ယောရှု 11
11
ယောရှုသည်ယာဘိန်မင်းနှင့်သူ၏ မဟာမိတ်တို့အားနှိမ်နင်းခြင်း
1ဟာဇော်မင်းယာဘိန်သည်ဣသရေလ အမျိုးသားတို့၏စစ်အောင်ပွဲသတင်းကို ကြားရသောအခါ သူသည်မိမိနှင့်မဟာ မိတ်မင်းများဖြစ်ကြသောမာဒုန်မင်း ယောဗပ်၊ ရှိမြုန်မင်းနှင့်အာခရှပ်မင်းတို့ ထံသို့လည်းကောင်း၊- 2မြောက်ဘက်တောင်ကုန်းဒေသ၊ ဂါလိလဲ အိုင်တောင်ဘက်ယော်ဒန်မြစ်ဝှမ်း၊ တောင်ခြေ ရပ်နှင့်အနောက်ဘက်ဒေါရနယ်ကမ်းခြေ ရှိမင်းများထံသို့လည်းကောင်းအကြောင်း ကြားလိုက်လေသည်။- 3ထို့အပြင်သူသည်ယော်ဒန်မြစ်အရှေ့ ဘက်နှင့်အနောက်ဘက်တွင်နေထိုင်သော ဟိဝိအမျိုးသားတို့ထံသို့လည်း အကြောင်းကြားလိုက်လေသည်။- 4သူတို့သည်ပင်လယ်ကမ်းခြေရှိသဲပွင့် များတမျှများပြားသော စစ်သူရဲတို့ နှင့်ချီတက်လာကြလေသည်။ သူတို့တွင် မြင်းနှင့်စစ်ရထားအမြောက်အမြား ပါရှိသည်။- 5ထိုမင်းတို့သည်စုပေါင်း၍ဣသရေလ အမျိုးသားတို့ကို တိုက်ခိုက်ရန်မေရုံ ချောင်းတွင်စခန်းချကြလေသည်။
6ထာဝရဘုရားကယောရှုအား``သူတို့ ကိုမကြောက်နှင့်။ နက်ဖြန်နေ့ဤအချိန် သို့ရောက်လျှင်ငါသည်သူတို့အားလုံးကို ဣသရေလအမျိုးသားတို့လက်သို့ အသေအပ်မည်။ သင်သည်သူတို့၏မြင်း များခြေကြောကိုဖြတ်၍စစ်ရထား များကိုမီးရှို့ရမည်'' ဟုမိန့်တော်မူ၏။- 7သို့ဖြစ်၍ယောရှုနှင့်သူ၏တပ်သားအပေါင်း တို့သည် မေရုံချောင်းတွင်စခန်းချလျက်ရှိ သောရန်သူများကိုရုတ်တရက်ဝင်ရောက် တိုက်ခိုက်ရာ၊- 8ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ရန်သူများကိုအနိုင်ရစေ တော်မူ၏။ သူတို့သည်မြောက်ဘက်ဇိဒုန် မြို့နှင့်မိသရဖောသမိမ်မြို့များသို့ တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မိဇပါ ချိုင့်ဝှမ်းသို့တိုင်အောင်လည်းကောင်း ရန်သူ များကိုလိုက်လံတိုက်ခိုက်၍တစ်ယောက် မကျန်သတ်ဖြတ်သုတ်သင်ကြသည်။- 9ယောရှုသည်ထာဝရဘုရားမိန့်တော်မူ သည့်အတိုင်း ရန်သူမြင်းများ၏ခြေကြော များကိုဖြတ်၍ စစ်ရထားများကိုမီးရှို့ ဖျက်ဆီးလေသည်။
10ထိုနောက်ယောရှုသည်ပြန်လှည့်၍ဟာဇော် မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးလျှင် ၎င်း၏ မင်းကိုကွပ်မျက်လိုက်လေသည်။ (ထိုကာလ ၌ဟာဇော်သည်ထိုနိုင်ငံများတွင်အင် အားအကြီးဆုံးနိုင်ငံဖြစ်သတည်း။-) 11သူတို့သည်မြို့သူမြို့သားများကိုတစ် ယောက်မကျန်သတ်ဖြတ်သုတ်သင်၍ မြို့ ကိုမီးရှို့ဖျက်ဆီးကြသည်။
12ယောရှုသည်ထိုမင်းအပေါင်းတို့နှင့်သူ တို့စိုးစံသောမြို့များကိုတိုက်ခိုက်သိမ်း ပိုက်၍ ထာဝရဘုရား၏အစေခံမောရှေ မိန့်မှာခဲ့သည်အတိုင်း မြို့သူမြို့သား အပေါင်းတို့ကိုတစ်ယောက်မကျန်သတ် ဖြတ်သုတ်သင်လေသည်။- 13သို့ရာတွင်ဣသရေလအမျိုးသားတို့သည် ဟာဇော်မြို့မှလွဲ၍ တောင်ပေါ်တွင်တည်ထား သောအခြားမြို့များကိုမူမီးရှို့ဖျက်ဆီး ခြင်းမပြုကြ။ ဟာဇော်မြို့တစ်မြို့တည်း ကိုသာယောရှုမီးရှို့ဖျက်ဆီးခဲ့၏။- 14ဣသရေလအမျိုးသားတို့သည်ထိုမြို့ များမှပစ္စည်းဥစ္စာရှိသမျှနှင့်သိုးနွား တိရစ္ဆာန်တို့ကို မိမိတို့အတွက်သိမ်းယူ ကြသည်။ မြို့သူမြို့သားများကိုမူကား တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့ လေသည်။- 15ထာဝရဘုရားသည်မိမိ၏အစေခံ မောရှေအားမိန့်မှာတော်မူခဲ့သည်အတိုင်း မောရှေသည်ယောရှုအားတစ်ဆင့်မိန့်မှာ ခဲ့၏။ ယောရှုကလည်းမောရှေမိန့်မှာသည် အတိုင်းဆောင်ရွက်၏။ ထာဝရဘုရား ကမောရှေအားမိန့်မှာတော်မူခဲ့သမျှ တို့ကိုယောရှုလိုက်နာဆောင်ရွက်လေသည်။
ယောရှုတိုက်ခိုက်သိမ်းယူသောနယ်မြေ
16ယောရှုသည်မြောက်ဘက်ရှိတောင်ကုန်း ဒေသနှင့်တောင်ခြေဒေသများ၊ တောင်ဘက် ရှိတောင်ကုန်းဒေသနှင့်တောင်ခြေဒေသ များ၊ ဂေါရှင်ပြည်တစ်ပြည်လုံးနှင့်ယင်း ၏တောင်ဘက်ရှိခြောက်သွေ့သောဒေသ၊ ယော်ဒန်မြစ်ဝှမ်းမှစ၍တစ်ပြည်လုံး ကိုတိုက်ခိုက်သိမ်းယူခဲ့လေသည်။- 17-18ဣသရေလအမျိုးသားတို့သိမ်းယူသော နယ်မြေသည်တောင်ဘက်ဧဒုံပြည်အနီး၊ ဟာလက်တောင်မှမြောက်ဘက်ဟေရမုန် တောင်၏တောင်ဘက်လေဗနုန်ချိုင့်ဝှမ်းရှိ ဗာလဂဒ်မြို့တိုင်အောင်ကျယ်ပြန့်လေသည်။ ယောရှုသည်ထိုနယ်မြေကိုအုပ်စိုးသော မင်းများနှင့်ကြာမြင့်စွာစစ်တိုက်ရသည်။ သို့ရာတွင်သူသည်ထိုမင်းအားလုံးတို့ ကိုလက်ရဖမ်းဆီးကွပ်မျက်ခဲ့လေသည်။- 19ဣသရေလအမျိုးသားတို့သည်ဂိဗောင် မြို့တွင်နေထိုင်သော ဟိဝိအမျိုးသားတို့ နှင့်သာငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ သည်။ အခြားသောမြို့များကိုမူတိုက်ခိုက် သိမ်းယူခဲ့သည်။- 20ထိုသူအပေါင်းတို့ကိုမသနားမညှာတာ ဘဲအကုန်အစင်သုတ်သင်သတ်ဖြတ်ပစ်စေ ရန် ထာဝရဘုရားသည်ထိုသူအပေါင်းတို့ အားဇွဲသန်သန်ဖြင့် ဣသရေလအမျိုးသား တို့ကိုခုခံတိုက်ခိုက်စေတော်မူ၏။ ထိုသူတို့ ကိုအကုန်အစင်သုတ်သင်ရခြင်းမှာမောရှေ အားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းဖြစ်သတည်း။#တရား၊ ၇:၁၆။
21ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။- 22ထို့ကြောင့်ဣသရေလနိုင်ငံတွင်အာနက အမျိုးသားဟူ၍ တစ်ယောက်မျှအသက်ရှင် ၍မကျန်ရစ်ချေ။ သို့ရာတွင်ဂါဇမြို့၊ ဂါသ မြို့နှင့်အာဇုတ်မြို့များ၌သာလျှင်အာနက အမျိုးသားအချို့ကျန်ရှိကြသေးသည်။- 23ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည်အတိုင်း ယောရှုသည်ထိုပြည် တစ်ပြည်လုံးကိုတိုက်ခိုက်သိမ်းယူလေသည်။ သူသည်ဣသရေလအနွယ်အသီးသီး အားပိုင်ဆိုင်စေရန်ထိုပြည်ကိုခွဲဝေပေး လေသည်။
ထိုနောက်တစ်ပြည်လုံးငြိမ်းချမ်းသာယာ လျက်ရှိလေသတည်း။
လက်ရှိရွေးချယ်ထားမှု
ယောရှု 11: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar