ရုသ 1
1
မောဘပြည်သို့ဧလိမလက်နှင့်မိသားစု ရောက်ရှိလာခြင်း
1-2ရှေးအခါကဣသရေလနိုင်ငံတွင် ဘုရင် မရှိသေးမီအချိန်၌ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်သဖြင့် ယုဒပြည်ဗက်လင်မြို့ သားဧလိမလက်သည် မိမိ၏ဇနီးနှင့်သား နှစ်ယောက်တို့ကိုခေါ်၍မောဘပြည်တွင်ခေတ္တ သွားရောက်နေထိုင်လေသည်။ သားနှစ်ယောက် တို့၏နာမည်များမှာမဟာလုန်နှင့်ခိလျှုန် ဖြစ်၏။ သူတို့သည်ဧဖရတ်သားချင်းစု ဝင်များတည်း။ မောဘပြည်တွင်သူတို့နေ ထိုင်လျက်ရှိစဉ်၊- 3ဧလိမလက်ကွယ်လွန်သွားသဖြင့် နောမိ သည်သားနှစ်ယောက်နှင့်ကျန်ရစ်လေသည်။- 4ထိုသားတို့သည်မောဘအမျိုးသမီးများ ဖြစ်ကြသောသြရပ၊ ရုသတို့နှင့်အိမ်ထောင် ကျကြ၏။ သူတို့သည်ထိုပြည်တွင်ဆယ်နှစ် ခန့်နေထိုင်ကြပြီးနောက်၊- 5မဟာလုန်နှင့်ခိလျှုန်တို့သည်လည်းကွယ်လွန် သွားကြပြန်၏။ သို့ဖြစ်၍နောမိသည်လင် သားမဲ့အထီးကျန်ဖြစ်လေတော့၏။
ဗက်လင်မြို့သို့နောမိနှင့်ရုသပြန်လာကြခြင်း
6ကာလအတန်ကြာသောအခါ ထာဝရဘုရား သည်ကောက်ပဲသီးနှံအထွက်များစေခြင်းအား ဖြင့် မိမိ၏လူစုအားကောင်းချီးပေးတော်မူ ကြောင်းသတင်းကိုနောမိကြားရလေသည်။ သို့ ဖြစ်၍သူသည်မိမိ၏ချွေးမများနှင့်အတူ မောဘပြည်မှထွက်ခွာရန်အသင့်ပြင်လေ၏။- 7ယုဒပြည်သို့စတင်ထွက်ခွာလာကြစဉ်၊- 8နောမိကချွေးမများအား``သင်တို့သည် ကိုယ့်မိခင်များအိမ်သို့ပြန်ကြလော့။ သင်တို့သည်ငါ၏အပေါ်၌သော်လည်းကောင်း၊ ကွယ်လွန်သွားသူတို့၏အပေါ်၌လည်းကောင်း ကျေးဇူးပြုခဲ့ကြသည်နည်းတူ ထာဝရဘုရားသည် သင်တို့အားကျေးဇူးပြုတော်မူပါစေသော။- 9ထာဝရဘုရားသည်သင်တို့နှစ်ယောက် စလုံးအား နောက်အိမ်ထောင်နှင့်ပျော်ရွှင်စွာ နေထိုင်ခွင့်ကိုပေးသနားတော်မူပါစေ သော'' ဟုဆို၏။
ဤသို့ဆိုပြီးလျှင်နောမိသည် သူတို့အား နမ်းရှုတ်နှုတ်ဆက်လေ၏။ သို့ရာတွင်သူတို့ သည်ငိုကြွေးလျက်၊- 10``ကျွန်မတို့သည်အိမ်သို့မပြန်လိုပါ။ မိခင် နှင့်အတူ မိခင်၏အမျိုးသားများထံသို့ လိုက်ပါမည်'' ဟုဆိုကြ၏။
11နောမိကလည်း``ငါ့သမီးတို့၊ ပြန်သွားကြ လော့။ အဘယ်ကြောင့်ငါနှင့်လိုက်လိုကြပါ သနည်း။ သင်တို့နှင့်လက်ထပ်ထိမ်းမြားရန် အတွက် ငါသည်နောက်ထပ်သားများကို မွေးဖွားပေးနိုင်ပါသလော။- 12အိမ်သို့ပြန်ကြလော့။ ငါသည်နောက်ထပ်အိမ် ထောင်ပြုရန်အရွယ်လွန်လေပြီ။ အကယ်၍ ငါ့မှာမျှော်လင့်စရာရှိသေးသဖြင့် ယခု ပင်အိမ်ထောင်ကျ၍သားများကိုရရှိသည် ဟုဆိုစေကာမူ၊- 13သင်တို့သည်ထိုသားများကြီးပြင်းလာသည် တိုင်အောင် စောင့်ဆိုင်းနေကြပါမည်လော။ ယင်း သို့စောင့်ဆိုင်းကာနောက်အိမ်ထောင်မပြုဘဲနေ ကြပါမည်လော။ ငါ့သမီးတို့ဤသို့မဖြစ်နိုင် ကြောင်းကိုသင်တို့သိပါ၏။ ထာဝရဘုရား သည်ငါ့ကိုဒဏ်ခတ်တော်မူပြီဖြစ်၍ ငါသည် သင်တို့အတွက်အလွန်ဝမ်းနည်းပါ၏'' ဟု ဆို၏။
14သူတို့သည်လည်းတစ်ဖန်ငိုကြွေးကြ၏။ ထို နောက်သြရပသည် မိမိ၏ယောက္ခမအား နမ်းရှုတ်နှုတ်ဆက်ပြီးလျှင်အိမ်သို့ပြန်လေ၏။ ရုသမူကားမပြန်ဘဲနေ၏။- 15သို့ဖြစ်၍နောမိက``ရုသ၊ သင့်အစ်မသည် မိမိအမျိုးသားများ၊ မိမိ၏ဘုရားထံ သို့ပြန်သွားလေပြီ။ သင်သည်လည်းသူ နှင့်အတူပြန်သွားပါလော့'' ဟုပြော၏။
16သို့ရာတွင်ရုသက``မိခင်ကိုစွန့်ခွာရန် ကျွန်မ အားမတိုက်တွန်းပါနှင့်။ မိခင်နှင့်လိုက်ခွင့်ပြု ပါ။ ကျွန်မသည်မိခင်သွားရာသို့သွားပါ မည်။ မိခင်နေထိုင်ရာတွင်နေထိုင်ပါမည်။ မိခင်၏အမျိုးသားများသည်ကျွန်မ၏ အမျိုးသားများ၊ မိခင်၏ဘုရားသည် ကျွန်မ၏ဘုရားဖြစ်ပါမည်။- 17မိခင်သေရာအရပ်တွင်ကျွန်မသေပါ မည်။ ထိုအရပ်တွင်သင်္ဂြိုဟ်ခြင်းကိုခံပါမည်။ အကယ်၍ကျွန်မသည် သေခြင်းမှတစ်ပါး အခြားအကြောင်းတစ်ခုခုကြောင့် မိခင်နှင့် ခွဲခွာခဲ့လျှင်ဘုရားသခင်သည် ကျွန်မအား အဆိုးရွားဆုံးသောအပြစ်ဒဏ်ကိုပေး တော်မူပါစေသော'' ဟုပြန်ပြောလေသည်။
18မိမိနှင့်အတူလိုက်ရန် ရုသစိတ်ပိုင်းဖြတ် ထားကြောင်းနောမိသိသောအခါ ထပ်မံ မတိုက်တွန်းဘဲနေ၏။
19သူတို့သည်ဗက်လင်မြို့သို့ရောက်သည်တိုင် အောင် ဆက်လက်သွားကြ၏။ သူတို့ရောက်ရှိ ကြသောအခါ တစ်မြို့လုံးလှုပ်လှုပ်ရှားရှား ဖြစ်လျက်အမျိုးသမီးများက``ဤသူ သည်အကယ်ပင်နောမိပေလော'' ဟုမေး မြန်းကြ၏။
20နောမိကလည်း ``ငါ့ကို နောမိ'' ဟုသင်တို့ မခေါ်ကြပါနှင့်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါ့အားခါးသီးစွာပြုတော်မူ ပြီဖြစ်၍ငါ့ကို`မာရ'#1:20 နောမိ...မာရ။ ဟေဗြဲဝေါဟာရအရ နောမိ သည် ရွှင်လန်းသူ ဟုအနက်ရ၍၊ မာရ သည် ခါးသူ ဟုအနက်ရသည်။ ဟုခေါ်ကြပါလော့။- 21ဤမြို့မှထွက်ခွာသွားစဉ်အခါက ငါ့မှာ အစုံအလင်ရှိသော်လည်း ယခုထာဝရ ဘုရားသည် ငါ့အားလက်ချည်းသက်သက် ပြန်လည်ပို့ဆောင်တော်မူလေပြီ။ အနန္တ တန်ခိုးရှင်ထာဝရဘုရားသည် အပြစ်ဒဏ် စီရင်တော်မူလျက်ဒုက္ခရောက်စေတော်မူ ပြီဖြစ်၍ ငါ့ကိုအဘယ်ကြောင့် `နောမိ' ဟု ခေါ်ကြပါသနည်း'' ဟုပြန်ပြောလေ၏။
22ဤကားနောမိသည် ချွေးမဖြစ်သူမောဘ အမျိုးသမီးရုသနှင့်အတူ မောဘပြည် မှပြန်လည်ရောက်ရှိလာပုံဖြစ်ပေသည်။ သူ တို့နှစ်ယောက်သည်မုယောစပါးရိတ်သိမ်း စအချိန်၌ ဗက်လင်မြို့သို့ရောက်ရှိလာ ကြသတည်း။
လက်ရှိရွေးချယ်ထားမှု
ရုသ 1: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar