1
နိဒါန်း
1အလွန်လေးစားရပါသော သော်ဖိလု… ဘုရားသခင်ဖြစ်စေတော်မူသည့်အတိုင်း ကျွန်ုပ်တို့၌ ဖြစ်လာခဲ့သော ဖြစ်ရပ်အကြောင်းအရာများကို လူများစွာတို့သည် ကြိုးစား၍ ရေးသားပြုစုခဲ့ကြပြီဖြစ်၏။ 2ထိုသို့ ရေးသားပြုစုရာတွင် အကြောင်းအရာစတင်ဖြစ်ပျက်ချိန်မှစ၍ သိမြင်သည့် မျက်မြင်သက်သေများဖြစ်ပြီး နှုတ်ကပတ်တော်ကို ဟောပြောသောအစေခံများထံမှ ရရှိသည့်သတင်းအချက်အလက်များကို အသုံးပြုခဲ့ကြ၏။ 3ကျွန်ုပ်သည် ထိုအကြောင်းအရာအားလုံးကို အစမှ သေချာစွာ စစ်ဆေးပြီးသည်နှင့် သင့်အတွက် စီစဉ်တကျရေးသားလျှင် ကောင်းမည်ဟု ယူဆမိပါ၏။ 4သို့ဖြစ်လျှင် သင်သည်လည်း ကိုယ်တိုင် သင်ယူခဲ့သောအကြောင်းအရာများ မှန်ကန်ကြောင်း သိရှိလိမ့်မည်ဖြစ်၏။
နှစ်ခြင်းဆရာယောဟန် မွေးဖွားမည့်အကြောင်း ကြိုတင်ဟောပြောချက်
5ယုဒပြည်ကို အုပ်ချုပ်သောဟေရုဒ်မင်း လက်ထက်၌ ဇာခရိဟု ခေါ်သော ယဇ်ပုရောဟိတ်တစ်ပါး ရှိ၏။ ထိုသူသည် အဘိယ ယဇ်ပုရောဟိတ် အဖွဲ့ဝင်တစ်ဦး ဖြစ်၍ သူ၏ဇနီးဖြစ်သော ဧလိရှဗက်သည်လည်း ယဇ်ပုရောဟိတ်အနွယ်ဝင် အာရုန်မှ ဆင်းသက်သောသူဖြစ်၏။ 6ဇာခရိနှင့် ဧလိရှဗက်တို့သည် ထာဝရဘုရား၏ပညတ်တော်အပေါင်းနှင့် ပြဋ္ဌာန်းထားသောစည်းမျဉ်းများကို အပြစ်ဆိုဖွယ်မရှိအောင် လိုက်နာကြ၏။ သူတို့သည် ဘုရားသခင်က မှန်ကန်ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူခြင်းကိုခံရသူများ ဖြစ်ကြ၏။ 7သို့သော်လည်း ဧလိရှဗက်သည် မြုံသောကြောင့် သူတို့၌ သားသမီးမထွန်းကားပေ။ သူတို့နှစ်ဦးသည် အသက်အရွယ်ကြီးရင့်သူများ ဖြစ်ကြ၏။
8တစ်နေ့တွင် ဇာခရိသည် သူ၏အဖွဲ့ အလှည့်ကျသဖြင့် ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်ဝတ္တရားကို ဆောင်ရွက်နေစဉ် 9ယဇ်ပုရောဟိတ်တို့၏ထုံးစံအတိုင်း မဲနှိုက်ကြရာ ထာဝရဘုရား၏ဗိမာန်တော်သို့ ဝင်၍ အမွှေးနံ့သာကို မီးရှို့ပူဇော်ရန် သူ့အပေါ် တာဝန်ကျလေ၏။ 10ထိုသို့ အမွှေးနံ့သာကို မီးရှို့ပူဇော်နေစဉ် ဝတ်ပြုကိုးကွယ်ရန် စုရုံးရောက်ရှိလာကြသော လူအပေါင်းတို့သည် အပြင်ဘက်၌ ဆုတောင်းနေကြ၏။
11ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ဇာခရိ ရှေ့၌ ပေါ်လာ၍ အမွှေးနံ့သာပူဇော်ရာ ယဇ်ပလ္လင်၏လက်ယာဘက်တွင် ရပ်လေ၏။ 12ဇာခရိသည် ထိုကောင်းကင်တမန်ကို မြင်သောအခါ တုန်လှုပ်ချောက်ချား၍ ကြောက်လန့်လေ၏။ 13ကောင်းကင်တမန်က “ဇာခရိ… မကြောက်နှင့်။ ဘုရားသခင်သည် သင်၏ဆုတောင်းသံကို နားဆင်တော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ယောဟန်ဟု မှည့်ရမည်။ 14ထိုသားသည် သင့်အား ဝမ်းမြောက်ရွှင်လန်းစေလိမ့်မည်။ လူများစွာတို့သည် ထိုသား မွေးဖွားလာသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။ 15အဘယ်ကြောင့်ဆိုသော် ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူတစ်ဦး ဖြစ်လာမည့်အတွက်ကြောင့် ဖြစ်၏။ သူသည် စပျစ်ဝိုင်နှင့် အခြားအရက်တို့ကို မသောက်ဘဲနေရမည်။ မိခင်ဝမ်းဗိုက်ထဲ ရှိစဉ်တွင်ပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောသူ ဖြစ်လိမ့်မည်။ 16သူသည် အစ္စရေးလူမျိုးများစွာကို သူတို့၏ဘုရားသခင် ထာဝရဘုရားထံသို့ ပြန်လည်ပို့ဆောင်ပေးလိမ့်မည်။ 17သူသည် ဖခင်တို့နှင့် သားသမီးတို့ကို ပြန်လည်သင့်မြတ်စေရန်လည်းကောင်း၊ မနာခံသောသူတို့အား ဖြောင့်မတ်သောသူတို့၏ အသိဉာဏ်ကို ရရှိစေရန်လည်းကောင်း ဧလိယ၏ဝိညာဉ်နှင့် တန်ခိုးတို့ဖြင့် ပြည့်စုံလျက် ကိုယ်တော်၏ ရှေ့တော်ပြေးအဖြစ် သွားလိမ့်မည်။ ဤသည်မှာ ထာဝရဘုရားအတွက် ပြင်ဆင်ထားသောလူတို့ကို အသင့်ဖြစ်စေရန်ပင် ဖြစ်၏” ဟု ဆို၏။
18ဇာခရိကလည်း ကောင်းကင်တမန်အား “ဤသို့ဖြစ်မည်ကို မည်သို့သိနိုင်ပါမည်နည်း။ အကျွန်ုပ်သည် အိုမင်းသောသူဖြစ်၍ အကျွန်ုပ်၏ဇနီးသည်လည်း အသက်ကြီးရင့်လှပြီ” ဟု ပြန်ပြောလေ၏။
19ကောင်းကင်တမန်က “ငါသည် ဘုရားသခင်၏ရှေ့တော်၌ ခစားရသောဂါဗြေလ ဖြစ်၏။ ထိုအရှင်က သင့်အား ဤဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။ 20သင်သည် ငါ့စကားကို မယုံကြည်သောကြောင့် သူငယ်မွေးဖွားသည့်နေ့တိုင်အောင် စကားမပြောနိုင်ဘဲ ဆွံ့အလျက် နေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါပြောသော စကားသည် အချိန်တန်သောအခါ အမှန်ဖြစ်လာမည်ဖြစ်သောကြောင့်ပင်” ဟု ဆို၏။
21ထိုအချိန်တွင် လူတို့သည် ဇာခရိကို စောင့်မျှော်လျက်နေ၍ သူသည် ဗိမာန်တော်ထဲ၌ ကြာမြင့်စွာနေသည်ကို အံ့ဩကြ၏။ 22ဇာခရိသည် ပြန်ထွက်လာသောအခါ သူတို့အား စကားမပြောနိုင်သဖြင့် ဗိမာန်တော်ထဲတွင် ဗျာဒိတ်ရူပါရုံကို မြင်ရပြီဖြစ်ကြောင်း သူတို့မှတ်ယူကြ၏။ ဇာခရိသည် သူတို့အား လက်ဟန်ခြေဟန်ကိုသာပြ၍ ဆွံ့အလျက်နေ၏။
23တာဝန်ချိန်ကုန်ဆုံးသွားသောအခါ ဇာခရိသည် အိမ်သို့ ပြန်လေ၏။ 24ရက်အနည်းငယ်ကြာသော် သူ၏ဇနီး ဧလိရှဗက်သည် ကိုယ်ဝန်ဆောင်၍ ငါးလတိုင်တိုင် အိမ်တွင်းအောင်းလျက်နေ၏။ 25ဧလိရှဗက်က “ထာဝရဘုရားသည် ငါ့ကိုသနား၍ ကျေးဇူးပြုတော်မူပြီ။ ငါ့ကို မျက်နှာသာပေး၍ သားသမီးမရှိသည့်အတွက် လူပုံအလယ်အရှက်ရခြင်းကို ဖယ်ရှားတော်မူပြီ” ဟု ဆို၏။
ယေရှုမွေးဖွားလာမည့်အကြောင်း ကြိုတင်ဟောပြောချက်
26ဧလိရှဗက် ကိုယ်ဝန်ခြောက်လရှိသောအခါ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့တွင် နေထိုင်သည့်မိန်းမပျိုတစ်ဦးထံသို့ စေလွှတ်တော်မူ၏။ 27ထိုမိန်းမပျိုသည် ဒါဝိဒ်မင်းအမျိုးမှ ဆင်းသက်သူဖြစ်သည့် ယောသပ်အမည်ရှိသောအမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် စေ့စပ်ကြောင်းလမ်းထားသူဖြစ်၏။ ထိုမိန်းမပျို၏အမည်မှာ မာရိဖြစ်၏။ 28ဂါဗြေလသည် မာရိထံသို့ ရောက်လာ၍ “ထာဝရဘုရား၏မျက်နှာသာပေးတော်မူခြင်းခံရသောအမျိုးသမီး… သင်သည် မင်္ဂလာရှိပါစေ။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်” ဟု ဆို၏။
29မာရိသည် ထိုစကားကို ကြားလျှင် စိတ်ရှုပ်ထွေး၍ ကောင်းကင်တမန်၏စကားသည် မည်သို့ဆိုလိုသနည်းဟု တွေးတောနေ၏။ 30ကောင်းကင်တမန်က “မာရိ… မကြောက်နှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရပြီ။ 31သင်သည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသား၏အမည်ကို ယေရှုဟူ၍ မှည့်ရမည်။ 32ထိုသားသည် အလွန်ကြီးမြတ်သူ ဖြစ်လာ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်သည် ထိုသားတော်အား သူ၏ဖခင်ကြီးဖြစ်သော ဒါဝိဒ်မင်း၏ရာဇပလ္လင်ကို ပေးအပ်တော်မူလိမ့်မည်။ 33သူသည် အစ္စရေးလူမျိုးများ#1:33 “အစ္စရေးလူမျိုးများ” မူရင်းဂရိကျမ်းတွင် “ယာကုပ်အမျိုးအနွယ်” ဟု ဖော်ပြထားသည်။ကို ထာဝရအုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံတော်သည်လည်း အဆုံးမရှိ တည်လိမ့်မည်” ဟု ဆို၏။
34မာရိကလည်း ကောင်းကင်တမန်အား “ကျွန်မသည် အပျိုစင်ဖြစ်သောကြောင့် ဤအခြင်းအရာသည် မည်သို့ဖြစ်လိမ့်မည်နည်း” ဟု မေး၏။
35ကောင်းကင်တမန်က “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်၌ သက်ရောက်တော်မူ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏တန်ခိုးတော်သည် သင့်ကို လွှမ်းခြုံလိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ 36ထို့ပြင် အမြုံဟု ပြောဆိုခံရသော သင်၏ဆွေမျိုး ဧလိရှဗက်သည်လည်း အသက်အရွယ်အိုမင်းချိန်တွင် ကိုယ်ဝန်ဆောင်၍ ယခုခြောက်လရှိလေပြီ။ 37ဘုရားသခင်မတတ်နိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိ” ဟု ဆို၏။
38မာရိက “ကျွန်မသည် ထာဝရဘုရား၏အစေခံဖြစ်ပါ၏။ အရှင်၏စကားတော်အတိုင်း ကျွန်မ၌ဖြစ်ပါစေ” ဟု ဝန်ခံလေ၏။ ထို့နောက် ကောင်းကင်တမန်သည်လည်း မာရိထံမှ ထွက်ခွာသွားလေ၏။
ဧလိရှဗက်ထံသို့ မာရိ သွားရောက်လည်ပတ်ခြင်း
39မကြာမီ မာရိသည် တောင်ပေါ်ဒေသရှိ ယုဒပြည်၏မြို့တစ်မြို့သို့ အလျင်အမြန်သွား၍ 40ဇာခရိအိမ်သို့ဝင်ကာ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။ 41မာရိနှုတ်ဆက်သောအသံကို ဧလိရှဗက်ကြားသောအခါ သူ၏ဗိုက်ထဲ၌ ရှိသောကလေးသည် လှုပ်လေ၏။ ဧလိရှဗက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက် 42“သင်သည် မိန်းမတကာတို့ထက် မင်္ဂလာရှိ၏။ သင်၏ဗိုက်ထဲတွင်ရှိသော ကလေးသည်လည်း မင်္ဂလာရှိ၏။ 43ကျွန်မ သခင်၏မိခင် ကျွန်မထံသို့ ကြွရောက်လာသောအခွင့်ထူးကို အဘယ်ကြောင့် ကျွန်မခံစားရပါသနည်း။ 44သင်၏နှုတ်ဆက်သံကို ကျွန်မကြားရသည်နှင့်တစ်ပြိုင်နက် ကျွန်မဗိုက်ထဲတွင်ရှိသောကလေးသည် ဝမ်းမြောက်ရွှင်မြူး၍ လှုပ်ပါ၏။ 45သင်သည် ထာဝရဘုရား မိန့်တော်မူသောအရာများ ပြည့်စုံမည်ဟု ယုံကြည်သောကြောင့် မင်္ဂလာရှိ၏” ဟု ကျယ်လောင်သောအသံဖြင့် ပြောဆို၏။
မာရိ၏ချီးမွမ်းသီချင်း
46မာရိကလည်း
“ကျွန်မ၏စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၍
47ကျွန်မ၏ဝိညာဉ်သည် ကယ်တင်ရှင်ဘုရားသခင်၌ အလွန်ဝမ်းမြောက်ပါ၏။
48အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိအစေခံ၏သိမ်ငယ်သောအဖြစ်ကို သတိပြုတော်မူသောကြောင့် ဖြစ်၏။
ယခုမှစ၍ နောင်လာနောက်သားတို့သည် ကျွန်မကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။
49အဘယ်ကြောင့်ဆိုသော် ကြီးမြတ်၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောအရှင်သည် ကြီးမြတ်သောအမှုတို့ကို ကျွန်မအတွက် ပြုတော်မူသောကြောင့်ဖြစ်၏။
ကိုယ်တော်၏အမည်နာမတော်သည် သန့်ရှင်းတော်မူ၏။
50ကိုယ်တော်အား ကြောက်ရွံ့သောသူတို့အပေါ်တွင်
သူ၏ကရုဏာတော်ကို အစဉ်အဆက် ပြသလျက်ရှိ၏။
51ကိုယ်တော်သည် မိမိ၏လက်တော်အားဖြင့် တန်ခိုးကို ပြတော်မူ၏။
စိတ်နှလုံးထဲတွင် မာနကြီး၍ ထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။
52ရာဇပလ္လင်မှ ရှင်ဘုရင်တို့ကို နန်းချ၍
နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။
53ဆာလောင်မွတ်သိပ်သောသူတို့ကို ကောင်းမွန်စွာကျွေးမွေး၍
ချမ်းသာကြွယ်ဝသောသူတို့ကို လက်ဗလာဖြင့် ပြန်လွှတ်တော်မူ၏။
54-55ကိုယ်တော်သည် ကျွန်မတို့၏ဘိုးဘေးများဖြစ်သော
အာဗြဟံနှင့် သူ၏မျိုးဆက်များအား
ပေးခဲ့သောကတိတော်ရှိသည့်အတိုင်း သနားတော်မူရန် အစဉ်အမြဲသတိရတော်မူပြီ။
ထို့ကြောင့် မိမိအစေခံအစ္စရေးလူမျိုးကို ကူညီမစတော်မူပြီ”
ဟု ဆို၏။
56ထို့နောက် မာရိသည် ဧလိရှဗက်နှင့် သုံးလခန့် အတူနေထိုင်၍ မိမိအိမ်သို့ ပြန်လေ၏။
နှစ်ခြင်းဆရာယောဟန် မွေးဖွားလာခြင်း
57ဧလိရှဗက်သည် နေ့လစေ့သောအခါ သားယောက်ျားကို မွေးဖွားလေ၏။ 58ထာဝရဘုရားသည် ကြီးမားသောကရုဏာတော်ကို ဧလိရှဗက်အပေါ် ပြသတော်မူကြောင်းကို အိမ်နီးချင်းများနှင့် ဆွေမျိုးသားချင်းတို့ကြားကြသောအခါ သူနှင့်အတူ ဝမ်းမြောက်ကြ၏။
59ရှစ်ရက်မြောက်သောနေ့၌ သူတို့သည် သူငယ်ကို အရေပြားလှီးခြင်းမင်္ဂလာပေးရန် ရောက်ရှိလာကြ၏။ ထိုသူတို့က သူငယ်၏ဖခင်အမည်အတိုင်း ဇာခရိဟု မှည့်ခေါ်မည်ပြုကြ၏။ 60သို့ရာတွင် သူငယ်၏မိခင်က “ထိုသို့မမှည့်နှင့်။ သူငယ်ကို ယောဟန်ဟု မှည့်ရမည်” ဟု ဆို၏။
61သူတို့ကလည်း “သင့်ဆွေမျိုးထဲတွင် ထိုအမည်ဖြင့် မှည့်ခေါ်သောသူ တစ်ယောက်မျှမရှိပါ” ဟု ဆိုကြ၏။ 62ထို့နောက် သူငယ်၏ဖခင်ဖြစ်သူအား သူငယ်ကို မည်သို့မှည့်ခေါ်စေလိုကြောင်း လက်ဟန်ခြေဟန်ဖြင့် မေးမြန်းကြ၏။ 63ထိုအခါ ဖခင်က သင်ပုန်းတစ်ချပ်ပေးရန် လက်ရိပ်ပြတောင်းပြီးလျှင် “သူငယ်၏အမည်မှာ ယောဟန်ဖြစ်သည်” ဟု ရေးပြသဖြင့် သူတို့အားလုံးသည် အံ့သြကြ၏။ 64ထိုခဏချင်းတွင် ဇာခရိသည် စကားပြန်ပြောနိုင်၍ ဘုရားသခင်အား စတင်ချီးမွမ်းလေ၏။
65ထိုအရပ်တွင် နေထိုင်သောသူတို့သည် အံ့သြကြောက်ရွံ့လျက် ထိုသတင်းသည် ယုဒပြည်တောင်ပေါ်ဒေသတစ်လျှောက်လုံး ပျံ့နှံ့သွားလေ၏။ 66ကြားရသောသူအားလုံးသည် ထိုအကြောင်းအရာတို့ကို စဉ်းစားဆင်ခြင်၍ “ဤသူငယ်သည် မည်သို့သောသူ ဖြစ်လာလိမ့်မည်နည်း” ဟု ဆိုကြ၏။ ထာဝရဘုရား၏တန်ခိုးတော်သည် သူငယ်နှင့်အတူ ရှိတော်မူ၏။
ဇာခရိ၏ကြိုတင်ဟောပြောချက်
67သူငယ်၏ဖခင်ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်၍ အနာဂတ်ကို ဟောပြောသည်မှာ
68“အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်းကြပါစေသော။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိလူမျိုးထံသို့ကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်တော်မူခဲ့သောကြောင့် ဖြစ်၏။
69-71ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရန်သူတို့၏လက်မှလည်းကောင်း၊
အကျွန်ုပ်တို့ကို မုန်းသောသူအပေါင်းတို့၏လက်မှလည်းကောင်း ကယ်တင်တော်မူမည်ဟု
ရှေးအခါက သူ၏သန့်ရှင်းသောပရောဖက်များအားဖြင့်
မိန့်တော်မူခဲ့သည့်အတိုင်း
သူ၏အစေခံ ဒါဝိဒ်မင်းအမျိုးအနွယ်ထဲမှ
တန်ခိုးကြီးသောကယ်တင်ရှင်#1:69-71 “တန်ခိုးကြီးသောကယ်တင်ရှင်” မူရင်းဂရိကျမ်းတွင် “ကယ်တင်ခြင်းဦးချို” ဟု ဖော်ပြထားသည်။ကို ပေါ်ထွန်းစေတော်မူပြီ။
72ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘိုးဘေးများအပေါ် ကရုဏာပြတော်မူမည်ဖြစ်ကြောင်းနှင့်
သူ၏သန့်ရှင်းသောပဋိညာဉ်ကို သတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။
73-75ထို့ပြင် အကျွန်ုပ်တို့ကို ရန်သူတို့၏လက်မှ ကယ်တင်၍
အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့သောစိတ်မရှိဘဲ
အကျွန်ုပ်တို့အား ရှေ့တော်၌ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ဖြင့်
ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ခွင့်ပေးမည်ဟု
အကျွန်ုပ်တို့၏အဖအာဗြဟံအား
တိုင်တည်၍ ကျိန်ဆိုတော်မူပြီ။
76အို သူငယ်…
သင်သည် အမြင့်မြတ်ဆုံးသောဘုရားသခင်၏ပရောဖက်ဟု အခေါ်ခံရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်သည် ခရစ်တော်ကြွလာရာလမ်းကို ပြင်ဆင်ပေးရမည့်သူဖြစ်၏။
77သင်သည် ကိုယ်တော်၏လူမျိုးတော်အား မိမိတို့၏အပြစ်များကို ဖြေလွှတ်ခြင်းအားဖြင့်
ကယ်တင်ခြင်းရရှိနိုင်သည့်အကြောင်းကို ပြောကြားလိမ့်မည်။
78ဘုရားသခင်၏သနားခြင်း ကရုဏာကြောင့်
ကောင်းကင်မှ နေအရုဏ်ပေါ်ထွက်လာလိမ့်မည်။
79ထိုအလင်းသည် အမှောင်ထုနှင့် သေခြင်းတရား၏ အရိပ်အောက်တွင် နေထိုင်သောသူများအပေါ် ထွန်းလင်း၍
အကျွန်ုပ်တို့၏ခြေကို ငြိမ်းချမ်းခြင်းလမ်းထဲသို့ လမ်းညွှန်တော်မူလိမ့်မည်”
ဟူ၍ ဖြစ်၏။
80သူငယ်သည်လည်း ကြီးပြင်း၍ စိတ်ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူသည် အမှုတော်လုပ်ငန်းကို အစ္စရေးလူမျိုးတို့အကြား လူသိရှင်ကြား စတင်ဆောင်ရွက်သည့် အချိန်မတိုင်မီအထိ တောကန္တာရ၌ နေထိုင်လေ၏။