YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 2

2
ယေရှု​မွေးဖွားလာတော်မူခြင်း
1ထို​ကာလ​၌ ရောမ​ဘုရင် ဩဂတ်စ်တပ်စ်​ဆီဇာ​သည် တစ်နိုင်ငံလုံး​တွင် သန်းခေါင်စာရင်း​ကောက်ယူ​ရန် ကြေညာချက်​ထုတ်ပြန်၏။ 2ဤသို့ သန်းခေါင်စာရင်း​ကောက်ယူခြင်း​သည် ဆီးရီးယားပြည်၊ ဘုရင်ခံ​ကုရေနိမင်း​လက်ထက်​တွင် ပထမဆုံး​အကြိမ်​ဖြစ်၏။ 3လူ​အပေါင်းတို့​သည် သန်းခေါင်စာရင်း​သွင်း​ရန် မိမိတို့​၏​ဇာတိမြို့​အသီးသီး​သို့ ပြန်ကြ၏။ 4ယောသပ်​သည်လည်း ဒါဝိဒ်မင်း​အမျိုးအနွယ်​မှ ဆင်းသက်လာ​သူ​ဖြစ်​သောကြောင့် ဂါလိလဲပြည်​နာဇရက်မြို့​မှ ယုဒပြည်​ရှိ ဗက်လင်မြို့​ဟု ခေါ်သော ဒါဝိဒ်​၏​မြို့​သို့ သွားလေ၏။ 5ထိုသို့ စာရင်းသွင်း​ရန် သွားရာ​တွင် ယောသပ်​သည် မိမိ​နှင့် စေ့စပ်ကြောင်းလမ်းထားသူ​ဖြစ်သည့် ကိုယ်ဝန်​အရင့်အမာ​ရှိသော မာရိ​ကိုလည်း ခေါ်ဆောင်သွားလေ၏။
6ဗက်လင်မြို့​၌ သူတို့​ရှိနေကြ​စဉ် မာရိ​သည်​သားဖွား​ရန် နေ့လ​စေ့​သဖြင့် 7သားဦး​ကို မွေးဖွားလေ၏။ တည်းခိုခန်း​တွင် သူတို့​အတွက် တည်းခို​ရန် နေရာ​မရှိ​သောကြောင့် မာရိ​သည် သူငယ်​ကို အနှီး​နှင့်​ရစ်ပတ်​၍ နွားစားခွက်​၌ သိပ်ထားလေ၏။
သိုးထိန်းများ​နှင့် ကောင်းကင်တမန်များ
8ထို​အရပ်​ဒေသ​တွင် သိုးထိန်းများ​ရှိကြ၏။ သူတို့​သည် ညအခါ ကွင်းပြင်များ​၌ သိုးများ​ကို စောင့်နေကြ၏။ 9ထိုစဉ် ထာဝရဘုရား​၏​ကောင်းကင်တမန်​တစ်ပါး​သည် သူတို့​ရှေ့​၌ ပေါ်လာ​၍ ထာဝရဘုရား​၏​ဘုန်းရောင်ခြည်​သည် သူတို့​၏​ပတ်လည်​တွင် ထွန်းလင်း​သဖြင့် သူတို့​သည် အလွန် ကြောက်ရွံ့​တုန်လှုပ်ကြ၏။ 10ကောင်းကင်တမန်​က “မကြောက်ကြနှင့်။ ငါ​သည် လူသား​အားလုံး​အတွက် အလွန်​ဝမ်းမြောက်စရာ​သတင်းကောင်း​ကို သင်တို့​ထံသို့ ယူဆောင်လာ၏။ 11ယနေ့တွင် ဒါဝိဒ်​၏​မြို့​၌ သခင်​ခရစ်တော်#2:11 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏​အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​တည်းဟူသော ကယ်တင်ရှင်​သည် သင်တို့​အတွက် မွေးဖွားလာတော်မူပြီ။ 12မည်ကဲ့သို့​သိမြင်မည်​ဆိုလျှင် အနှီး​ဖြင့် ရစ်ပတ်ထား​၍ နွားစားခွက်​တွင် သိပ်ထားသော​သူငယ်​ကို သင်တို့​တွေ့ရ​လိမ့်မည်” ဟု ဆိုလေ၏။
13ထို​ခဏချင်း​တွင် ကောင်းကင်တမန်​နှင့်အတူ ကောင်းကင်ဗိုလ်ခြေ​များစွာတို့​သည် ပေါ်လာ​၍ ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်း​လျက်
14“အမြင့်ဆုံးသော​ကောင်းကင်ဘုံ​၌ ရှိတော်မူသော​ဘုရားသခင်​သည် ဘုန်းကြီးတော်မူပါစေ။
မြေကြီး​ပေါ်​၌ ဘုရားသခင်​နှစ်သက်တော်မူသော သူတို့​အပေါ်​တွင် ငြိမ်းချမ်းခြင်း​ရှိပါစေ”
ဟု ဆိုကြ၏။
15ကောင်းကင်တမန်များ​သည် ကောင်းကင်ဘုံ​သို့ ပြန်တက်သွားကြ​သောအခါ သိုးထိန်းများ​က “ငါတို့​သည် ဗက်လင်မြို့​သို့ သွား​၍ ငါတို့​အား ထာဝရဘုရား​ဖော်ပြသော​အကြောင်းအရာ​ကို ကြည့်ရှုကြစို့” ဟု အချင်းချင်း တိုင်ပင်​ပြောဆိုကြ၏။
16သူတို့​သည် အလျင်အမြန်​သွား​၍ မာရိ​နှင့်​ယောသပ်​ကို​လည်းကောင်း၊ နွားစားခွက်​တွင် သိပ်ထားသော​သူငယ်တော်​ကို​လည်းကောင်း တွေ့မြင်ကြ၏။ 17သူငယ်တော်​ကို တွေ့မြင်ပြီး​သောအခါ သိုးထိန်းတို့​သည် မိမိတို့​ကြားရသော သူငယ်တော်​၏​အကြောင်း​ကို လူတို့​အား ပြန်လည်​ပြောပြကြ၏။ 18သိုးထိန်းတို့​၏​စကား​ကို ကြားရသော​သူ​အပေါင်းတို့​သည် အံ့သြကြ၏။ 19သို့သော်လည်း မာရိ​သည် ဤ​ဖြစ်ပျက်​သမျှ​အကြောင်းအရာ​အားလုံး​ကို မိမိ​စိတ်နှလုံး​ထဲတွင် မှတ်သား​၍ စဉ်းစားဆင်ခြင်​လျက်​နေ၏။ 20သိုးထိန်းတို့​သည် ကောင်းကင်တမန်များ​ဖော်ပြသည့်​အတိုင်း မြင်ရ​ကြားရ​သဖြင့် ထို​အကြောင်းအရာ အားလုံး​အတွက် ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်း​လျက် ပြန်သွားကြ၏။
သူငယ်တော်​ယေရှု​အား ဗိမာန်တော်​၌ ဆက်ကပ်ခြင်း
21ရှစ်ရက်​ပြည့်​သောအခါ သူငယ်​ကို အရေပြားလှီးခြင်း​မင်္ဂလာ​ပေး​၍ ယေရှု​ဟု အမည်ပေးကြ၏။ ထို​အမည်​မှာ ကိုယ်ဝန်မဆောင်မီ​ကပင် ကောင်းကင်တမန်​ပေးထားသော​အမည် ဖြစ်၏။
22ထို့နောက် မောရှေ​၏​ပညတ်ကျမ်း​အတိုင်း သန့်ရှင်း​စင်ကြယ်ခြင်း​ကျင့်ဝတ်​ကို ပြုချိန်​ရောက်လာ​သောအခါ မိဘ​နှစ်ပါးတို့​သည် ယေရှု​ကို ဘုရားသခင်​ထံ​ဆက်ကပ်​ရန် ဂျေရုဆလင်မြို့​သို့ ခေါ်ဆောင်သွားကြ၏။ 23ဤ​အရာ​သည် ထာဝရဘုရား​၏​ပညတ်ကျမ်း​၌ “သားဦး​တိုင်း​ကို ထာဝရဘုရား​အတွက် ဆက်ကပ်​ရမည်”#2:23 ထွ ၁၃:၂၊ ၁၂။ ဟု ရေးထားသည်​နှင့်​အညီ ဖြစ်၏။ 24ထို့ပြင် “ချိုးငှက်​နှစ်ကောင်၊ သို့မဟုတ် ခိုငယ်​နှစ်ကောင်​ကို ပူဇော်​ရမည်”#2:24 ဝတ် ၁၂:၈။ ဟူ၍ ထာဝရဘုရား​၏​ပညတ်ကျမ်း​တွင် ဖော်ပြထားသည့်​အတိုင်း ယဇ်ပူဇော်ကြ၏။
ရှိမောင်​၏​ပရောဖက်ပြု​ချီးမွမ်းခြင်း
25ထို​အချိန်​၌ ဂျေရုဆလင်မြို့​တွင် ရှိမောင်​ဟု ခေါ်သော လူ​တစ်ဦး​ရှိ၏။ သူ​သည် သူတော်ကောင်း​တစ်ဦး​ဖြစ်ပြီး ဘုရားတရား​ကိုင်းရှိုင်းသူ​လည်း ဖြစ်၏။ အစ္စရေးလူမျိုးတို့​အား နှစ်သိမ့်တော်မူမည့် ကယ်တင်ရှင်​ကြွလာမည်​ကို စောင့်မျှော်နေ​သူ ဖြစ်​၍ သန့်ရှင်းသော​ဝိညာဉ်တော်​သည်လည်း သူ့​အပေါ်​၌ တည်နေ၏။ 26သူ​သည် ထာဝရဘုရား​၏​ခရစ်တော်​ကို ကိုယ်တိုင်​မတွေ့မမြင်ရဘဲ မသေရ​ဟူ၍ သန့်ရှင်းသော​ဝိညာဉ်တော်​၏​ဖွင့်ပြထားခြင်း​ကို ခံရသူ​ဖြစ်၏။ 27သူ​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​နှိုးဆော်မှု​အတိုင်း ဗိမာန်တော်​ထဲသို့ သွားလေ၏။ မာရိ​နှင့်​ယောသပ်​တို့​သည် ပညတ်တရား​၏​ထုံးတမ်းစဉ်လာ​အတိုင်း သူငယ်​ယေရှု​ကို ဗိမာန်တော်​၌ ဆက်ကပ်​ရန် ရောက်လာကြ၏။ 28ထိုအခါ ရှိမောင်​သည် သူငယ်​ကို ပွေ့ချီ​လျက်​ဘုရားသခင်​၏​ဂုဏ်တော်​ကို ချီးမွမ်း​၍
29“အရာ​အားလုံး​ကို အုပ်စိုးတော်မူသော​အရှင်​ဘုရားသခင်… ကိုယ်တော်​၏​ကတိတော်​အတိုင်း
ကိုယ်တော်​၏​အစေခံ အကျွန်ုပ်​ကို ငြိမ်းချမ်း​စွာ သေရသော​အခွင့်​ကို ယခု​ပေးတော်မူပြီ။
30အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်​သည် ကိုယ်တော်​ထံမှ လာသော ကယ်တင်ရှင်​ကို မြင်ရပြီဖြစ်​သောကြောင့်​ပင်။
31ကိုယ်တော်​သည် ထို​ကယ်တင်ရှင်​ကို လူ​အပေါင်းတို့​ရှေ့​၌ ပြင်ဆင်​ထားတော်မူပြီ။
32ထို​ကယ်တင်ရှင်​သည် လူမျိုးခြားတို့​အား ကိုယ်တော့်​အကြောင်း​ကို ဖော်ပြပေးမည့်​အလင်း​နှင့်
ကိုယ်တော်​၏​လူမျိုးတော်​ဖြစ်သော အစ္စရေးလူမျိုးတို့​၏ ဘုန်းအသရေ​အတွက် အလင်း​ဖြစ်တော်မူ၏”
ဟု ဆိုလေ၏။
33သူငယ်တော်​၏​မိဘတို့​သည် သူငယ်တော်​နှင့်​ပတ်သက်၍ ပြောဆိုသော​အကြောင်းအရာများ​ကို ကြား​သောအခါ အံ့ဩ​လျက် နေကြ၏။ 34ထို့နောက် ရှိမောင်​သည် သူတို့​ကို ကောင်းချီးပေး​၍ မိခင်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေးလူမျိုး​ထဲမှ လူ​များစွာ​ကို လဲ​စေရန်​သော်လည်းကောင်း၊ များစွာ​ကို ထ​စေရန်​သော်လည်းကောင်း ခန့်အပ်ခြင်း​ခံရသော​သူ​ဖြစ်၏။ ဆန့်ကျင်ခြင်း​ခံရမည့် နိမိတ်​လက္ခဏာ​အဖြစ် စေလွှတ်ခံရသော​သူလည်း​ဖြစ်၏။ 35သို့ဖြစ်၍ သူ​သည် လူ​များစွာတို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်မှုများ​ကို ပေါ်လွင်စေမည်။ သင့်​စိတ်နှလုံး​သည်လည်း ဓား​ဖြင့် ထိုး​ခံရ​သကဲ့သို့ ဖြစ်​လိမ့်မည်” ဟု ဆိုလေ၏။
အန္န​၏​သက်သေခံချက်
36ထို​နေရာ​၌ အာရှာ​အနွယ်၊ ဖနွေလ​၏​သမီး အန္န​ဟု ခေါ်သော အသက်အရွယ်​ကြီးရင့်​သည့် ပရောဖက်​အမျိုးသမီး​တစ်ဦး​ရှိ၏။ ထို​အမျိုးသမီး​သည် ငယ်ရွယ်စဉ်​တွင် အိမ်ထောင်ကျ၏။ ခင်ပွန်း​နှင့် ခုနစ်နှစ်​ခန့်သာ ပေါင်းသင်း​နေထိုင်ပြီး​လျှင် 37ရှစ်ဆယ့်​လေးနှစ်​တိုင်တိုင် မုဆိုးမ​ဘဝ​နှင့် အသက်ရှင်နေသူ​ဖြစ်၏။ ထို​အမျိုးသမီး​သည် ဗိမာန်တော်​အတွင်း​၌ နေ့​ရော​ည​ပါ ဘုရားဝတ်ပြု၊ ဆုတောင်း၊ အစာရှောင်​လျက် နေ၏။ 38ရှိမောင်​သည် မာရိ​နှင့် ယောသပ်​တို့​အား စကားပြော​နေချိန်​တွင် အန္န​သည် ရောက်လာ​ကာ ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်းလေ၏။ ထို့နောက် ဂျေရုဆလင်မြို့ ရွေးနုတ်ကယ်တင်​ခံရမည်​ကို စောင့်မျှော်​လျက်​ရှိသော​သူ​အပေါင်းတို့​အား ထို​သူငယ်​အကြောင်း​ကို ပြောလေ၏။
39သူငယ်​၏​မိဘတို့​သည် ထာဝရဘုရား​၏​ပညတ်တရား​နှင့်အညီ ပြုလုပ်ရမည့်​အရာ​အားလုံး​ကို ဆောင်ရွက်ပြီး​သောအခါ သူငယ်​ကို ခေါ်​၍ ဂါလိလဲပြည် နာဇရက်မြို့​သို့ ပြန်သွားကြ၏။ 40သူငယ်​သည်လည်း ကြီးပြင်း​၍ ကြံ့ခိုင်​သန်စွမ်း​လျက် ဉာဏ်ပညာ​နှင့်​ပြည့်စုံ၏။ ဘုရားသခင်​၏​မျက်နှာသာပေးခြင်း​ကိုလည်း ခံရလေ၏။
ဗိမာန်တော်​တွင် ကျမ်းတတ်ဆရာများ​နှင့် တရား​ဆွေးနွေးတော်မူခြင်း
41ယေရှု​၏​မိဘတို့​သည် ပသခါပွဲတော် ပါဝင်​ဆင်နွှဲ​ရန် ဂျေရုဆလင်မြို့​သို့ နှစ်စဉ်​သွားလေ့​ရှိ၏။ 42ယေရှု​အသက် ဆယ့်နှစ်နှစ် ရှိ​သောအခါ​၌​လည်း ထုံးစံရှိသည့်​အတိုင်း ဂျေရုဆလင်မြို့​သို့ သွားကြ၏။ 43ပွဲ​ကျင်းပ ပြီးဆုံးချိန်​၌ သူတို့​သည် နာဇရက်မြို့​သို့ ပြန်ကြ၏။ သို့သော် သူငယ်​ယေရှု​သည် ဂျေရုဆလင်မြို့​၌ပင် နေရစ်လေ၏။ မိဘတို့​သည် သူတို့​နှင့်အတူ ယေရှု​မပါကြောင်း​ကို မသိကြ။ 44ခရီး​သွား လူစု​ထဲတွင် ယေရှု​ပါလာ​လိမ့်မည်​ဟု ထင်မှတ်​လျက် တစ်နေ့တာ​ခရီးပြုကြ၏။ ထို့နောက် ယေရှု​ကို မတွေ့ရ​သောအခါ​ဆွေမျိုး အသိအကျွမ်းများ​ထဲတွင် ရှာကြ၏။
45မိဘတို့​သည် မတွေ့​သဖြင့် ဂျေရုဆလင်မြို့​သို့ ပြန်​၍ သွားရှာကြ၏။ 46သုံးရက်​ကြာ​သောအခါ ယေရှု​သည် ဗိမာန်တော်​အတွင်း ဆရာများ​အလယ်​၌​ထိုင်​၍ သူတို့​၏​စကား​ကို နားထောင်​ကာ ဆွေးနွေးမေးမြန်း​လျက်​နေသည်​ကို တွေ့ရှိကြလေ၏။ 47ယေရှု​၏​စကား​ကို ကြားသော​သူ​အပေါင်းတို့​သည် သူ​၏​ဉာဏ်ပညာ​နှင့် ဖြေကြားချက်များ​ကို အံ့သြကြ၏။
48မိဘတို့​သည် ယေရှု​ကို တွေ့​သောအခါ အံ့အားသင့်​၍ မိခင်​က “ငါ့​သား… သင်​သည် အဘယ်ကြောင့် ငါတို့​ကို ဤသို့ ပြု​ရသနည်း။ ငါ​နှင့် သား​၏​ဖခင်​သည် သား​ကို အလွန်​စိတ်ပူ​၍ နေရာအနှံ့​လိုက်ရှာ​ခဲ့ရ၏” ဟု ပြောလေ၏။
49ယေရှု​ကလည်း “အဘယ်ကြောင့် အကျွန်ုပ်​ကို ရှာကြသနည်း။ အကျွန်ုပ်​သည် ခမည်းတော်​၏​အိမ်တော်​၌ ရှိနေ​ရမည်​ကို မသိကြသလော” ဟု ပြန်ဖြေလေ၏။ 50သို့သော် မိဘတို့​သည် ယေရှု​ပြောသော​စကား​၏​အဓိပ္ပာယ်​ကို နားမလည်ကြပေ။
51ထို့နောက် ယေရှု​သည် မိဘတို့​နှင့်အတူ နာဇရက်မြို့​သို့ ပြန်သွား​၍ သူတို့​၏​စကား​ကို နားထောင်​လျက် နေလေ၏။ မိခင်​သည် ဖြစ်ပျက်​ခဲ့သမျှ​ကို စိတ်နှလုံး​ထဲ​၌ မှတ်ထားလေ၏။
52ယေရှု​သည်လည်း ခန္ဓာ​ကာယ​နှင့် ဉာဏ်ပညာ​ဖွံ့ဖြိုး​၍ ဘုရားသခင်​ရှေ့၊ လူတို့​ရှေ့​တွင် မျက်နှာရတော်မူ၏။

လက်ရှိရွေးချယ်ထားမှု

လုကာ 2: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ