၂ ရာဇဝင်ချုပ် 20:20-30
၂ ရာဇဝင်ချုပ် 20:20-30 Judson Bible (JBMLE)
နက်ဖြန်နံနက်စောစောထ၍၊ တေကောတောသို့ ထွက်သွားကြ၏။ သွားကြစဉ်တွင်၊ ယောရှဖတ်သည် ရပ်၍၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ နားထောင်ကြလော့။ သင်တို့၏ ဘုရားသခင်ကို ယုံကြည်ကြလော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက်တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ လူများနှင့်တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု တပ်ရှေ့မှာချီသွားလျက်၊ သန့်ရှင်းခြင်းအသရေကို ချီးမွမ်းရသော သီချင်းသည်တို့ကို ထာဝရဘုရားအဖို့ ခန့်ထားတော်မူ၏။ ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှာ လာသော၊ စိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့ တစ်ဖက်၌ ထာဝရဘုရား ချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊ တစ်ဖန် စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ လှန်၍တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ရောက်ကြ၏။ ယုဒလူတို့သည် တော၌ရှိသော ကင်းမျှော်စင်သို့ရောက်၍၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ၊ ထိုလူအပေါင်းတို့သည် တစ်ယောက်မျှမလွတ်၊ မြေပေါ်မှာလဲသော အသေကောင်ဖြစ်ကြ၏။ ယောရှဖတ်နှင့် သူ၏လူတို့သည်၊ ရန်သူတို့ဥစ္စာကို လုယူခြင်းငှာ လာကြသောအခါ၊ အသေကောင်တို့၌ များစွာသောဥစ္စာ၊ အဖိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင် ချွတ်ယူကြ၏။ လက်ရဥစ္စာ အလွန်များသောကြောင့်၊ သုံးရက်ပတ်လုံး လုယူထုပ်ထားလျက် နေကြ၏။ စတုတ္ထနေ့တွင် ဗရာခချိုင့်၌စည်းဝေး၍၊ ထာဝရဘုရားကို ကောင်းချီးပေးကြ၏။ ထိုကြောင့်၊ ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ၍ တွင်သတည်း။ ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်းမြောက်သောအခွင့်ကို၊ ထာဝရဘုရားပေးတော်မူသောကြောင့်၊ ယောရှဖတ်သည် ရှေ့ဦးစွာကြွ၍ ယုဒပြည်သူ ယေရုရှလင်မြို့သား အပေါင်းတို့သည်၊ ဝမ်းမြောက်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ စောင်း၊ တယော၊ တံပိုးကို တီးမှုတ်လျက်၊ ယေရုရှလင်မြို့၊ ဗိမာန်တော်သို့ ရောက်လာကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုး၏ ရန်သူတို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည်ကြား၍၊ ဘုရားသခင်ကို ကြောက်ရွံ့ကြ၏။ ထိုသို့ ဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်ဝပ်သောအခွင့်ကို ပေးတော်မူသောကြောင့်၊ ယောရှဖတ်၏နိုင်ငံတော်သည် သာယာ၏။
၂ ရာဇဝင်ချုပ် 20:20-30 Common Language Bible (BCL)
နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။- မင်းကြီးသည်ပြည်သူတို့နှင့်တိုင်ပင်၍ဂီတ ပညာသည် အချို့ကိုနေ့ထူးနေ့မြတ်များတွင် ဝတ်ဆင်လေ့ရှိသည့်ဝတ်လုံများကိုဝတ်စေ၍ တပ်မတော်ရှေ့ကချီတက်စေပြီးလျှင်``ထာဝရ ဘုရားအားထောမနာပြုကြလော့။ ကိုယ်တော် ၏မေတ္တာတော်သည် ထာဝစဉ်တည်၏'' ဟုသီဆို ကြစေရန်အမိန့်ပေးတော်မူ၏။ သူတို့စ၍သီချင်းဆိုကြသောအခါ ထာဝရ ဘုရားသည်ချင်းနင်းဝင်ရောက်လာသောတပ် တို့ကိုကစဥ့်ကလျားဖြစ်စေတော်မူ၏။- အမ္မုန်တပ်မတော်နှင့်မောဘတပ်မတော်တို့ သည် ဧဒုံတပ်မတော်ကိုတိုက်ခိုက်ချေမှုန်း ဖျက်ဆီးပြီးလျှင် အချင်းချင်းပြန်၍ကြမ်း ကြုတ်စွာတိုက်ခိုက်ကြလေသည်။- ယုဒတပ်မတော်သည်သဲကန္တာရရှိကင်းမျှော် စင်သို့ရောက်သောအခါ ရန်သူတို့ဘက်သို့ကြည့် လိုက်ရာတစ်ယောက်မကျန်မြေပေါ်တွင်လဲသေ နေကြသည်ကိုမြင်ရကြ၏။ ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။- လေးရက်မြောက်သောနေ့၌သူတို့သည်ဗရာခ ချိုင့်ဝှမ်းတွင်စုရုံးကြလျက် ဘုရားသခင်ပြု တော်မူသောကျေးဇူးတော်အပေါင်းအတွက် ကိုယ်တော်အားထောမနာပြုကြကုန်၏။ ဤ သည်ကိုအကြောင်းပြု၍ထိုချိုင့်ဝှမ်းကို ဗရာခ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။- ယောရှဖတ်သည်အောင်ပွဲခံ၍မိမိ၏စစ် သည်တော်တို့ကို ယေရုရှလင်မြို့သို့ပြန် လည်ခေါ်ဆောင်လာတော်မူ၏။- သူတို့သည်မြို့တော်သို့ရောက်ကြသောအခါ စောင်းများ၊ တံပိုးခရာများတီးမှုတ်လျက် ဗိမာန်တော်သို့ချီတက်ကြလေသည်။- ဣသရေလအမျိုးသားများ၏ရန်သူတို့ ကို ထာဝရဘုရားအဘယ်သို့နှိမ်နင်းတော်မူ ကြောင်းကိုကြားသိရသည့်လူမျိုးအပေါင်း တို့သည်ကြောက်လန့်ကြကုန်၏။- သို့ဖြစ်၍ယောရှဖတ်သည်ငြိမ်းချမ်းစွာနန်းစံ တော်မူရ၏။ ဘုရားသခင်သည်သူ၏နိုင်ငံ အရပ်ရပ်တွင်လုံခြုံမှုရှိစေတော်မူ၏။
၂ ရာဇဝင်ချုပ် 20:20-30 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။ မင်းကြီးသည် လူတို့နှင့် တိုင်ပင်ပြီးမှ တပ်ရှေ့တွင် ချီတက်၍ ထာဝရဘုရားထံ ချီးမွမ်းသီဆိုမည့်သူ၊ သန့်ရှင်းသောအသရေတော်ကို ချီးမွမ်းမည့်သူတို့ကို ခန့်ထား၍ “ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့”ဟု သီဆိုစေကြ၏။ ထိုသို့ စတင်ချီးမွမ်းသီဆိုလိုက်သည်နှင့် ယုဒပြည်ကို ဝင်ရောက်ကျူးကျော်သည့် အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် စိရတောင်ပေါ်သားတို့အား ချောင်းမြောင်းတိုက်ခိုက်မှုကို ထာဝရဘုရားဖြစ်စေတော်မူသဖြင့် သူတို့ ရှုံးနိမ့်သွားလေ၏။ အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့သည် ထ၍ စိရတောင်ပေါ်သားတို့ကို အကုန်ချေမှုန်းဖျက်ဆီးကြ၏။ ထိုသို့ စိရတောင်ပေါ်သားတို့ကို အကုန်ချေမှုန်းပြီးနောက် အချင်းချင်းလည်းတိုက်ခိုက်ကြပြန်၏။ ယုဒလူမျိုးတို့သည် တောကန္တာရရှိ ကင်းမျှော်စင်သို့ရောက်၍ စစ်သည်ထုကြီးကို ကြည့်သောအခါ မြေပေါ်လဲကျသေဆုံးနေသောအလောင်းများကိုသာ တွေ့ရလေ၏။ လွတ်မြောက်သောသူတစ်ယောက်မျှမရှိ။ ထို့ကြောင့် ယောရှဖတ်မင်းကြီးနှင့် သူ၏လူတို့သည် တိုက်ရာပါပစ္စည်းများကို လာရောက်သိမ်းယူကြ၏။ အလောင်းများ၌ ပစ္စည်းဥစ္စာများ၊ အဖိုးတန်အသုံးအဆောင်များ အမြောက်အမြား တွေ့ရှိ၍ မိမိတို့အတွက် ချွတ်ယူကြ၏။ တိုက်ရာပါပစ္စည်း အလွန်များပြားသဖြင့် တစ်ချီတည်းမသယ်နိုင်။ သုံးရက်တိုင်တိုင် သယ်သွားကြရ၏။ စတုတ္ထမြောက်နေ့တွင် ဗေရာခချိုင့်ဝှမ်းလွင်ပြင်တွင် စုဝေးကြပြီး ထာဝရဘုရားအား ချီးမွမ်းထောမနာပြုကြ၏။ ထို့ကြောင့် ထိုနေရာသည် ဗေရာခချိုင့်ဝှမ်းလွင်ပြင်ဟု ယနေ့တိုင် အမည်တွင်လေ၏။ ထိုသို့ ရန်သူကိုအောင်နိုင်၍ ဝမ်းမြောက်ရသောအခွင့်ကို ထာဝရဘုရားပေးသနားတော်မူသောကြောင့် ယောရှဖတ်မင်းကြီးဦးဆောင်သော ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် ဂျေရုဆလင်မြို့သို့ ဝမ်းမြောက်စွာပြန်သွားကြ၏။ သူတို့သည် စောင်းပြားများ၊ စောင်းကောက်များ၊ တံပိုးခရာများ တီးမှုတ်ကြလျက် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားကြလေ၏။ အစ္စရေးလူမျိုးတို့၏ရန်သူတို့အား ထာဝရဘုရားတိုက်ခိုက်သည့်အကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအပေါင်းတို့ ကြားသိကြလျှင် ဘုရားသခင်ကို ကြောက်ရွံ့ကြလေ၏။ ယောရှဖတ်မင်းကြီး၏နိုင်ငံတော်ဝန်းကျင်အရပ်ရပ်တို့၌ သူ၏ဘုရားသခင်သည် ငြိမ်းချမ်းခြင်းကို ပေးတော်မူသဖြင့် နိုင်ငံတော်အေးချမ်းသာယာလျက်ရှိ၏။