YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 13

13
နောင်တရ​ရန် ခေါ်ဖိတ်တော်မူခြင်း
1ထို​အချိန်​၌​ပင် လူ​တချို့​သည် ယေရှု​ထံတော်သို့ လာ​၍ ပိလတ်မင်း​သည် ဂါလိလဲပြည်သား​တချို့​ကို သတ်​၍ ထို​သူတို့​၏​သွေး​ကို သူတို့​ပူဇော်​သော​ယဇ်များ​နှင့် ရောနှောကြောင်း ပြောပြကြ၏။ 2ထိုအခါ ယေရှု​က “ဤ​ဂါလိလဲပြည်သားတို့​သည် အခြား​ဂါလိလဲပြည်သားတို့​ထက် ပို၍ အပြစ်များ​သောကြောင့် ယခု​ကဲ့သို့​ခံရသည်​ဟု သင်တို့​ထင်သလော။ 3ထိုသို့​မဟုတ်ပါ။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​သည်လည်း နောင်တ​မရ​လျှင် ထို​နည်းတူ​ပျက်စီးကြ​လိမ့်မည်။ 4ထို့ပြင် ရှိလောင်​မျှော်စင်​လဲပြို​သောကြောင့် ပိ​၍ သေဆုံးသော​လူ​ဆယ့်ရှစ်ဦး​သည် ဂျေရုဆလင်မြို့​ရှိ အခြား​လူများ​ထက် ပို၍ အပြစ်​ကြီးသည်​ဟု ထင်ကြသလော။ 5ထိုသို့​မဟုတ်ပါ။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​အားလုံး​သည်လည်း နောင်တ​မရ​လျှင် ထို​နည်းတူ ပျက်စီးကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။
အသီးမသီး​သည့် သဖန်းပင်​ပုံဥပမာ
6ထို့နောက် ယေရှု​သည် ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူ၏။ ကိုယ်တော်​က “လူ​တစ်ဦး​တွင် သူ​၏​စပျစ်ခြံ​၌ စိုက်ပျိုးထားသော​သဖန်းပင်​တစ်ပင် ရှိ၏။ သူ​သည် လာ​၍ အပင်​၌ အသီး​ကို​ရှာ​သော်လည်း အဘယ်​အသီး​ကိုမျှ မတွေ့။ 7ထို့ကြောင့် ခြံစောင့်လုပ်သား​အား ‘ကြည့်လော့။ ငါ​သည် သုံးနှစ်​တိုင်တိုင် ဤ​သဖန်းပင်​မှ အသီး​ကို လာ​၍ ရှာ​သော်လည်း အသီး​တစ်လုံး​မျှ​မသီး။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေ​ကို အကျိုးမဲ့​ဖြစ်စေမည်နည်း’ ဟု ဆို၏။
8ခြံစောင့်လုပ်သား​က ‘ဆရာ… ဤ​အပင်​ကို ယခု​တစ်နှစ်​တော့​ရှိစေပါ။ ကျွန်ုပ်​သည် အပင်​ပတ်လည်​ကို တူးဆွ​ကာ မြေသြဇာ​ထည့်​၍ ပြုစုပါမည်။ 9ဤသို့​ပြုလျှင် နောက်​နှစ်​တွင် အသီး သီးကောင်း​သီးပါ​လိမ့်မည်။ အကယ်၍ အသီး​မသီး​လျှင်​ခုတ်ပစ်ပါ’ ဟု တောင်းဆိုလေသည်” ဟု မိန့်တော်မူ၏။
ဥပုသ်နေ့​၌ ကျန်းမာစေတော်မူခြင်း
10ဥပုသ်နေ့​တစ်နေ့​၌ ယေရှု​သည် ဝတ်ပြုဆောင်​တွင် ဆုံးမသြဝါဒ​ပေး​လျက်​နေတော်မူ၏။ 11ထို​နေရာ​၌ ဆယ့်ရှစ်နှစ်​ပတ်လုံး နတ်ဆိုး​ကြောင့် မသန်စွမ်း​ဖြစ်နေသော အမျိုးသမီး​တစ်ဦး ရှိလေ၏။ ထို​အမျိုးသမီး​သည် ခါးကိုင်း​၍ မိမိ​ကိုယ်ခန္ဓာ​ကို မတ်မတ်​မဆန့်နိုင်ဘဲ​ရှိ၏။ 12ယေရှု​သည် သူ့​ကို မြင်တော်မူ​လျှင် မိမိ​ထံသို့ ခေါ်​၍ “အို အမျိုးသမီး… သင့်​ရောဂါ ပျောက်ပြီ” ဟု မိန့်​လျက် 13ထို​အမျိုးသမီး​အပေါ်​၌ လက်တော်​ကို​တင်တော်မူ၏။ ထိုအခါ အမျိုးသမီး​သည် ချက်ချင်း​ပင် တည့်မတ်စွာ​ရပ်နိုင်​သဖြင့် ဘုရားသခင်​အား ချီးမွမ်းလေ၏။
14ထိုအခါ ဥပုသ်နေ့​တွင် ထို​အမျိုးသမီး​အား ယေရှု​ကျန်းမာစေ​သောကြောင့် ဝတ်ပြုဆောင်မှူး​သည် စိတ်ဆိုး​လျက် “အလုပ်လုပ်​ရန် ခြောက်ရက်​ရှိသည် ဖြစ်​၍ ဥပုသ်နေ့​တွင် မဟုတ်ဘဲ ကျန်သည့်​နေ့များ​တွင် ကုသမှု​ခံယူ​ရန်​လာကြလော့” ဟု ပရိသတ်များ​ကို ပြောလေ၏။
15သို့သော် သခင်ဘုရား​က “သူတော်ကောင်း​ယောင်ဆောင်သူတို့… သင်တို့​ရှိသမျှ​သည် ဥပုသ်နေ့​တွင် သင်​၏​နွား၊ မြည်းများ​ကို တင်းကုပ်​ထဲမှ ကြိုးဖြေ​၍ ရေတိုက်​ရန် ခေါ်ဆောင်ကြသည်​မဟုတ်ပါလော။ 16သို့ဖြစ်လျှင် ဆယ့်ရှစ်နှစ်​ပတ်လုံး နတ်ဆိုး​၏​ချည်နှောင်ထားခြင်း​ခံရသည့် အာဗြဟံ​၏​မျိုးဆက်​ဖြစ်သော ဤ​အမျိုးသမီး​သည် ဥပုသ်နေ့​တွင် လွတ်ခွင့်​မရသင့်​သလော” ဟု မိန့်တော်မူ၏။
17ဤသို့​မိန့်တော်မူ​သောအခါ ယေရှု​ကို ဆန့်ကျင်သူတို့​သည် အရှက်ရကြ၏။ သို့သော် အခြားသော​လူထုပရိသတ်​တစ်ရပ်လုံး​သည် ယေရှု​လုပ်ဆောင်သော အံ့ဖွယ်​အမှုများ​ကြောင့် ဝမ်းမြောက်​လျက်​ရှိကြ၏။
မုန်ညင်းစေ့ ပုံဥပမာ
18ထို့နောက် ယေရှု​က “ဘုရားသခင်​၏​နိုင်ငံတော်​သည် အဘယ်အရာ​နှင့် တူသနည်း။ အဘယ်​အရာ​နှင့် နှိုင်းယှဉ်ရမည်နည်း​ဟု ဆိုသော် 19သေးငယ်သော မုန်ညင်းစေ့​နှင့်​တူ၏။ လူတစ်ဦး​သည် ထို​အစေ့​ကို​ယူ​၍ ခြံ​၌​စိုက်သော် ထို​အစေ့​သည် အပင်ပေါက်​၍ ကြီးထွား​သဖြင့် ထို​အပင်​၏​အကိုင်းအခက်တို့​တွင် ငှက်တို့​သည် အသိုက်​ဆောက်ကြ၏” ဟု မိန့်တော်မူ၏။
တဆေး ပုံဥပမာ
20တစ်ဖန် ယေရှု​က “ဘုရားသခင်​၏​နိုင်ငံတော်​သည် မည်သည့်​အရာ​နှင့် တူသနည်း​ဟု ဆိုသော် 21တဆေး​နှင့်​တူ၏။ အမျိုးသမီး​တစ်ဦး​သည် ဂျုံမှုန့်​သုံးတင်း​ထဲသို့ တဆေး​အနည်းငယ်​ကို​ယူ၍ ထည့်​သဖြင့် မုန့်​အားလုံး​ကို ဖောင်းကြွစေ၏” ဟု မိန့်တော်မူ၏။
ကျဉ်းမြောင်းသော​တံခါးဝ
22ထို့နောက် ယေရှု​သည် ဂျေရုဆလင်မြို့​သို့ ခရီးသွားတော်မူရာ​လမ်းတွင် တစ်မြို့​မှ​တစ်မြို့၊ တစ်ရွာ​မှ​တစ်ရွာ​သို့ လှည့်လည်​၍ ဆုံးမသွန်သင်တော်မူ၏။ 23လူ​တစ်ဦး​က “သခင်… ကယ်တင်ခြင်း​ခံရသူ​မှာ လူနည်းစု​သာ​ဖြစ်ပါသလော” ဟု မေးသော် 24ယေရှု​က “ကျဉ်းမြောင်းသော​တံခါး​ကို ဝင်​နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ များစွာသော​လူတို့​သည် ဝင်​နိုင်ရန် ကြိုးပမ်းကြ​သော်လည်း မတတ်နိုင်ကြပေ။ 25အိမ်ရှင်​သည် ထ​၍ တံခါး​ကို​ပိတ်​သောအခါ သင်တို့​သည် အိမ်​အပြင်​၌ ရပ်​၍ တံခါး​ကို ခေါက်​လျက် ‘သခင်… ကျွန်ုပ်တို့​အား တံခါး​ဖွင့်ပေးပါ’ ဟု တောင်းပန်မည်။ သို့သော် အိမ်ရှင်​က ‘သင်တို့​သည် အဘယ်က​လာသည်​ကို ငါ​မသိ’ ဟု ပြန်ဖြေ​လိမ့်မည်။ 26ထိုအခါ သင်တို့​ကလည်း ‘ကျွန်ုပ်တို့​သည် သခင်​နှင့်အတူ စားသောက်ခဲ့ကြပြီး လမ်းများ​ပေါ်​၌ သခင်​၏​သွန်သင်မှု​ကို ခံယူခဲ့ကြရပါသည်’ ဟု ပြန်​၍ လျှောက်ကြ​လိမ့်မည်။ 27ထိုအခါ သခင်​က ‘သင်တို့ အဘယ်​က​လာသည်​ကို ငါ​မသိ။ အို ဆိုးသွမ်းသော​သူ​အပေါင်းတို့… ငါ့​ထံမှ ထွက်သွားကြ’ ဟု ပြန်ပြော​လိမ့်မည်။
28အာဗြဟံ၊ ဣဇာက်၊ ယာကုပ်​နှင့် ပရောဖက် အားလုံးတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ထဲ၌ ရှိနေသည်​ကို မြင်ရ​သော်လည်း သင်တို့​သည် အပြင်​သို့ နှင်ထုတ်ခြင်း​ခံရကြမည်။ ထို​နေရာ​၌ သင်တို့​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်။ 29ကမ္ဘာ​တစ်ဝန်းလုံး​ရှိ လူအပေါင်းတို့​သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်​မှ ရောက်လာကြ​၍ ဘုရားသခင်​၏​နိုင်ငံတော်​ထဲ​၌ စားသောက်ကြ​လိမ့်မည်။ 30ထိုအခါ ယခု အကြီးမြတ်ဆုံးသော​သူတို့​သည် အသေးနုပ်ဆုံး​ဖြစ်​လိမ့်မည်။ ယခု​အသေးနုပ်ဆုံးသော​သူများ​သည် အကြီးမြတ်ဆုံး​ဖြစ်​လိမ့်မည်” ဟု မိန့်တော်မူ၏။
ဂျေရုဆလင်မြို့​အတွက် ဝမ်းနည်းပူဆွေးတော်မူခြင်း
31ထို​အချိန်​တွင် ဖာရိရှဲ#13:31 ဂျူး​ဓလေ့ထုံးတမ်း​နှင့် ဥပဒေစည်းကမ်း​ကို တင်းကျပ်​စွာ လိုက်နာသည့် ဂျူး​ဘာသာရေးခေါင်းဆောင်များ။​တချို့​သည် ယေရှု​ထံတော်သို့ လာ​၍ “ဤ​နေရာ​မှ ထွက်သွားပါလော့။ ဟေရုဒ်​သည် သင့်​ကို သတ်​ရန် ကြံစည်​လျက်​ရှိသည်” ဟု လျှောက်ကြ၏။
32ယေရှု​က “ထို​မြေခွေး​ကို သွား​၍ ပြောလော့။ ‘ငါ​သည် ယနေ့​နှင့် မနက်ဖြန် နတ်ဆိုးများ​ကို နှင်ထုတ်​၍ လူနာများ​ကို ကျန်းမာစေ​လျက်​ရှိမည်။ သုံးရက်မြောက်​နေ့​တွင် ငါ​၏​အမှု​ကို ပြီးစီးစေမည်။ 33သို့သော်လည်း ငါ​သည် ယနေ့၊ မနက်ဖြန်​နှင့် နောက်​တစ်နေ့​တွင် ခရီး​ဆက်သွားရမည်။ အဘယ်ကြောင့်ဆိုသော် ပရောဖက်​သည် ဂျေရုဆလင်မြို့​မှလွဲ၍ အခြား​နေရာ​၌ အသေခံ​ရန်​မဖြစ်နိုင်​သောကြောင့် ဖြစ်၏’ 34အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်​သည် ပရောဖက်များ​ကို သတ်​၍ သင့်​ထံသို့ ဘုရားသခင်​စေလွှတ်တော်မူသော တမန်တော်များ​ကို ကျောက်ခဲ​နှင့် ပေါက်သတ်၏။ ကြက်မ​သည် ကြက်ကလေးများ​ကို သူ​၏​တောင်ပံ​အောက်​၌ အုပ်​၍ ကာကွယ်​သကဲ့သို့ သင်​၏​သားသမီးတို့​ကို စုစည်း​စေရန် အကြိမ်ကြိမ် ငါ​အလို​ရှိ၏။ သို့သော်လည်း သင်​သည် ထိုသို့ အလို​မရှိ။ 35ကြည့်လော့။ သင်တို့​အိမ်​သည် စွန့်ပစ်ထားခြင်း​ခံရ​လိမ့်မည်။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ ‘ထာဝရဘုရား​၏​အမည်​နာမ​နှင့် ကြွလာသော​အရှင်​သည် မင်္ဂလာ​ရှိပါစေသော’#13:35 ဆာ ၁၁၈:၂၆။ ဟူ၍ သင်တို့​မကြွေးကြော်​မီ​အထိ သင်တို့​သည် ငါ့​ကို မည်သည့်​အခါမျှ မြင်ရ​လိမ့်မည်​မဟုတ်” ဟု မိန့်တော်မူ၏။

လက်ရှိရွေးချယ်ထားမှု

လုကာ 13: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ