ဆာလံကျမ်း 45
45
တော်ဝင်ထိမ်းမြားမင်္ဂလာသီချင်း
ဂီတမှူးအတွက်၊ “နှင်းပန်း”သံစဉ်၊ ကောရသားတို့၏အလိမ္မာသီချင်း၊ မေတ္တာသီချင်း
1ငါ့စိတ်နှလုံးသည် ကောင်းမြတ်သောစကားနှင့် ပြည့်လျှံလျက်ရှိ၏။
ရှင်ဘုရင်အတွက် ငါစီကုံးသောအရာများကို ငါရွတ်ဆိုမည်။
ငါ့လျှာသည် ကျွမ်းကျင်သောစာရေးဆရာ၏ ကလောင်တံကဲ့သို့ဖြစ်၏။
2ကိုယ်တော်သည် လူသားတို့ထက် အဆင်းလှပါ၏။
ကိုယ်တော်၏နှုတ်ခမ်းသည် ကျေးဇူးတော်ဖြင့် ဘိသိက်ခံရပါ၏။
ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲကောင်းချီးပေးတော်မူပြီ။
3တန်ခိုးကြီးသောအရှင်၊ ကိုယ်တော်၏ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်တည်းဟူသော
ကိုယ်တော်၏ဓားကိုနံဘေးတွင် စည်းတော်မူပါ။
4သမ္မာတရား၊ နှိမ့်ချခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့်ဆိုင်သောအရေးကိစ္စအတွက်
ကိုယ်တော်၏ဘုန်းအာနုဘော်ကိုဆောင်လျက် အောင်မြင်စွာစီးနင်းကြွမြန်းတော်မူပါ။
ကိုယ်တော်၏လက်ယာလက်တော်သည် အံ့ဩဖွယ်အမှုတို့ကို ကိုယ်တော်အားပြသပါစေသော။
5ကိုယ်တော်၏မြားတို့သည် ချွန်ထက်၍ ရှင်ဘုရင်၏ရန်သူတို့နှလုံးသားထဲသို့စူးဝင်ကြ၏။
လူမျိုးတကာတို့သည် ခြေတော်အောက်၌လဲကြပါ၏။
6အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်တော်သည် ကာလအစဉ်အဆက်တည်၍
တရားမျှတသောရာဇလှံတံသည် ကိုယ်တော့်နိုင်ငံတော်၏ရာဇလှံတံဖြစ်ပါ၏။
7ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်၍ တရားမဲ့ခြင်းကိုမုန်းတော်မူ၏။
ထို့ကြောင့် ဘုရားသခင်တည်းဟူသော ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်များထက်
ကိုယ်တော်ကို ရွှင်မြူးခြင်းဆီနှင့် ဘိသိက်ပေးတော်မူ၏။#ဟေဗြဲ 1:9။
8ကိုယ်တော်၏အဝတ်ရှိသမျှတို့သည် မုရန်၊ သစ်မွှေး၊ သစ်ကြံပိုးတို့ဖြင့် မွှေးကြိုင်လျက်ရှိပါ၏။
ဆင်စွယ်နန်းတော်များမှ ကြိုးတပ်တူရိယာတို့သည် ကိုယ်တော်ကိုဝမ်းမြောက်စေပါ၏။
9ကိုယ်တော်၏မြင့်မြတ်သောအမျိုးသမီးများထဲတွင် ရှင်ဘုရင်တို့၏သမီးတော်များပါဝင်ကြပါ၏။
မိဖုရားသည် ဩဖိရရွှေ ဆင်မြန်းလျက် ကိုယ်တော်၏လက်ယာဘက်တွင် ရပ်နေပါ၏။
10သမီး၊ နားထောင်လော့။ ကြည့်ရှုဆင်ခြင်၍နားစွင့်လော့။
သင့်လူမျိုးနှင့် သင့်ဖခင်၏အိမ်ကို မေ့ထားလော့။
11ရှင်ဘုရင်သည် သင်၏အလှကို လိုလားနှစ်သက်တော်မူလိမ့်မည်။
သူသည် သင်၏သခင်ဖြစ်သောကြောင့် သူ့ရှေ့၌ ပျပ်ဝပ်လော့။
12တိုင်ရာမြို့၏သမီးသည် လက်ဆောင်ပဏ္ဏာပါလျက်လာ၍
လူတို့ထဲမှချမ်းသာသောသူတို့သည် သင့်ထံမျက်နှာရရန် ကြိုးစားကြလိမ့်မည်။
13ရှင်ဘုရင်၏သမီးတော်သည် ဂုဏ်ကျက်သရေအပေါင်းနှင့်ပြည့်စုံလျက် အတွင်းဆောင်၌ရှိ၏။
သူ၏အဝတ်တန်ဆာကို ရွှေချည်ဖြင့်ရောစပ်ရက်လုပ်ထား၏။
14ဇာပန်းထိုးထည်ဆင်မြန်းထားသောသူ့ကို ရှင်ဘုရင်ထံသို့ပို့ဆောင်ကြ၏။
သူ၏အပေါင်းအဖော်များဖြစ်ကြသော သူ့နောက်လိုက်သည့်အပျိုတော်တို့ကိုလည်း
ကိုယ်တော့်ထံသို့ခေါ်ဆောင်လာကြပါ၏။
15သူတို့ကို ဝမ်းမြောက်ခြင်းနှင့်ရွှင်လန်းခြင်းဖြင့် ပို့ဆောင်ကြ၍
သူတို့သည် ဘုရင့်နန်းတော်သို့ ဝင်ကြ၏။
16ကိုယ်တော်၏သားတို့သည် ကိုယ်တော့်ဘိုးဘေးတို့၏ အရိုက်အရာကိုဆက်ခံသူများဖြစ်ကြ၍
ကိုယ်တော်သည် သူတို့ကို ကမ္ဘာမြေတစ်ခွင်လုံး၌ အကြီးအကဲများဖြစ်စေတော်မူလိမ့်မည်။
17အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို မျိုးဆက်အစဉ်အဆက်အား အောက်မေ့စေပါမည်။
ထို့ကြောင့် လူမျိုးတကာတို့သည် ကာလအစဉ်အဆက် ကိုယ်တော်ကိုချီးမွမ်းကြပါလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 45: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative