ဆာလံကျမ်း 47
47
ကျွန်ုပ်တို့၏ရှင်ဘုရင် ဘုရားသခင်
ဂီတမှူးအတွက်၊ ကောရသားတို့၏ဆာလံ
1လူမျိုးအပေါင်းတို့၊ လက်ခုပ်တီးကြလော့။
ရွှင်လန်းစွာကြွေးကြော်သောအသံဖြင့် ဘုရားသခင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
2အကြောင်းမူကား အမြင့်ဆုံးသောအရှင် ထာဝရဘုရားသည် အံ့ဩဖွယ်အရှင်၊
ကမ္ဘာမြေတစ်ခွင်လုံးကိုအုပ်စိုးသော ကြီးမြတ်သည့်ရှင်ဘုရင်ဖြစ်တော်မူ၏။
3ကိုယ်တော်သည် လူမျိုးတကာတို့ကို ငါတို့အောက်၌လည်းကောင်း၊
တိုင်းသူပြည်သားတို့ကို ငါတို့၏ခြေဖဝါးအောက်၌လည်းကောင်း ငြိမ်ဝပ်ပိပြားစေတော်မူ၏။
4ကိုယ်တော်သည် မိမိချစ်တော်မူသည့် ယာကုပ်၏ဂုဏ်ယူဝင့်ကြွားစရာတည်းဟူသော
ငါတို့၏အမွေကို ငါတို့အတွက်ရွေးချယ်တော်မူ၏။(စေလာ#47:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5ဘုရားသခင်သည် ဝမ်းမြောက်စွာကြွေးကြော်သော အသံနှင့် တက်သွားတော်မူ၏။
ထာဝရဘုရားသည် တံပိုးမှုတ်သံနှင့် တက်သွားတော်မူ၏။
6ဘုရားသခင်ကို သီဆိုချီးမွမ်းကြလော့။ သီဆိုချီးမွမ်းကြလော့။
ငါတို့၏ရှင်ဘုရင်ကို သီဆိုချီးမွမ်းကြလော့။ သီဆိုချီးမွမ်းကြလော့။
7အကြောင်းမူကား ဘုရားသခင်သည် ကမ္ဘာမြေတစ်ခွင်လုံး၏ရှင်ဘုရင်ဖြစ်တော်မူ၏။
အလိမ္မာသီချင်းဖြင့် သီဆိုချီးမွမ်းကြလော့။
8ဘုရားသခင်သည် လူမျိုးတကာတို့ကိုစိုးစံတော်မူ၏။
ဘုရားသခင်သည် မိမိ၏သန့်ရှင်းသော ပလ္လင်တော်ပေါ်၌ထိုင်တော်မူ၏။
9လူမျိုးတကာတို့၏မင်းအရာရှိတို့သည် အာဗြဟံ၏ဘုရားသခင်ပိုင်တော်မူသော လူမျိုးတော်အဖြစ် စုဝေးလာကြ၏။
အကြောင်းမူကား ကမ္ဘာမြေကြီး၏ဒိုင်းလွှားတို့ကို ဘုရားသခင်ပိုင်တော်မူ၏။
ကိုယ်တော်သည် ချီးမြှောက်ခြင်းကို အထူးခံရတော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 47: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative