12
ဆိုးသွမ်းသောစပျစ်ခြံလုပ်သားများ ပုံဥပမာ
1ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုး၍ ခြံခတ်လေ၏။ သူသည် ထိုခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကို တူးပြီး ကင်းစောင့်မျှော်စင်ကိုလည်း ဆောက်၏။ ထို့နောက် ထိုစပျစ်ခြံကို စပျစ်ခြံလုပ်သားများအား ငှားရမ်း၍ အခြားတိုင်းပြည်သို့ သွားလေ၏။ 2စပျစ်သီးဆွတ်ချိန် ရောက်သောအခါ စပျစ်သီးတချို့ကို ရယူရန် အစေခံတစ်ဦးကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်လိုက်၏။ 3သို့သော် စပျစ်ခြံလုပ်သားများက ထိုအစေခံအား ဖမ်းဆီးရိုက်နှက်၍ လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြ၏။ 4ထို့နောက် စပျစ်ခြံပိုင်ရှင်သည် အခြားသောအစေခံတစ်ဦးကို စေလွှတ်ပြန်၏။ သို့သော် ထိုသူတို့က ထိုအစေခံ၏ ဦးခေါင်းကို ရိုက်နှက်၍ အရှက်ခွဲကြ၏။ 5တစ်ဖန် စပျစ်ခြံပိုင်ရှင်သည် အခြားအစေခံတစ်ဦးကို စေလွှတ်ပြန်လျှင် စပျစ်ခြံလုပ်သားများက ထိုသူကို သတ်ပစ်ကြ၏။ အခြားသောအစေခံများကို စေလွှတ်သော်လည်း ထိုနည်းတူ တချို့ကို ရိုက်နှက်၍ တချို့ကို သတ်ပစ်ကြ၏။ 6ဤသို့ဖြင့် စပျစ်ခြံပိုင်ရှင်၌ ချစ်လှစွာသောသား တစ်ဦးတည်းသာ ကျန်လေ၏။ နောက်ဆုံးတွင် စပျစ်ခြံပိုင်ရှင်က ‘ငါ့သားကိုမူ သူတို့လေးစားကြလိမ့်မည်’ ဟု တွေးလျက် မိမိသားကို စေလွှတ်လိုက်၏။
7သို့သော် စပျစ်ခြံလုပ်သားများက ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။ 8ထို့နောက် သူတို့သည် စပျစ်ခြံပိုင်ရှင်၏သားကို ဖမ်း၍ သတ်ပြီးလျှင် စပျစ်ခြံပြင်၌ ပစ်ထားကြ၏။
9သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် မည်သို့ပြုလိမ့်မည်နည်း။ သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားများအား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်။ 10ကျမ်းစာ၌
‘တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည်
အရေးပါသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။
11ဤအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။
ငါတို့မျက်စိရှေ့၌လည်း အံ့ဖွယ်ဖြစ်၏’#12:11 ဆာ ၁၁၈:၂၂-၂၃။
ဟု ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော” ဟု မိန့်တော်မူ၏။
12ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများက ယေရှုသည် မိမိတို့ကို ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့သောကြောင့် ကိုယ်တော်ထံမှ ထွက်သွားကြ၏။
ဆီဇာဘုရင်အား အခွန်ပေးဆောင်ခြင်း
13ထို့နောက် သူတို့သည် ကိုယ်တော်၏ စကားတော်ထဲတွင် ဖမ်းဆီးရနိုင်သည့် အမှားမျိုးကို ရှာရန် ဖာရိရှဲတချို့နှင့် ဟေရုဒ်ဘက်တော်သားများကို ကိုယ်တော်ထံသို့ စေလွှတ်ကြ၏။ 14ထိုသူတို့သည် ကိုယ်တော်ထံသို့ လာ၍ “ဆရာတော်… ဆရာတော်သည် ဖြောင့်မှန်သောသူဖြစ်ပြီး မျက်နှာမလိုက်တတ်ကြောင်း ကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်သည် လူ့မျက်နှာကို မထောက်ဘဲ ဘုရားသခင်၏တရားလမ်းအား မှန်ကန်စွာ သွန်သင်တတ်ပါ၏။ ဆီဇာဘုရင်ကို အခွန်ပေးဆောင်ခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။ 15အကျွန်ုပ်တို့သည် အခွန်ဆက်သသင့်သလော၊ မဆက်သင့်သလော” ဟု မေးလျှောက်ကြ၏။
ယေရှုသည် ထိုသူတို့၏ လှည့်ကွက်ကို သိမြင်တော်မူ၍ “သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။ ဒင်္ဂါးပြားတစ်ပြား#12:15 မူရင်းဂရိကျမ်းတွင် “ဒေနာရိ” ဟု ပါရှိသည်။ ဒေနာရိတစ်ပြား၏ တန်ဖိုးသည် လုပ်သားတစ်ဦး၏တစ်နေ့တာလုပ်အားခနှင့် ညီမျှသည်။ကို ယူခဲ့လော့။ ငါပြောမည်” ဟု မိန့်တော်မူ၏။ 16ဒင်္ဂါးပြားတစ်ပြားကို ယူ၍ ပေးကြသောအခါ ယေရှုက “ဤဒင်္ဂါးပြားပေါ်၌ မည်သူ့ပုံနှင့် မည်သူ့အမည် ပါရှိသနည်း” ဟု မေးတော်မူ၏။
ထိုသူတို့ကလည်း “ဆီဇာဘုရင်၏ ပုံနှင့်အမည် ပါရှိသည်” ဟု လျှောက်ကြ၏။
17ထိုအခါ ယေရှုက “သို့ဖြစ်လျှင် ဆီဇာဘုရင်နှင့်ဆိုင်သောအရာများကို ဆီဇာဘုရင်အား ပေးဆောင်ကြလော့။ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အား ပေးဆောင်ကြလော့” ဟု ထိုသူတို့ကို မိန့်တော်မူလျှင် သူတို့သည် အံဩကြ၏။
ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဆွေးနွေးခြင်း
18ထို့နောက် ဇဒ္ဒုကဲ#12:18 ဇဒ္ဒုကဲမှာ ဖြောင့်မတ်သောသူများဟု အဓိပ္ပာယ်ရပြီး ဘာသာရေးထက် နိုင်ငံရေးကို ပိုမိုအလေးထားသော အုပ်စုဖြစ်သည်။ ဝိညာဉ်၊ ကောင်းကင်တမန်နှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ စသည်တို့ကို လက်မခံသော အုပ်စုဖြစ်သည်။တချို့သည် ယေရှုထံတော်သို့ ရောက်ရှိလာကြ၏။ ဇဒ္ဒုကဲတို့က သေလွန်သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိဟု ခံယူကြ၏။ သူတို့က ယေရှုအား 19“ဆရာတော်… မောရှေ၏ ပညတ်ကျမ်းထဲတွင် ဇနီးရှိသောလူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ညီဖြစ်သူက ထိုအမျိုးသမီးကို လက်ထပ်ယူ၍ အစ်ကိုဖြစ်သူ၏ မျိုးဆက်မပြတ်စေရန် ဆောင်ရွက်ရမည်#12:19 တရား ၂၅:၅-၆။ ဟု ရေးထား၏။ 20တစ်ခါက ညီအစ်ကို ခုနစ်ဦးရှိရာ အစ်ကိုကြီးသည် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုပြီး သားသမီးမထွန်းကားဘဲ ကွယ်လွန်၏။ 21ထိုအခါ ဒုတိယမြောက်ညီဖြစ်သူက ထိုအမျိုးသမီးကို ယူ၍ သားသမီးမထွန်းကားဘဲ ကွယ်လွန်ပြန်၏။ ထို့နောက် တတိယမြောက်ညီသည်လည်း ထိုအမျိုးသမီးကို ယူလေ၏။ 22ထိုသို့ ညီအစ်ကိုခုနစ်ဦးလုံးသည် တစ်ဦးနောက်တစ်ဦး ထိုအမျိုးသမီးကို ယူ၍ သားသမီးမထွန်းကားဘဲ ကွယ်လွန်ကြ၏။ နောက်ဆုံး၌ ထိုအမျိုးသမီးသည်လည်း ကွယ်လွန်သွား၏။ 23ညီအစ်ကိုခုနစ်ဦးလုံးနှင့် ပေါင်းဖက်ခဲ့သူဖြစ်သောကြောင့် သေရာမှထမြောက်မည့်ကာလတွင် ထိုအမျိုးသမီးသည် မည်သူ၏ ဇနီးဖြစ်မည်နည်း” ဟု မေးလျှောက်ကြ၏။
24ယေရှုက “သင်တို့သည် ကျမ်းစာတော်ကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် အယူလွဲနေကြ၏။
25သေရာမှထမြောက်မည့်ကာလတွင် လူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြမည်မဟုတ်။ ထိုသူတို့သည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကဲ့သို့ ဖြစ်ကြလိမ့်မည်။
26သေလွန်သောသူတို့ပြန်ရှင်ခြင်းနှင့်ပတ်သက်၍ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ သေလွန်ပြီးနောက် အချိန်ကြာမြင့်ပြီးမှလည်း ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ ဟု မိန့်တော်မူ၏။ ၎င်းကို မီးလောင်နေသောချုံပုတ်အကြောင်းတွင် မောရှေ ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။ 27သို့ဖြစ်၍ ဘုရားသခင်သည် သေသောသူတို့၏ ဘုရားမဟုတ်ပါ။ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်၏။ သင်တို့သည် အလွန်အယူလွဲကြပြီ” ဟု မိန့်တော်မူ၏။
အရေးကြီးဆုံးသောပညတ်တော်
28ကျမ်းတတ်ဆရာတစ်ဦးသည် ယေရှုနှင့်ဇဒ္ဒုကဲတို့ ငြင်းခုံပြောဆိုနေကြသည်ကို နားထောင်လျက်ရှိ၏။ ကိုယ်တော်သည် သူတို့ကို ကောင်းမွန်စွာ ဖြေတော်မူသည်ကို သတိထားမိသဖြင့် ထိုကျမ်းတတ်ဆရာက “ပညတ်တော်အားလုံးတွင် မည်သည့်ပညတ်တော်သည် အရေးကြီးဆုံးဖြစ်သနည်း” ဟု မေးလျှောက်လေ၏။
29ယေရှုက “ ‘အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရား ဖြစ်၏။ 30သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်တစ်ခုလုံး၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့’#12:30 တရား ၆:၅။ ဟူသော ပညတ်တော်သည် အရေးကြီးဆုံးဖြစ်၏။ 31ဒုတိယပညတ်တော်သည်လည်း ထိုနည်းတူဖြစ်၍ ‘ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့#12:31 ဝတ် ၁၉:၁၈။’ ဟူ၍ ဖြစ်၏။ ဤပညတ်တော်နှစ်ပါးထက် ကြီးမြတ်သောပညတ်မရှိ” ဟု မိန့်တော်မူ၏။
32ကျမ်းတတ်ဆရာက “ဆရာတော်… ဆရာတော်၏ မိန့်တော်မူချက်မှာ မှန်ကန်သောစကား ဖြစ်ပါ၏။ ဘုရားသခင်တစ်ဆူတည်းမှတစ်ပါး အခြားသောဘုရားမရှိပါ။ 33ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့၊ ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တော်တို့ကို လိုက်နာခြင်းသည် မီးရှို့ရာယဇ်နှင့် အခြားယဇ်တို့ကို ပူဇော်ခြင်းထက် သာ၍ ကြီးမြတ်ပါသည်” ဟု ပြန်၍ လျှောက်လေ၏။
34ထိုသူသည် ပညာရှိစွာ ဖြေကြားသည်ကို တွေ့မြင်တော်မူသော် ယေရှုက “သင်သည် ဘုရားသခင်၏ နိုင်ငံတော်နှင့် မဝေးလှ” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှုအား မည်သူမျှ ထပ်မံ၍ မမေးလျှောက်ဝံ့ကြပေ။
ခရစ်တော်သည် မည်သူ၏သားတော်ဖြစ်သနည်း
35ထို့နောက် ယေရှုသည် ဗိမာန်တော်၌ သွန်သင်တော်မူစဉ် “ခရစ်တော်#12:35 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။သည် ဒါဝိဒ်မင်း၏သားတော်ဖြစ်သည်ဟု အဘယ်ကြောင့် ကျမ်းတတ်ဆရာတို့က ဆိုကြသနည်း။ 36ဒါဝိဒ်မင်းကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုအားဖြင့် ပြောသောစကားမှာ
‘ထာဝရဘုရားသည် ကျွန်ုပ်၏ သခင်ကို
“ငါ၏ လက်ယာဘက်၌ ထိုင်လော့။
ငါ့သည် သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ချထားလိမ့်မည်”#12:36 ဆာ ၁၁၀:၁။
ဟူ၍ မိန့်တော်မူ၏’ ဟု ဆိုခဲ့၏။
37ဒါဝိဒ်မင်းကိုယ်တိုင်က ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ ဒါဝိဒ်မင်း၏သား ဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။ လူအုပ်ကြီးသည် ယေရှု၏ စကားတော်ကို အလွန်ဝမ်းမြောက်စွာ နားထောင်ကြ၏။
38ထိုသို့ သွန်သင်တော်မူပြီးနောက် အခြားအကြောင်းအရာများကိုလည်း ထပ်၍ မိန့်တော်မူသည်မှာ “ကျမ်းတတ်ဆရာများကို သတိပြုကြလော့။ သူတို့သည် ဝတ်ရုံရှည်များကို ဝတ်ဆင်၍ လည်ပတ်သွားလာလိုကြ၏။ ဈေးအရပ်တို့တွင် လူတို့၏ ရိုသေစွာ နှုတ်ဆက်ခြင်းကို ခံလိုကြ၏။ 39ဂျူးဝတ်ပြုဆောင်တွင် အထူးနေရာများ၌လည်းကောင်း၊ ဧည့်ခံပွဲများတွင်လည်း အထူးခုံများ၌လည်းကောင်း ထိုင်လိုကြ၏။ 40မုဆိုးမတို့၏ အိမ်များကို မတရားသိမ်းယူတတ်ပြီး ရှည်လျားစွာဆုတောင်းခြင်းဖြင့် ဘာသာရေးကိုင်းရှိုင်းသကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့သည် ပို၍ ကြီးလေးသောပြစ်ဒဏ်ကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
မုဆိုးမ၏ အလှူဒါန
41ထို့နောက် ယေရှုသည် ဗိမာန်တော် အလှူခွက်၏ မနီးမဝေးတွင် ထိုင်လျက် လူတို့သည် အလှူငွေများကို အလှူခွက်ထဲသို့ ထည့်ကြသည်ကို ကြည့်ရှုတော်မူ၏။ ချမ်းသာသောသူများက ငွေအမြောက်အမြား ထည့်ကြ၏။ 42ထိုစဉ် ဆင်းရဲသောမုဆိုးမတစ်ဦးသည် လာ၍ ကြေးဒင်္ဂါးလေး#12:42 “လဲပ်တွန်” ဟု ခေါ်သော ရှေးခေတ်ဂရိလူမျိုးများ သုံးသည့် အသေးငယ်ဆုံးသော ကြေးဒင်္ဂါးပြားကို ဆိုလိုသည်။နှစ်ပြားကို ထည့်လေ၏။
43ကိုယ်တော်သည် တပည့်တော်တို့ကို ခေါ်၍ “သင်တို့အား ငါအမှန်ဆို၏။ ဤဆင်းရဲသောမုဆိုးမသည် အခြားလှူဒါန်းကြသောလူများထက် ပို၍ လှူဒါန်းလေပြီ။ 44အခြားသောသူတို့သည် မိမိတို့ပိုလျှံသည့်ငွေကြေးထဲက လှူဒါန်းကြ၏။ သို့သော် ဤအမျိုးသမီးမှာ ဆင်းရဲလျက်နှင့်ပင် အသက်မွေးစရာ ရှိသမျှငွေကို လှူလေပြီ” ဟု မိန့်တော်မူ၏။