ဆာလံ 46:1-7
ဆာလံ 46:1-7 Judson Bible (JBMLE)
ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။ ထိုကြောင့် ပထဝီမြေကြီးသည်ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်း၊ ငါတို့သည် ကြောက်လန့်ခြင်းမရှိ။ သမုဒ္ဒရာရေသည် ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ။ လှိုင်းတံပိုးထသဖြင့်၊ တောင်များတုန်လှုပ်ပါလေစေ။ မြစ်တစ်မြစ်ရှိသေး၏။ ထိုမြစ်ရေသည်စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသောမြို့တော်ကို ရွှင်လန်းစေတတ်၏။ ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာဖြစ်၍ တုန်လှုပ်ခြင်းမရှိရာ။ မိုးသောက်လင်းစ၌ ဘုရားသခင် ကူမတော်မူလိမ့်မည်။ လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံတို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်အမျိုး၏ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။
ဆာလံ 46:1-7 Common Language Bible (BCL)
ဘုရားသခင်သည်ငါတို့ခိုလှုံရာ၊ ငါတို့စွမ်းအားဖြစ်တော်မူ၏။ ဒုက္ခရောက်ချိန်၌ငါတို့အားကူမရန်အစဉ်ပင် အသင့်ရှိတော်မူ၏။ သို့ဖြစ်၍ပထဝီမြေကြီးတုန်လှုပ်လျက် တောင်များသည်နက်ရှိုင်းရာသမုဒ္ဒရာထဲသို့ ကျလျှင်သော်လည်းကောင်း၊ ပင်လယ်လှိုင်းတံပိုးထ၍အသံမြည်ဟည်းသဖြင့် တောင်များတုန်လှုပ်သော်လည်းကောင်းငါတို့သည် ကြောက်လန့်လိမ့်မည်မဟုတ်။ ဘုရားသခင်၏မြို့တော်တည်းဟူသော အမြင့်မြတ်ဆုံးဘုရားကိန်းဝပ်တော်မူရာ ဌာနတော်ကိုသာယာရွှင်လန်းစေသော မြစ်ရှိ၏။ ထိုမြို့တော်သည်ဘုရားသခင်ကိန်းဝပ်တော် မူရာ ဖြစ်သဖြင့်အဘယ်အခါ၌မျှမပျက်စီးရ။ နေအရုဏ်တက်စအချိန်၌ကိုယ်တော်သည် ကြွလာတော်မူ၍ထိုမြို့ကိုကူမတော်မူ လိမ့်မည်။ လူမျိုးအပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ၏။ ဘုရားသခင်မိန့်မြွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်အရည်ပျော်လေ၏။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
ဆာလံ 46:1-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။ ထို့ကြောင့် မြေကြီးသည် ပြောင်းလဲသွား၍ တောင်များသည် သမုဒ္ဒရာ၏အလယ်ဗဟိုသို့ ရွေ့သွားကြလျှင်ပင်လည်းကောင်း၊ ထိုသမုဒ္ဒရာ၏ရေတို့သည် ဟုန်းဟုန်းမြည်လျက် ပွက်ပွက်ထကာ တစ်ဟုန်ထိုးတက်လာ၍ တောင်များတုန်ခါကြလျှင်ပင်လည်းကောင်း ငါတို့သည် ကြောက်ရွံ့ကြမည်မဟုတ်။ (စေလာ ) မြစ်တစ်မြစ်ရှိ၏။ ၎င်း၏ရေစီးကြောင်းတို့သည် အမြင့်ဆုံးသောအရှင်၏ သန့်ရှင်းသောကိန်းဝပ်တော်မူရာတဲတော် တည်းဟူသော ဘုရားသခင်၏မြို့တော်ကို ဝမ်းမြောက်စေ၏။ ဘုရားသခင်သည် ထိုမြို့တော်အလယ်၌ ရှိတော်မူသည်ဖြစ်၍ ထိုမြို့တော်သည် တုန်လှုပ်မည်မဟုတ်။ နံနက်အချိန်ရောက်သောအခါ ဘုရားသခင်သည် ထိုမြို့တော်ကိုကူညီမစတော်မူလိမ့်မည်။ လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။ (စေလာ )