YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 1

1
နိဒါန်း
1အလွန်​လေးစားရပါသော သော်ဖိလု… ဘုရားသခင်​ဖြစ်စေတော်မူသည့်​အတိုင်း ကျွန်ုပ်တို့​၌ ဖြစ်လာ​ခဲ့သော ဖြစ်ရပ်​အကြောင်းအရာများ​ကို လူများစွာတို့​သည် ကြိုးစား​၍ ရေးသားပြုစုခဲ့ကြပြီ​ဖြစ်၏။ 2ထိုသို့ ရေးသားပြုစုရာ​တွင် အကြောင်းအရာ​စတင်​ဖြစ်ပျက်ချိန်​မှစ၍ သိမြင်သည့် မျက်မြင်သက်သေများ​ဖြစ်ပြီး နှုတ်ကပတ်တော်​ကို ဟောပြောသော​အစေခံများ​ထံမှ ရရှိသည့်​သတင်း​အချက်အလက်များ​ကို အသုံးပြုခဲ့ကြ၏။ 3ကျွန်ုပ်​သည် ထို​အကြောင်းအရာ​အားလုံး​ကို အစ​မှ သေချာ​စွာ စစ်ဆေးပြီးသည်​နှင့် သင့်​အတွက် စီစဉ်​တကျ​ရေးသား​လျှင် ကောင်းမည်​ဟု ယူဆမိပါ၏။ 4သို့ဖြစ်လျှင် သင်​သည်လည်း ကိုယ်တိုင် သင်ယူခဲ့သော​အကြောင်းအရာများ မှန်ကန်ကြောင်း သိရှိ​လိမ့်မည်​ဖြစ်၏။
နှစ်ခြင်းဆရာ​ယောဟန် မွေးဖွားမည့်​အကြောင်း ကြိုတင်​ဟောပြောချက်
5ယုဒပြည်​ကို အုပ်ချုပ်သော​ဟေရုဒ်မင်း လက်ထက်​၌ ဇာခရိ​ဟု ခေါ်သော ယဇ်ပုရောဟိတ်​တစ်ပါး ရှိ၏။ ထို​သူ​သည် အဘိယ ယဇ်ပုရောဟိတ် အဖွဲ့ဝင်​တစ်ဦး ဖြစ်​၍ သူ​၏​ဇနီး​ဖြစ်သော ဧလိရှဗက်​သည်လည်း ယဇ်ပုရောဟိတ်​အနွယ်ဝင် အာရုန်​မှ ဆင်းသက်သော​သူ​ဖြစ်၏။ 6ဇာခရိ​နှင့် ဧလိရှဗက်​တို့​သည် ထာဝရဘုရား​၏​ပညတ်တော်​အပေါင်း​နှင့် ပြဋ္ဌာန်းထားသော​စည်းမျဉ်းများ​ကို အပြစ်ဆိုဖွယ်​မရှိအောင် လိုက်နာကြ၏။ သူတို့​သည် ဘုရားသခင်​က မှန်ကန်​ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူခြင်း​ကို​ခံရသူများ ဖြစ်ကြ၏။ 7သို့သော်လည်း ဧလိရှဗက်​သည် မြုံ​သောကြောင့် သူတို့​၌ သားသမီး​မထွန်းကားပေ။ သူတို့​နှစ်ဦး​သည် အသက်အရွယ်​ကြီးရင့်​သူများ ဖြစ်ကြ၏။
8တစ်နေ့​တွင် ဇာခရိ​သည် သူ​၏​အဖွဲ့ အလှည့်ကျ​သဖြင့် ဘုရားသခင်​ရှေ့တော်​၌ ယဇ်ပုရောဟိတ်​ဝတ္တရား​ကို ဆောင်ရွက်​နေစဉ် 9ယဇ်ပုရောဟိတ်တို့​၏​ထုံးစံ​အတိုင်း မဲနှိုက်ကြ​ရာ ထာဝရဘုရား​၏​ဗိမာန်တော်​သို့ ဝင်​၍ အမွှေးနံ့သာ​ကို မီးရှို့ပူဇော်​ရန် သူ့​အပေါ် တာဝန်ကျလေ၏။ 10ထိုသို့ အမွှေးနံ့သာ​ကို မီးရှို့ပူဇော်​နေစဉ် ဝတ်ပြုကိုးကွယ်​ရန် စုရုံး​ရောက်ရှိလာကြသော လူအပေါင်းတို့​သည် အပြင်ဘက်​၌ ဆုတောင်းနေကြ၏။
11ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​တစ်ပါး​သည် ဇာခရိ ရှေ့​၌ ပေါ်လာ​၍ အမွှေးနံ့သာ​ပူဇော်ရာ ယဇ်ပလ္လင်​၏​လက်ယာဘက်​တွင် ရပ်လေ၏။ 12ဇာခရိ​သည် ထို​ကောင်းကင်တမန်​ကို မြင်​သောအခါ တုန်လှုပ်​ချောက်ချား​၍ ကြောက်လန့်လေ၏။ 13ကောင်းကင်တမန်​က “ဇာခရိ… မကြောက်နှင့်။ ဘုရားသခင်​သည် သင်​၏​ဆုတောင်းသံ​ကို နားဆင်တော်မူပြီ။ သင်​၏​ဇနီး​ဧလိရှဗက်​သည် သား​ယောက်ျား​ကို မွေးဖွား​လိမ့်မည်။ ထို​သား​ကို ယောဟန်​ဟု မှည့်​ရမည်။ 14ထို​သား​သည် သင့်​အား ဝမ်းမြောက်​ရွှင်လန်းစေ​လိမ့်မည်။ လူများစွာတို့​သည် ထို​သား မွေးဖွားလာသည့်​အတွက် ဝမ်းမြောက်ကြ​လိမ့်မည်။ 15အဘယ်ကြောင့်ဆိုသော် ထို​သား​သည် ထာဝရဘုရား​ရှေ့တော်​၌ ကြီးမြတ်သော​သူ​တစ်ဦး ဖြစ်လာမည့်​အတွက်​ကြောင့် ဖြစ်၏။ သူ​သည် စပျစ်ဝိုင်​နှင့် အခြား​အရက်တို့​ကို မသောက်ဘဲ​နေရမည်။ မိခင်​ဝမ်းဗိုက်​ထဲ ရှိစဉ်​တွင်ပင် သန့်ရှင်းသော ဝိညာဉ်တော်​နှင့် ပြည့်ဝသော​သူ ဖြစ်​လိမ့်မည်။ 16သူ​သည် အစ္စရေးလူမျိုး​များစွာ​ကို သူတို့​၏​ဘုရားသခင် ထာဝရဘုရား​ထံသို့ ပြန်လည်​ပို့ဆောင်​ပေး​လိမ့်မည်။ 17သူ​သည် ဖခင်တို့​နှင့် သားသမီးတို့​ကို ပြန်လည်​သင့်မြတ်​စေရန်​လည်းကောင်း၊ မနာခံသော​သူတို့​အား ဖြောင့်မတ်သော​သူတို့​၏ အသိဉာဏ်​ကို ရရှိ​စေရန်​လည်းကောင်း ဧလိယ​၏​ဝိညာဉ်​နှင့် တန်ခိုး​တို့​ဖြင့် ပြည့်စုံ​လျက် ကိုယ်တော်​၏ ရှေ့တော်ပြေး​အဖြစ် သွား​လိမ့်မည်။ ဤသည်​မှာ ထာဝရဘုရား​အတွက် ပြင်ဆင်ထားသော​လူတို့​ကို အသင့်ဖြစ်​စေရန်​ပင် ဖြစ်၏” ဟု ဆို၏။
18ဇာခရိ​ကလည်း ကောင်းကင်တမန်​အား “ဤသို့​ဖြစ်မည်​ကို မည်သို့​သိနိုင်ပါမည်နည်း။ အကျွန်ုပ်​သည် အိုမင်းသော​သူ​ဖြစ်​၍ အကျွန်ုပ်​၏​ဇနီးသည်​လည်း အသက်​ကြီးရင့်လှပြီ” ဟု ပြန်ပြောလေ၏။
19ကောင်းကင်တမန်​က “ငါ​သည် ဘုရားသခင်​၏​ရှေ့တော်​၌ ခစားရသော​ဂါဗြေလ ဖြစ်၏။ ထို​အရှင်​က သင့်​အား ဤ​ဝမ်းမြောက်ဖွယ် သတင်းကောင်း​ကို ပြောကြား​ရန် ငါ့​ကို​စေလွှတ်တော်မူ၏။ 20သင်​သည် ငါ့​စကား​ကို မယုံကြည်​သောကြောင့် သူငယ်​မွေးဖွားသည့်​နေ့​တိုင်အောင် စကား​မပြောနိုင်ဘဲ ဆွံ့အ​လျက် နေ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါ​ပြောသော စကား​သည် အချိန်တန်​သောအခါ အမှန်​ဖြစ်လာမည်​ဖြစ်​သောကြောင့်​ပင်” ဟု ဆို၏။
21ထို​အချိန်​တွင် လူတို့​သည် ဇာခရိ​ကို စောင့်မျှော်​လျက်​နေ​၍ သူ​သည် ဗိမာန်တော်​ထဲ​၌ ကြာမြင့်​စွာ​နေသည်​ကို အံ့ဩကြ၏။ 22ဇာခရိ​သည် ပြန်ထွက်လာ​သောအခါ သူတို့​အား စကား​မပြောနိုင်​သဖြင့် ဗိမာန်တော်ထဲ​တွင် ဗျာဒိတ်​ရူပါရုံ​ကို မြင်ရပြီ​ဖြစ်ကြောင်း သူတို့​မှတ်ယူကြ၏။ ဇာခရိ​သည် သူတို့​အား လက်ဟန်​ခြေဟန်​ကိုသာ​ပြ​၍ ဆွံ့အ​လျက်​နေ၏။
23တာဝန်ချိန်​ကုန်ဆုံးသွား​သောအခါ ဇာခရိ​သည် အိမ်​သို့ ပြန်လေ၏။ 24ရက်​အနည်းငယ်​ကြာ​သော် သူ​၏​ဇနီး ဧလိရှဗက်​သည် ကိုယ်ဝန်ဆောင်​၍ ငါးလ​တိုင်တိုင် အိမ်တွင်းအောင်း​လျက်​နေ၏။ 25ဧလိရှဗက်​က “ထာဝရဘုရား​သည် ငါ့​ကို​သနား​၍ ကျေးဇူး​ပြုတော်မူပြီ။ ငါ့​ကို မျက်နှာသာ​ပေး​၍ သားသမီး​မရှိသည့်​အတွက် လူပုံ​အလယ်​အရှက်ရခြင်း​ကို ဖယ်ရှားတော်မူပြီ” ဟု ဆို၏။
ယေရှု​မွေးဖွားလာမည့်​အကြောင်း ကြိုတင်​ဟောပြောချက်
26ဧလိရှဗက် ကိုယ်ဝန်​ခြောက်လ​ရှိ​သောအခါ ဘုရားသခင်​သည် ကောင်းကင်တမန်​ဂါဗြေလ​အား ဂါလိလဲပြည်၊ နာဇရက်မြို့​တွင် နေထိုင်သည့်​မိန်းမပျို​တစ်ဦး​ထံသို့ စေလွှတ်တော်မူ၏။ 27ထို​မိန်းမပျို​သည် ဒါဝိဒ်မင်း​အမျိုး​မှ ဆင်းသက်​သူ​ဖြစ်သည့် ယောသပ်​အမည်​ရှိသော​အမျိုးသား​တစ်ဦး​နှင့် လက်ထပ်​ရန် စေ့စပ်ကြောင်းလမ်းထားသူ​ဖြစ်၏။ ထို​မိန်းမပျို​၏​အမည်​မှာ မာရိ​ဖြစ်၏။ 28ဂါဗြေလ​သည် မာရိ​ထံသို့ ရောက်လာ​၍ “ထာဝရဘုရား​၏​မျက်နှာသာပေးတော်မူခြင်း​ခံရသော​အမျိုးသမီး… သင်​သည် မင်္ဂလာ​ရှိပါစေ။ ထာဝရဘုရား​သည် သင်​နှင့်အတူ​ရှိတော်မူသည်” ဟု ဆို၏။
29မာရိ​သည် ထို​စကား​ကို ကြား​လျှင် စိတ်ရှုပ်ထွေး​၍ ကောင်းကင်တမန်​၏​စကား​သည် မည်သို့​ဆိုလိုသနည်း​ဟု တွေးတောနေ၏။ 30ကောင်းကင်တမန်​က “မာရိ… မကြောက်နှင့်။ သင်​သည် ဘုရားသခင်​ရှေ့တော်​၌ မျက်နှာရပြီ။ 31သင်​သည် ကိုယ်ဝန်ဆောင်​၍ သား​ယောက်ျား​ကို မွေးဖွား​လိမ့်မည်။ ထို​သား​၏​အမည်​ကို ယေရှု​ဟူ၍ မှည့်​ရမည်။ 32ထို​သား​သည် အလွန်​ကြီးမြတ်သူ ဖြစ်လာ​၍ အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​သားတော်​ဟု ခေါ်ဝေါ်ခြင်း​ကို ခံရ​လိမ့်မည်။ ဘုရားသခင်​သည် ထို​သားတော်​အား သူ​၏​ဖခင်ကြီး​ဖြစ်သော ဒါဝိဒ်မင်း​၏​ရာဇပလ္လင်​ကို ပေးအပ်တော်မူ​လိမ့်မည်။ 33သူ​သည် အစ္စရေး​လူမျိုးများ#1:33 “အစ္စရေး​လူမျိုးများ” မူရင်း​ဂရိကျမ်း​တွင် “ယာကုပ်​အမျိုးအနွယ်” ဟု ဖော်ပြထားသည်။​ကို ထာဝရ​အုပ်စိုး​လိမ့်မည်။ သူ​၏​နိုင်ငံတော်​သည်လည်း အဆုံး​မရှိ တည်​လိမ့်မည်” ဟု ဆို၏။
34မာရိ​ကလည်း ကောင်းကင်တမန်​အား “ကျွန်မ​သည် အပျိုစင်​ဖြစ်​သောကြောင့် ဤ​အခြင်းအရာ​သည် မည်သို့​ဖြစ်လိမ့်မည်နည်း” ဟု မေး၏။
35ကောင်းကင်တမန်​က “သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင့်​အပေါ်​၌ သက်ရောက်တော်မူ​၍ အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​တန်ခိုးတော်​သည် သင့်​ကို လွှမ်းခြုံ​လိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသော​သူငယ်​သည် ဘုရားသခင်​၏​သား​ဟု ခေါ်ဝေါ်ခြင်း​ကို ခံရ​လိမ့်မည်။ 36ထို့ပြင် အမြုံ​ဟု ပြောဆို​ခံရသော သင်​၏​ဆွေမျိုး ဧလိရှဗက်​သည်လည်း အသက်အရွယ်​အိုမင်းချိန်​တွင် ကိုယ်ဝန်ဆောင်​၍ ယခု​ခြောက်လ​ရှိလေပြီ။ 37ဘုရားသခင်​မတတ်နိုင်သော​အရာ တစ်စုံတစ်ခု​မျှ မရှိ” ဟု ဆို၏။
38မာရိ​က “ကျွန်မ​သည် ထာဝရဘုရား​၏​အစေခံ​ဖြစ်ပါ၏။ အရှင်​၏​စကားတော်​အတိုင်း ကျွန်မ​၌​ဖြစ်ပါစေ” ဟု ဝန်ခံလေ၏။ ထို့နောက် ကောင်းကင်တမန်​သည်လည်း မာရိ​ထံမှ ထွက်ခွာသွားလေ၏။
ဧလိရှဗက်​ထံသို့ မာရိ သွားရောက်​လည်ပတ်ခြင်း
39မကြာမီ မာရိ​သည် တောင်ပေါ်ဒေသ​ရှိ ယုဒပြည်​၏​မြို့တစ်မြို့​သို့ အလျင်အမြန်​သွား​၍ 40ဇာခရိ​အိမ်​သို့​ဝင်​ကာ ဧလိရှဗက်​ကို နှုတ်ဆက်လေ၏။ 41မာရိ​နှုတ်ဆက်သော​အသံ​ကို ဧလိရှဗက်​ကြား​သောအခါ သူ​၏​ဗိုက်ထဲ​၌ ရှိသော​ကလေး​သည် လှုပ်လေ၏။ ဧလိရှဗက်​သည်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် ပြည့်ဝ​လျက် 42“သင်​သည် မိန်းမ​တကာတို့​ထက် မင်္ဂလာ​ရှိ၏။ သင်​၏​ဗိုက်​ထဲတွင်​ရှိသော ကလေး​သည်လည်း မင်္ဂလာ​ရှိ၏။ 43ကျွန်မ သခင်​၏​မိခင် ကျွန်မ​ထံသို့ ကြွရောက်လာသော​အခွင့်ထူး​ကို အဘယ်ကြောင့် ကျွန်မ​ခံစားရပါသနည်း။ 44သင်​၏​နှုတ်ဆက်သံ​ကို ကျွန်မ​ကြားရသည်​နှင့်​တစ်ပြိုင်နက် ကျွန်မ​ဗိုက်​ထဲတွင်​ရှိသော​ကလေး​သည် ဝမ်းမြောက်ရွှင်မြူး​၍ လှုပ်ပါ၏။ 45သင်​သည် ထာဝရဘုရား မိန့်တော်မူသော​အရာများ ပြည့်စုံမည်​ဟု ယုံကြည်​သောကြောင့် မင်္ဂလာ​ရှိ၏” ဟု ကျယ်လောင်သော​အသံ​ဖြင့် ပြောဆို၏။
မာရိ​၏​ချီးမွမ်း​သီချင်း
46မာရိ​ကလည်း
“ကျွန်မ​၏​စိတ်နှလုံး​သည် ထာဝရဘုရား​ကို ချီးမွမ်း​၍
47ကျွန်မ​၏​ဝိညာဉ်​သည် ကယ်တင်ရှင်​ဘုရားသခင်​၌ အလွန်​ဝမ်းမြောက်ပါ၏။
48အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​အစေခံ​၏​သိမ်ငယ်သော​အဖြစ်​ကို သတိပြုတော်မူ​သောကြောင့် ဖြစ်၏။
ယခု​မှစ၍ နောင်လာနောက်သားတို့​သည် ကျွန်မ​ကို မင်္ဂလာရှိသော​သူ​ဟူ၍ ခေါ်ကြ​လိမ့်မည်။
49အဘယ်ကြောင့်ဆိုသော် ကြီးမြတ်​၍ တန်ခိုး​နှင့် ပြည့်စုံတော်မူသော​အရှင်​သည် ကြီးမြတ်သော​အမှုတို့​ကို ကျွန်မ​အတွက် ပြုတော်မူ​သောကြောင့်​ဖြစ်၏။
ကိုယ်တော်​၏​အမည်​နာမတော်​သည် သန့်ရှင်းတော်မူ၏။
50ကိုယ်တော်​အား ကြောက်ရွံ့သော​သူတို့​အပေါ်​တွင်
သူ​၏​ကရုဏာတော်​ကို အစဉ်အဆက် ပြသ​လျက်​ရှိ၏။
51ကိုယ်တော်​သည် မိမိ​၏​လက်တော်​အားဖြင့် တန်ခိုး​ကို ပြတော်မူ၏။
စိတ်နှလုံး​ထဲတွင် မာနကြီး​၍ ထောင်လွှားသော​သူတို့​ကို ကွဲလွင့်​စေတော်မူပြီ။
52ရာဇပလ္လင်​မှ ရှင်ဘုရင်တို့​ကို နန်းချ​၍
နှိမ့်ချသော​သူတို့​ကို ချီးမြှောက်တော်မူပြီ။
53ဆာလောင်​မွတ်သိပ်သော​သူတို့​ကို ကောင်းမွန်​စွာ​ကျွေးမွေး​၍
ချမ်းသာကြွယ်ဝသော​သူတို့​ကို လက်ဗလာ​ဖြင့် ပြန်လွှတ်တော်မူ၏။
54-55ကိုယ်တော်​သည် ကျွန်မတို့​၏​ဘိုးဘေးများ​ဖြစ်သော
အာဗြဟံ​နှင့် သူ​၏​မျိုးဆက်များ​အား
ပေးခဲ့သော​ကတိတော်​ရှိသည့်​အတိုင်း သနားတော်မူ​ရန် အစဉ်အမြဲ​သတိရတော်မူပြီ။
ထို့ကြောင့် မိမိ​အစေခံ​အစ္စရေးလူမျိုး​ကို ကူညီမစတော်မူပြီ”
ဟု ဆို၏။
56ထို့နောက် မာရိ​သည် ဧလိရှဗက်​နှင့် သုံးလ​ခန့် အတူ​နေထိုင်​၍ မိမိ​အိမ်​သို့ ပြန်လေ၏။
နှစ်ခြင်းဆရာ​ယောဟန် မွေးဖွားလာခြင်း
57ဧလိရှဗက်​သည် နေ့လစေ့​သောအခါ သား​ယောက်ျား​ကို မွေးဖွားလေ၏။ 58ထာဝရဘုရား​သည် ကြီးမားသော​ကရုဏာတော်​ကို ဧလိရှဗက်​အပေါ် ပြသတော်မူကြောင်း​ကို အိမ်နီးချင်းများ​နှင့် ဆွေမျိုးသားချင်းတို့​ကြားကြ​သောအခါ သူ​နှင့်အတူ ဝမ်းမြောက်ကြ၏။
59ရှစ်ရက်မြောက်သော​နေ့​၌ သူတို့​သည် သူငယ်​ကို အရေပြားလှီးခြင်း​မင်္ဂလာ​ပေး​ရန် ရောက်ရှိလာကြ၏။ ထို​သူတို့​က သူငယ်​၏​ဖခင်​အမည်​အတိုင်း ဇာခရိ​ဟု မှည့်ခေါ်မည်​ပြုကြ၏။ 60သို့ရာတွင် သူငယ်​၏​မိခင်​က “ထိုသို့​မမှည့်နှင့်။ သူငယ်​ကို ယောဟန်​ဟု မှည့်ရမည်” ဟု ဆို၏။
61သူတို့​ကလည်း “သင့်​ဆွေမျိုး​ထဲတွင် ထို​အမည်​ဖြင့် မှည့်ခေါ်သော​သူ တစ်ယောက်​မျှ​မရှိပါ” ဟု ဆိုကြ၏။ 62ထို့နောက် သူငယ်​၏​ဖခင်​ဖြစ်သူ​အား သူငယ်​ကို မည်သို့​မှည့်ခေါ်​စေလိုကြောင်း လက်ဟန်ခြေဟန်​ဖြင့် မေးမြန်းကြ၏။ 63ထိုအခါ ဖခင်​က သင်ပုန်း​တစ်ချပ်​ပေး​ရန် လက်ရိပ်ပြ​တောင်းပြီး​လျှင် “သူငယ်​၏​အမည်​မှာ ယောဟန်​ဖြစ်သည်” ဟု ရေးပြ​သဖြင့် သူတို့​အားလုံး​သည် အံ့သြကြ၏။ 64ထို​ခဏချင်း​တွင် ဇာခရိ​သည် စကား​ပြန်ပြောနိုင်​၍ ဘုရားသခင်​အား စတင်​ချီးမွမ်းလေ၏။
65ထို​အရပ်​တွင် နေထိုင်သော​သူတို့​သည် အံ့သြ​ကြောက်ရွံ့​လျက် ထို​သတင်း​သည် ယုဒပြည်​တောင်ပေါ်ဒေသ​တစ်လျှောက်လုံး ပျံ့နှံ့သွားလေ၏။ 66ကြားရသော​သူ​အားလုံး​သည် ထို​အကြောင်းအရာတို့​ကို စဉ်းစားဆင်ခြင်​၍ “ဤ​သူငယ်​သည် မည်သို့သော​သူ ဖြစ်လာ​လိမ့်မည်နည်း” ဟု ဆိုကြ၏။ ထာဝရဘုရား​၏​တန်ခိုးတော်​သည် သူငယ်​နှင့်အတူ ရှိတော်မူ၏။
ဇာခရိ​၏​ကြိုတင်​ဟောပြောချက်
67သူငယ်​၏​ဖခင်​ဇာခရိ​သည် သန့်ရှင်းသော​ဝိညာဉ်တော်​နှင့် ပြည့်​၍ အနာဂတ်​ကို ဟောပြောသည်​မှာ
68“အစ္စရေးလူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​ကို ချီးမွမ်းကြပါစေသော။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် မိမိ​လူမျိုး​ထံသို့​ကြွလာတော်မူ​၍ ရွေးနုတ်ကယ်တင်တော်မူခဲ့​သောကြောင့် ဖြစ်၏။
69-71ကိုယ်တော်​သည် အကျွန်ုပ်တို့​ကို ရန်သူတို့​၏​လက်မှ​လည်းကောင်း၊
အကျွန်ုပ်တို့​ကို မုန်းသော​သူ​အပေါင်းတို့​၏​လက်မှ​လည်းကောင်း ကယ်တင်တော်မူမည်​ဟု
ရှေးအခါ​က သူ​၏​သန့်ရှင်းသော​ပရောဖက်များ​အားဖြင့်
မိန့်တော်မူခဲ့သည့်​အတိုင်း
သူ​၏​အစေခံ ဒါဝိဒ်မင်း​အမျိုးအနွယ်​ထဲမှ
တန်ခိုးကြီးသော​ကယ်တင်ရှင်#1:69-71 “တန်ခိုးကြီးသော​ကယ်တင်ရှင်” မူရင်း​ဂရိကျမ်း​တွင် “ကယ်တင်ခြင်း​ဦးချို” ဟု ဖော်ပြထားသည်။​ကို ပေါ်ထွန်းစေတော်မူပြီ။
72ကိုယ်တော်​သည် အကျွန်ုပ်တို့​၏​ဘိုးဘေးများ​အပေါ် ကရုဏာ​ပြတော်မူမည်​ဖြစ်ကြောင်း​နှင့်
သူ​၏​သန့်ရှင်းသော​ပဋိညာဉ်​ကို သတိရမည်​ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။
73-75ထို့ပြင် အကျွန်ုပ်တို့​ကို ရန်သူတို့​၏​လက်​မှ ကယ်တင်​၍
အသက်ရှင်​သမျှ​ကာလပတ်လုံး ကြောက်ရွံ့သော​စိတ်​မရှိဘဲ
အကျွန်ုပ်တို့​အား ရှေ့တော်​၌ သန့်ရှင်းခြင်း​နှင့် ဖြောင့်မတ်ခြင်းတို့​ဖြင့်
ကိုယ်တော်​၏​အမှုတော်​ကို ဆောင်ရွက်ခွင့်​ပေးမည်​ဟု
အကျွန်ုပ်တို့​၏​အဖ​အာဗြဟံ​အား
တိုင်တည်​၍ ကျိန်ဆိုတော်မူပြီ။
76အို သူငယ်…
သင်​သည် အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​ပရောဖက်​ဟု အခေါ်​ခံရ​လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်​သည် ခရစ်တော်​ကြွလာရာ​လမ်း​ကို ပြင်ဆင်ပေးရမည့်​သူ​ဖြစ်၏။
77သင်​သည် ကိုယ်တော်​၏​လူမျိုးတော်​အား မိမိတို့​၏​အပြစ်များ​ကို ဖြေလွှတ်ခြင်း​အားဖြင့်
ကယ်တင်ခြင်း​ရရှိနိုင်သည့်​အကြောင်း​ကို ပြောကြား​လိမ့်မည်။
78ဘုရားသခင်​၏​သနားခြင်း ကရုဏာ​ကြောင့်
ကောင်းကင်​မှ နေ​အရုဏ်​ပေါ်ထွက်လာ​လိမ့်မည်။
79ထို​အလင်း​သည် အမှောင်ထု​နှင့် သေခြင်းတရား​၏ အရိပ်​အောက်​တွင် နေထိုင်သော​သူများ​အပေါ် ထွန်းလင်း​၍
အကျွန်ုပ်တို့​၏​ခြေ​ကို ငြိမ်းချမ်းခြင်း​လမ်းထဲ​သို့ လမ်းညွှန်တော်မူ​လိမ့်မည်”
ဟူ၍ ဖြစ်၏။
80သူငယ်​သည်လည်း ကြီးပြင်း​၍ စိတ်​ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူ​သည် အမှုတော်​လုပ်ငန်း​ကို အစ္စရေးလူမျိုးတို့​အကြား လူသိရှင်ကြား စတင်​ဆောင်ရွက်​သည့် အချိန်​မတိုင်မီ​အထိ တောကန္တာရ​၌ နေထိုင်လေ၏။

လက်ရှိရွေးချယ်ထားမှု

လုကာ 1: BCB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ