ဆာလံကျမ်း 46
46
ကျွန်ုပ်တို့၏ခိုလှုံရာဘုရားသခင်
ဂီတမှူးအတွက်၊ ကောရသားတို့၏ဆာလံ၊ အာလမုတ်သံစဉ်၊ သီချင်း
1ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။
ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။
2ထို့ကြောင့် မြေကြီးသည် ပြောင်းလဲသွား၍ တောင်များသည်
သမုဒ္ဒရာ၏အလယ်ဗဟိုသို့ ရွေ့သွားကြလျှင်ပင်လည်းကောင်း၊
3ထိုသမုဒ္ဒရာ၏ရေတို့သည် ဟုန်းဟုန်းမြည်လျက် ပွက်ပွက်ထကာ တစ်ဟုန်ထိုးတက်လာ၍
တောင်များတုန်ခါကြလျှင်ပင်လည်းကောင်း ငါတို့သည် ကြောက်ရွံ့ကြမည်မဟုတ်။(စေလာ#46:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
4မြစ်တစ်မြစ်ရှိ၏။ ၎င်း၏ရေစီးကြောင်းတို့သည် အမြင့်ဆုံးသောအရှင်၏
သန့်ရှင်းသောကိန်းဝပ်တော်မူရာတဲတော် တည်းဟူသော ဘုရားသခင်၏မြို့တော်ကို ဝမ်းမြောက်စေ၏။
5ဘုရားသခင်သည် ထိုမြို့တော်အလယ်၌ ရှိတော်မူသည်ဖြစ်၍ ထိုမြို့တော်သည် တုန်လှုပ်မည်မဟုတ်။
နံနက်အချိန်ရောက်သောအခါ ဘုရားသခင်သည် ထိုမြို့တော်ကိုကူညီမစတော်မူလိမ့်မည်။
6လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။
ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
7ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။
ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ#46:7 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
8ကမ္ဘာမြေကြီးပေါ်တွင် ကြီးစွာသောပျက်စီးခြင်းများဖြစ်ပေါ်စေသည့်
ထာဝရဘုရား၏အမှုတော်များကို လာ၍ကြည့်ရှုကြလော့။
9ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းတိုင်အောင် စစ်ပွဲတို့ကိုအဆုံးသတ်စေတော်မူ၏။
လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်ကာ စစ်ရထားတို့ကို မီးဖြင့်ရှို့တော်မူ၏။
10“ငြိမ်ဝပ်စွာနေ၍ ငါသည်ဘုရားသခင်ဖြစ်ကြောင်း သိမှတ်ကြလော့။
ငါသည် လူမျိုးတကာတို့အလယ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။”
11ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။
ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ#46:11 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 46: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative