ယောဟန် 3
3
ယေရှုနှင့် နိကောဒင်
1ဂျူးလူမျိုးခေါင်းဆောင်များအနက် နိကောဒင်ဟု ခေါ်သော ဖာရိရှဲတစ်ဦးရှိ၏။ 2သူသည် ညအခါ ယေရှုထံသို့ လာပြီးလျှင် “ဆရာတော်#3:2 မူရင်းဂရိကျမ်းတွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။ ၃:၂၆ တွင်လည်း ထို့အတူဖြစ်သည်။… ဘုရားသခင်အတူရှိတော်မမူလျှင် ဆရာတော်ပြုသောနိမိတ်လက္ခဏာများကို မည်သူမျှ ပြုနိုင်မည်မဟုတ်သည်ကို ထောက်၍ ဆရာတော်သည် ဘုရားသခင်ထံတော်မှ ကြွလာသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်ပြုတော်မူသော နိမိတ်လက္ခဏာများကိုထောက်ရှု၍ ဘုရားသခင်သည် ဆရာတော်နှင့်အတူရှိတော်မူသည့် သက်သေထင်ရှားပါ၏” ဟု လျှောက်လေ၏။
3ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း#3:3 “အသစ်တစ်ဖန်မွေးဖွားခြင်း” မူရင်းဂရိကျမ်းအရ “အထက်မှ မွေးဖွားခြင်း” ဟုလည်း အဓိပ္ပာယ်ရသည်။ (၃:၇) မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
4နိကောဒင်က “အသက်ကြီးသောသူသည် မည်သို့လျှင် မွေးဖွားခြင်းခံနိုင်ပါမည်နည်း။ သူသည် မိခင်ဝမ်းဗိုက်ထဲ ပြန်လည်ဝင်၍ အသစ်တစ်ဖန်မွေးဖွားခြင်းကို ခံနိုင်ပါမည်လော” ဟု မေးလျှောက်လေ၏။
5ယေရှုက “သင့်အား ငါအမှန်ဆို၏။ ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။ 6အသွေးအသားအားဖြင့် မွေးဖွားသူသည် အသွေးအသားဖြစ်၏။ သို့သော် ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည် ဝိညာဉ်ဖြစ်၏။ 7ထို့ကြောင့် ‘အသစ်တစ်ဖန်မွေးဖွားခြင်းခံရမည်’ ဟု ငါပြောသည်ကို မအံ့သြနှင့်။ 8လေသည် လိုရာအတိုင်း တိုက်တတ်၏။ သင်သည် လေသံကို ကြားရသော်လည်း မည်သည့်အရပ်က တိုက်လာသည်၊ မည်သည့်အရပ်သို့တိုက်လိမ့်မည်ကို မသိ။ ထိုနည်းတူ ဝိညာဉ်တော်အားဖြင့် လူတို့ကို မည်ကဲ့သို့ မွေးဖွားကြောင်း သင်မသိနိုင်” ဟု မိန့်တော်မူ၏။
9နိကောဒင်က “ဤအရာတို့သည် မည်သို့ဖြစ်နိုင်ပါမည်နည်း” ဟု လျှောက်၏။
10ယေရှုက “သင်သည် အစ္စရေးလူမျိုးတို့၏ ဓမ္မဆရာဖြစ်လျက်နှင့်ပင် ဤအရာများကို နားမလည်သလော။ 11ငါအမှန်ဆိုရလျှင် ငါတို့သည် မိမိသိသောအရာကို ပြောကြ၏။ မိမိမြင်ဖူးသောအရာကို သက်သေခံကြ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် လက်မခံကြ။ 12လောကီနှင့်ဆိုင်သော အကြောင်းအရာများကို ငါပြောသောအခါ သင်တို့မယုံကြည်လျှင် ကောင်းကင်ဘုံနှင့်ဆိုင်သော အကြောင်းအရာများကို ငါပြောသော် မည်သို့ယုံကြည်နိုင်ကြမည်နည်း။ 13ကောင်းကင်ဘုံမှ ဆင်းသက်လာသော လူသား#3:13 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသော ဂုဏ်ပုဒ်ဖြစ်သည်။မှလွဲ၍ မည်သူမျှ ကောင်းကင်ဘုံသို့ မရောက်ဖူး။ 14မောရှေသည် တောကန္တာရ၌ ကြေးမြွေရုပ်ကို တိုင်ထိပ်တွင် မြှောက်ထားသကဲ့သို့ လူသားသည်လည်း မြှောက်ထားခြင်းခံရလိမ့်မည်။ 15ဤသို့ပြုရခြင်းသည် လူသားကို ယုံကြည်သောသူတိုင်း ထာဝရအသက်ရရှိစေရန်ဖြစ်၏။
16ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။ 17ဘုရားသခင်သည် မိမိ၏ သားတော်ကို လောကသို့ စေလွှတ်တော်မူသည်မှာ လောကီသားတို့ကို အပြစ်စီရင်ရန် မဟုတ်။ လောကီသားတို့ကို သားတော်အားဖြင့် ကယ်တင်ရန်ဖြစ်၏။
18သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းမခံရ။ မယုံကြည်သောသူမှာမူ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းခံရပြီ။ 19အပြစ်စီရင်ခြင်းခံရသည့် အကြောင်းရင်းမှာ ဘုရားသခင်၏အလင်းတော်သည် ဤကမ္ဘာလောကသို့ ကြွလာသော်လည်း လူတို့သည် အကျင့်ဆိုးတို့ကို ကျင့်သောကြောင့် ထိုအလင်းတော်ထက် အမှောင်ထုကို ပို၍ နှစ်သက်ကြ၏။ 20အကျင့်ဆိုးတို့ကို ကျင့်သောသူတို့သည် အလင်းကို မုန်းကြ၏။ မိမိတို့၏ အကျင့်ဆိုးများ ပေါ်လာမည်ကို စိုးသောကြောင့် အလင်းသို့ မချဉ်းကပ်ကြ။ 21သမ္မာတရားကို ကျင့်သောသူတို့ကမူ မိမိတို့လုပ်ဆောင်သမျှသည် ဘုရားသခင်၏ အလိုတော်နှင့်ညီကြောင်းကို ပေါ်လွင်စေရန် အလင်းသို့ ချဉ်းကပ်ကြသည်” ဟု မိန့်တော်မူ၏။
ယေရှုကို နှစ်ခြင်းဆရာယောဟန် ချီးမြှောက်ဂုဏ်ပြုခြင်း
22ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ဂျေရုဆလင်မြို့မှ ယုဒနယ်သို့ကြွတော်မူ၏။ ထိုအရပ်တွင် တပည့်တော်တို့နှင့်အတူ နေ၍ နှစ်ခြင်းမင်္ဂလာပေးတော်မူ၏။
23ယောဟန်သည်လည်း ရှာလိမ်မြို့အနီး၊ အဲနုန်အရပ်တွင် ရေပေါများသဖြင့် ထိုအရပ်၌ နှစ်ခြင်းမင်္ဂလာ ပေးလျက်နေ၏။ လူတို့သည် ယောဟန်ထံ လာ၍ နှစ်ခြင်းမင်္ဂလာခံယူကြ၏။ 24ထိုအချိန်တွင် ယောဟန်သည် ထောင်မကျသေးပေ။ 25ထိုအခါ သန့်ရှင်းစင်ကြယ်ခြင်းဓလေ့ထုံးတမ်းနှင့်ပတ်သက်၍ ယောဟန်၏ တပည့်များနှင့် ဂျူးလူမျိုးတစ်ဦးသည် အငြင်းပွားကြ၏။ 26ထို့ကြောင့် သူတို့သည် ယောဟန်ထံသို့ လာ၍ “ဆရာတော်… ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတွင် ဆရာတော်နှင့် တွေ့ဆုံခဲ့သောသူကို မှတ်မိသေးသလော။ ဆရာတော်ကပင် ထိုသူသည် ခရစ်တော်#3:26 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။ဖြစ်ကြောင်း သက်သေခံပေးခဲ့ပါ၏။ ယခု သူသည် နှစ်ခြင်းမင်္ဂလာပေးလျက်နေပါ၏။ လူအပေါင်းတို့သည် ကျွန်ုပ်တို့ထံမလာဘဲ ထိုသူထံသို့ သွားကြပါသည်” ဟု ဆိုကြ၏။
27ယောဟန်က “ဘုရားသခင်သည် ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် မည်သည့်အရာကိုမျှ မရရှိနိုင်ပါ။ 28‘ငါသည် ခရစ်တော်မဟုတ်။ ခရစ်တော်၏ ရှေ့တော်ပြေးသာ ဖြစ်သည်’ ဟု ရှင်းလင်းစွာ ငါပြောသည်ကို သင်တို့သိကြ၏။ 29သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။ 30ထိုအရှင်သည် သာ၍ တိုးပွားလာရမည်။ ငါမူကား ဆုတ်ယုတ်လာရမည်။
31အထက်မှ ကြွလာသောအရှင်သည် အရာအားလုံးထက် ကြီးမြတ်၏။ ကမ္ဘာလောကမှ ဖြစ်ပွားသောသူသည် လောကီသားဖြစ်၍ လောကီနှင့်ဆိုင်သောအရာများကိုသာ ပြောဆို၏။ ကောင်းကင်ဘုံမှ ကြွလာသောအရှင်သည် အရာအားလုံးထက် ကြီးမြတ်၏။ 32ထိုအရှင်သည် မိမိမြင်ခဲ့၊ ကြားခဲ့သမျှကို သက်သေခံသော်လည်း ထိုသက်သေကို မည်သူမျှ လက်မခံကြ။ 33ထိုအရှင်၏ သက်သေကို လက်ခံသောသူကမူ ဘုရားသခင်သည် ဖြောင့်မှန်တော်မူသည်ဟု သတ်မှတ်၏။ 34ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို အကန့်အသတ်မရှိ ပေးတော်မူသောကြောင့် ဖြစ်၏။ 35ခမည်းတော်သည် သားတော်ကို ချစ်တော်မူသဖြင့် အရာအားလုံးကို သားတော်လက်သို့ ပေးအပ်ထားတော်မူပြီ။ 36သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်၏စကားကို နားမထောင်သောသူမှာမူ ထာဝရအသက်ကို မရဘဲ ဘုရားသခင်၏ အမျက်တော်သည်သာ ထိုသူအပေါ်၌ တည်နေမည်ဖြစ်၏” ဟု ဟောလေ၏။
Iliyochaguliwa sasa
ယောဟန် 3: BCB
Kuonyesha
Shirikisha
Nakili
Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.