြလော့” ဟု ပရိသတ်များကို ပြောလေ၏။
15သို့သော် သခင်ဘုရားက “သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့ရှိသမျှသည် ဥပုသ်နေ့တွင် သင်၏နွား၊ မြည်းများကို တင်းကုပ်ထဲမှ ကြိုးဖြေ၍ ရေတိုက်ရန် ခေါ်ဆောင်ကြသည်မဟုတ်ပါလော။ 16သို့ဖြစ်လျှင် ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုး၏ချည်နှောင်ထားခြင်းခံရသည့် အာဗြဟံ၏မျိုးဆက်ဖြစ်သော ဤအမျိုးသမီးသည် ဥပုသ်နေ့တွင် လွတ်ခွင့်မရသင့်သလော” ဟု မိန့်တော်မူ၏။
17ဤသို့မိန့်တော်မူသောအခါ ယေရှုကို ဆန့်ကျင်သူတို့သည် အရှက်ရကြ၏။ သို့သော် အခြားသောလူထုပရိသတ်တစ်ရပ်လုံးသည် ယေရှုလုပ်ဆောင်သော အံ့ဖွယ်အမှုများကြောင့် ဝမ်းမြောက်လျက်ရှိကြ၏။
မုန်ညင်းစေ့ ပုံဥပမာ
18ထို့နောက် ယေရှုက “ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း။ အဘယ်အရာနှင့် နှိုင်းယှဉ်ရမည်နည်းဟု ဆိုသော် 19သေးငယ်သော မုန်ညင်းစေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ ခြံ၌စိုက်သော် ထိုအစေ့သည် အပင်ပေါက်၍ ကြီးထွားသဖြင့် ထိုအပင်၏အကိုင်းအခက်တို့တွင် ငှက်တို့သည် အသိုက်ဆောက်ကြ၏” ဟု မိန့်တော်မူ၏။
တဆေး ပုံဥပမာ
20တစ်ဖန် ယေရှုက “ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အရာနှင့် တူသနည်းဟု ဆိုသော် 21တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ဂျုံမှုန့်သုံးတင်းထဲသို့ တဆေးအနည်းငယ်ကိုယူ၍ ထည့်သဖြင့် မုန့်အားလုံးကို ဖောင်းကြွစေ၏” ဟု မိန့်တော်မူ၏။
ကျဉ်းမြောင်းသောတံခါးဝ
22ထို့နောက် ယေရှုသည် ဂျေရုဆလင်မြို့သို့ ခရီးသွားတော်မူရာလမ်းတွင် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာသို့ လှည့်လည်၍ ဆုံးမသွန်သင်တော်မူ၏။ 23လူတစ်ဦးက “သခင်… ကယ်တင်ခြင်းခံရသူမှာ လူနည်းစုသာဖြစ်ပါသလော” ဟု မေးသော် 24ယေရှုက “ကျဉ်းမြောင်းသောတံခါးကို ဝင်နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့အား ငါပြောဆိုသည်မှာ များစွာသောလူတို့သည် ဝင်နိုင်ရန် ကြိုးပမ်းကြသော်လည်း မတတ်နိုင်ကြပေ။ 25အိမ်ရှင်သည် ထ၍ တံခါးကိုပိတ်သောအခါ သင်တို့သည် အိမ်အပြင်၌ ရပ်၍ တံခါးကို ခေါက်လျက် ‘သခင်… ကျွန်ုပ်တို့အား တံခါးဖွင့်ပေးပါ’ ဟု တောင်းပန်မည်။ သို့သော် အိမ်ရှင်က ‘သင်တို့သည် အဘယ်ကလာသည်ကို ငါမသိ’ ဟု ပြန်ဖြေလိမ့်မည်။ 26ထိုအခါ သင်တို့ကလည်း ‘ကျွန်ုပ်တို့သည် သခင်နှင့်အတူ စားသောက်ခဲ့ကြပြီး လမ်းများပေါ်၌ သခင်၏သွန်သင်မှုကို ခံယူခဲ့ကြရပါသည်’ ဟု ပြန်၍ လျှောက်ကြလိမ့်မည်။ 27ထိုအခါ သခင်က ‘သင်တို့ အဘယ်ကလာသည်ကို ငါမသိ။ အို ဆိုးသွမ်းသောသူအပေါင်းတို့… ငါ့ထံမှ ထွက်သွားကြ’ ဟု ပြန်ပြောလိမ့်မည်။
28အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပရောဖက် အားလုံးတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ ရှိနေသည်ကို မြင်ရသော်လည်း သင်တို့သည် အပြင်သို့ နှင်ထုတ်ခြင်းခံရကြမည်။ ထိုနေရာ၌ သင်တို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်။ 29ကမ္ဘာတစ်ဝန်းလုံးရှိ လူအပေါင်းတို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်မှ ရောက်လာကြ၍ ဘုရားသခင်၏နိုင်ငံတော်ထဲ၌ စားသောက်ကြလိမ့်မည်။ 30ထိုအခါ ယခု အကြီးမြတ်ဆုံးသောသူတို့သည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူများသည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ဂျေရုဆလင်မြို့အတွက် ဝမ်းနည်းပူဆွေးတော်မူခြင်း
31ထိုအချိန်တွင် ဖာရိရှဲ#13:31 ဂျူးဓလေ့ထုံးတမ်းနှင့် ဥပဒေစည်းကမ်းကို တင်းကျပ်စွာ လိုက်နာသည့် ဂျူးဘာသာရေးခေါင်းဆောင်များ။တချို့သည် ယေရှုထံတော်သို့ လာ၍ “ဤနေရာမှ ထွက်သွားပါလော့။ ဟေရုဒ်သည် သင့်ကို သတ်ရန် ကြံစည်လျက်ရှိသည်” ဟု လျှောက်ကြ၏။
32ယေရှုက “ထိုမြေခွေးကို သွား၍ ပြောလော့။ ‘ငါသည် ယနေ့နှင့် မနက်ဖြန် နတ်ဆိုးများကို နှင်ထုတ်၍ လူနာများကို ကျန်းမာစေလျက်ရှိမည်။ သုံးရက်မြောက်နေ့တွင် ငါ၏အမှုကို ပြီးစီးစေမည်။ 33သို့သော်လည်း ငါသည် ယနေ့၊ မနက်ဖြန်နှင့် နောက်တစ်နေ့တွင် ခရီးဆက်သွားရမည်။ အဘယ်ကြောင့်ဆိုသော် ပရောဖက်သည် ဂျေရုဆလင်မြို့မှလွဲ၍ အခြားနေရာ၌ အသေခံရန်မဖြစ်နိုင်သောကြောင့် ဖြစ်၏’ 34အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်သည် ပရောဖက်များကို သတ်၍ သင့်ထံသို့ ဘုရားသခင်စေလွှတ်တော်မူသော တမန်တော်များကို ကျောက်ခဲနှင့် ပေါက်သတ်၏။ ကြက်မသည် ကြက်ကလေးများကို သူ၏တောင်ပံအောက်၌ အုပ်၍ ကာကွယ်သကဲ့သို့ သင်၏သားသမီးတို့ကို စုစည်းစေရန် အကြိမ်ကြိမ် ငါအလိုရှိ၏။ သို့သော်လည်း သင်သည် ထိုသို့ အလိုမရှိ။ 35ကြည့်လော့။ သင်တို့အိမ်သည် စွန့်ပစ်ထားခြင်းခံရလိမ့်မည်။ သင်တို့အား ငါပြောဆိုသည်မှာ ‘ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော’#13:35 ဆာ ၁၁၈:၂၆။ ဟူ၍ သင်တို့မကြွေးကြော်မီအထိ သင်တို့သည် ငါ့ကို မည်သည့်အခါမျှ မြင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။