ရှင်လုကာ 2:1-14
ရှင်လုကာ 2:1-14 Judson Bible (JBMLE)
ထိုအခါ တစ်နိုင်ငံလုံးကို စာရင်းယူစေခြင်းငှာ ကဲသာဘုရင် ဩဂုတ္တုသည် အမိန့်တော်ရှိ၏။- ကုရေနိသည် ရှုရိပြည်၌ မြို့ဝန်ဖြစ်စဉ်တွင်၊ ဤပထမစာရင်းယူခြင်း ဖြစ်သတည်း။- လူအပေါင်းတို့သည် စာရင်းဝင်ခြင်းငှာ အသီးအသီး မိမိတို့မြို့ရွာသို့ သွားကြ၏။- ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသော မယားမာရိနှင့်အတူ စာရင်းဝင်ခြင်းငှာ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့ သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။- ဗက်လင်မြို့၌ရှိနေစဉ်၊ ဖွားအံ့သော နေ့လစေ့လျှင်၊- သားဦးကိုဖွားမြင်၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာဇရပ်၌ သူတို့နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစားခွက်၌ သိပ်ထားလေ၏။ ထိုပြည်မှာ သိုးထိန်းတို့သည် ညအခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည်ဖြစ်၍၊- ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ ထာဝရဘုရား၏ ဘုန်းတော် ထွန်းတောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။- ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။- သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည် အဝတ်နှင့်ပတ်ရစ်၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊- ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင်ဗိုလ်ခြေ အများတို့သည် ချက်ချင်းထင်ရှား၍၊- ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။
ရှင်လုကာ 2:1-14 Common Language Bible (BCL)
ထိုကာလ၌ရောမနိုင်ငံတစ်ဝန်းလုံးရှိလူဦး ရေစာရင်းကိုယူရန် ကဲသာသြဂုတ္တုဘုရင်သည် အမိန့်ထုတ်ပြန်တော်မူ၏။- ဤလူဦးရေစာရင်းယူခြင်းသည် ရှုရိပြည် ဘုရင်ခံ၊ ကုရေနိလက်ထက်တွင်ပထမဆုံး အကြိမ်ဖြစ်၏။- လူအပေါင်းတို့သည် မှတ်ပုံတင်ရန်မိမိတို့ မြို့ရွာသို့သွားကြ၏။ ယောသပ်သည်လည်းမိမိထိမ်းမြားရန်သစ္စာ ကတိပြုထားသူမာရိနှင့်အတူ ဂါလိလဲပြည် နာဇရက်မြို့မှယုဒပြည်ဗက်လင်မြို့ဟုနာမည် တွင်သောဒါဝိဒ်မင်း၏မြို့သို့သွား၏။ ထိုအခါ မာရိတွင်ကိုယ်ဝန်အရင့်အမာရှိ၏။ ယောသပ် သည်ဒါဝိဒ်မင်း၏အဆက်အနွယ်ဖြစ်သော ကြောင့်ဗက်လင်မြို့သို့သွားခြင်းဖြစ်၏။- ဗက်လင်မြို့တွင်ရှိနေကြစဉ်မာရိမျက်နှာမြင် ရန်နေ့လစေ့သဖြင့်သားဦးကိုဖွားမြင်လေ၏။- ဧည့်ရိပ်သာတွင်သူတို့တည်းခိုရန်နေရာမရှိ သောကြောင့် သူငယ်တော်ကိုအနှီးဖြင့်ပတ်၍ နွားစားခွက်တွင်သိပ်ထားကြ၏။ ထိုအရပ်ဒေသတွင်သိုးထိန်းအချို့ရှိ၏။ သူ တို့သည်ညအခါကွင်းပြင်များတွင်သိုးများ ကိုစောင့်လျက်နေကြ၏။- ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူတို့၏ရှေ့မှာပေါ်လာ၏။ သူတို့ပတ်လည် တွင်ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း လင်းတောက်ပလျက်နေသဖြင့် သူတို့သည် အလွန်ကြောက်လန့်ကြ၏။- ကောင်းကင်တမန်က ``မကြောက်ကြနှင့်၊ ငါသည် လူအပေါင်းတို့အလွန်ဝမ်းမြောက်စရာသတင်း ကောင်းကိုသင်တို့ထံသို့ယူဆောင်လာ၏။- ဒါဝိဒ်မင်း၏မြို့တွင်သခင်ခရစ်တော်တည်း ဟူသောကယ်တင်ရှင်သည်သင်တို့အဖို့ယနေ့ ဖွားမြင်တော်မူပြီ။- နို့စို့သူငယ်တစ်ဦးကိုအနှီးဖြင့်ပတ်လျက် နွားစားခွက်တွင်သိပ်ထားသည်ကိုသင်တို့ တွေ့မြင်ကြလိမ့်မည်။ ဤအခြင်းအရာကို တွေ့မြင်သော်သူငယ်တော်ဖြစ်ကြောင်းသိရှိ နိုင်ကြလိမ့်မည်'' ဟုဆို၏။ ထိုကောင်းကင်တမန်အနီးတွင်များစွာသော ကောင်းကင်ဗိုလ်ခြေတို့သည်ရုတ်တရက်ပေါ် လာ၍၊ ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလျက် ``ကောင်းကင်ဘဝဂ်ဝယ်ထာဝရဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ ကမ္ဘာပေါ်တွင်ကိုယ်တော်နှစ်သက်တော်မူသော လူအပေါင်းတို့၌ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း'' ဟုမြွက်ဆိုကြ၏။
ရှင်လုကာ 2:1-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုနေ့ရက်များ၌ ဩဂုတ္တုဆီဇာသည် လက်အောက်ခံနိုင်ငံအားလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် အမိန့်ထုတ်ပြန်လေ၏။ ဤသည်ကား ကုရေနိမင်းသည် ဆီးရီးယားပြည်၏ဘုရင်ခံဖြစ်စဉ်တွင် ပထမအကြိမ်သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်၏။ ထိုအခါ လူအပေါင်းတို့သည် သန်းခေါင်စာရင်းဝင်ရန် မိမိတို့ဇာတိမြို့သို့ အသီးသီးသွားကြ၏။ ယောသပ်သည်လည်း ဒါဝိဒ်အမျိုး၊ ဒါဝိဒ်၏အဆက်အနွယ်ဖြစ်သောကြောင့် မိမိနှင့်စေ့စပ်ထားသူဖြစ်သည့် ကိုယ်ဝန်အရင့်အမာရှိသောမာရိနှင့်အတူ သန်းခေါင်စာရင်းဝင်ရန် ဂါလိလဲနယ်၊ နာဇရက်မြို့မှ ဗက်လင်မြို့ဟုခေါ်သော ယုဒနယ်ရှိ ဒါဝိဒ်မြို့သို့သွားလေ၏။ ထိုမြို့၌သူတို့ရှိနေကြစဉ် မာရိသည် သားဖွားရန်နေ့လစေ့သဖြင့် သားဦးကိုဖွားမြင်လေ၏။ ဧည့်ရိပ်သာတွင် သူတို့အတွက်နေရာမရှိသောကြောင့် သူငယ်ကိုအနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌သိပ်ထားလေ၏။ ထိုအရပ်ဒေသတွင် သိုးထိန်းများရှိကြ၍ သူတို့သည်ကွင်းပြင်၌နေလျက် မိမိတို့၏သိုးအုပ်ကို ညအခါစောင့်နေကြ၏။ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် သူတို့ရှေ့၌ပေါ်လာ၍ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သူတို့ပတ်လည်တွင်ထွန်းလင်းသဖြင့် သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြ၏။ သို့သော် ကောင်းကင်တမန်က “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ အကြောင်းမူကား လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်စရာဖြစ်မည့် ကောင်းမြတ်သောသတင်းကို သင်တို့အား ငါပြောကြားမည်။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသောကယ်တင်ရှင်သည် သင်တို့အတွက် ဖွားမြင်တော်မူပြီ။ သင်တို့သိနိုင်သည့် အမှတ်လက္ခဏာဟူမူကား အနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်၌ သိပ်ထားသောကလေးငယ်ကို သင်တို့တွေ့ကြလိမ့်မည်”ဟု သူတို့အား မြွက်ဆိုလေ၏။ ထိုခဏချင်းတွင် ထိုကောင်းကင်တမန်နှင့်အတူ များစွာသောကောင်းကင်ဗိုလ်ခြေသည်ပေါ်လာ၍ ဘုရားသခင်ကိုချီးမွမ်းကာ “အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့အပေါ် ငြိမ်သက်ခြင်းရှိစေသတည်း”ဟု မြွက်ဆိုကြ၏။