ဆာလံကျမ်း 44
44
အစ္စရေးအမျိုးသားတို့၏ညည်းတွားဆုတောင်းခြင်း
ဂီတမှူးအတွက်၊ ကောရသားတို့၏အလိမ္မာသီချင်း
1အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့က သူတို့လက်ထက် ရှေးကာလ၌ ကိုယ်တော်ပြုတော်မူသောအမှုကို
အကျွန်ုပ်တို့အားပြောပြကြ၍ အကျွန်ုပ်တို့၏နားဖြင့် ကြားရကြပါ၏။
2ကိုယ်တော်သည် လူမျိုးခြားတို့ကို ကိုယ်တော်၏လက်တော်ဖြင့်နှင်ထုတ်ပြီး ဘိုးဘေးတို့ကို အခြေချစေတော်မူ၏။
တိုင်းသူပြည်သားတို့ကိုနှိမ်နင်း၍ ဘိုးဘေးတို့ကိုပြန့်ပွားစေတော်မူ၏။
3အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။
သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။
ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။
အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
4အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။
ယာကုပ်၏အောင်ပွဲကိုစီမံတော်မူပါ။
5အကျွန်ုပ်တို့သည် အကျွန်ုပ်တို့အား ရန်ဖက်ပြုသောသူတို့ကို ကိုယ်တော်အားဖြင့် တွန်းလှန်ကြပါ၏။
အကျွန်ုပ်တို့တစ်ဖက်၌ထကြွသောသူတို့ကို ကိုယ်တော်၏နာမတော်အားဖြင့် နင်းချေကြပါ၏။
6အကြောင်းမူကား အကျွန်ုပ်သည် အကျွန်ုပ်၏လေးကိုမကိုးစားပါ။
အကျွန်ုပ်၏ဓားသည်လည်း အကျွန်ုပ်ကိုမကယ်တင်နိုင်ပါ။
7ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူတို့လက်မှကယ်တင်တော်မူ၏။
အကျွန်ုပ်တို့အား မုန်းသောသူတို့ကိုလည်း အရှက်ကွဲစေတော်မူ၏။
8အကျွန်ုပ်တို့သည် ဘုရားသခင်၌ တစ်နေ့လုံးဂုဏ်ယူဝါကြွား၍
ကိုယ်တော်၏နာမတော်ကို အစဉ်အမြဲချီးမွမ်းကြပါမည်။(စေလာ#44:8 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
9သို့သော် ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်၍ အသရေပျက်စေတော်မူပြီ။
အကျွန်ုပ်တို့၏ဗိုလ်ခြေများနှင့်အတူလည်း ချီတက်တော်မမူတော့ပါ။
10ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရန်သူတို့ထံမှ နောက်ဆုတ်စေတော်မူ၍
အကျွန်ုပ်တို့ကိုမုန်းသောသူတို့သည် အကျွန်ုပ်တို့ကိုတိုက်ခိုက်လုယက်ကြပါ၏။
11ကိုယ်တော်သည် သတ်စားစရာသိုးများကဲ့သို့ အကျွန်ုပ်တို့ကိုအပ်လိုက်၍
လူမျိုးခြားတို့အလယ်တွင် အကျွန်ုပ်တို့ကိုကွဲလွင့်စေတော်မူ၏။
12ကိုယ်တော်သည် မိမိလူမျိုးတော်ကို အဖိုးအနည်းငယ်ဖြင့်ရောင်းချပြီး
သူတို့ကိုရောင်းချခြင်းမှ မည်သည့်အကျိုးအမြတ်မျှရရှိတော်မမူခဲ့ပါ။
13ကိုယ်တော်သည် အကျွန်ုပ်တို့ကို အကျွန်ုပ်တို့၏အိမ်နီးချင်းများအတွက် ကဲ့ရဲ့ပြစ်တင်စရာ၊
အကျွန်ုပ်တို့၏ပတ်လည်၌ရှိသောသူတို့အတွက် အထင်အမြင်သေးစရာနှင့် ပြက်ရယ်ပြုစရာဖြစ်စေတော်မူပါ၏။
14ကိုယ်တော်သည် အကျွန်ုပ်တို့ကို တိုင်းနိုင်ငံတို့အလယ်တွင် လူအများပြောစရာဖြစ်စေပြီး
လူတို့အလယ်တွင် ဟားစရာဖြစ်စေတော်မူ၏။
15-16ကဲ့ရဲ့ပြစ်တင်သောသူ၊ စော်ကားပြောဆိုသောသူများ၏အသံကြောင့်လည်းကောင်း၊
ရန်သူနှင့် လက်တုံ့ပြန်သူရှိနေသောကြောင့်လည်းကောင်း
အကျွန်ုပ်သည် တစ်နေ့လုံးအသရေပျက်ရပါ၏။
အကျွန်ုပ်၏မျက်နှာသည်လည်း အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းလျက်ရှိပါ၏။
17ဤအရာအားလုံး အကျွန်ုပ်တို့အပေါ်ကျရောက်ခဲ့သော်လည်း အကျွန်ုပ်တို့သည် ကိုယ်တော်ကိုမမေ့လျော့ခဲ့ပါ။
ကိုယ်တော်၏ပဋိညာဉ်တော်ကိုလည်း မဖောက်ဖျက်ခဲ့ပါ။
18အကျွန်ုပ်တို့၏စိတ်နှလုံးသည် နောက်ပြန်မဆုတ်ခဲ့ပါ။
အကျွန်ုပ်တို့၏ခြေလှမ်းများသည်လည်း ကိုယ်တော်၏လမ်းစဉ်မှ သွေဖည်မသွားခဲ့ပါ။
19သို့သော် ကိုယ်တော်သည် ခွေးအတို့နေရာအရပ်တွင် အကျွန်ုပ်တို့ကိုကြေမွစေ၍
သေခြင်း၏အရိပ်ဖြင့် အကျွန်ုပ်တို့ကိုဖုံးလွှမ်းခဲ့ပါ၏။
20အကျွန်ုပ်တို့သည် မိမိတို့ဘုရားသခင်၏နာမတော်ကို မေ့လျော့ခဲ့လျှင်လည်းကောင်း၊
အခြားသောဘုရားထံသို့ အကျွန်ုပ်တို့၏လက်ကို ဆန့်ခဲ့လျှင်လည်းကောင်း
21ဘုရားသခင်သည် ထိုအမှုကို မစစ်ကြောဘဲနေတော်မူမည်လော။
အကြောင်းမူကား ကိုယ်တော်သည် စိတ်နှလုံး၏လျှို့ဝှက်ချက်များကို သိတော်မူ၏။
22အကျွန်ုပ်တို့သည် ကိုယ်တော်အတွက် တစ်နေ့လုံးသေခြင်းနှင့်ရင်ဆိုင်နေကြရပါ၏။
အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏။#ရော 8:36။
23အို ဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်နေတော်မူသနည်း။ ထတော်မူပါ။
အကျွန်ုပ်တို့ကို အစဉ်ငြင်းပယ်တော်မမူပါနှင့်။
24ကိုယ်တော်သည် အဘယ်ကြောင့် မျက်နှာလွှဲတော်မူပါသနည်း။
အကျွန်ုပ်တို့ခံစားရသော ဖိစီးနှိပ်စက်မှုနှင့်ညှဉ်းပန်းမှုကို အဘယ်ကြောင့် မေ့လျော့တော်မူပါသနည်း။
25အကြောင်းမူကား အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မြေမှုန့်သို့တိုင်အောင် ဝပ်တွားရပြီး
အကျွန်ုပ်တို့၏ဝမ်းဗိုက်သည် မြေကြီးပေါ်တွင် ပြားကပ်နေပါ၏။
26ထတော်မူပါ။ အကျွန်ုပ်တို့ကို ကူညီမစတော်မူပါ။
ကိုယ်တော်၏မေတ္တာကရုဏာတော်ကိုထောက်၍ အကျွန်ုပ်တို့ကို ရွေးနုတ်ကယ်တင်တော်မူပါ။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 44: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative