ယောဟန် 8
8
1သို့သော် ယေရှုသည် သံလွင်တောင်သို့ ကြွတော်မူ၏။
အိမ်ထောင်ရေးဖောက်ပြန်သော အမျိုးသမီးကို စီရင်ခြင်း
2နောက်တစ်နေ့ နံနက်စောစောတွင် ယေရှုသည် ဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူ၏။ လူတို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြသဖြင့် ကိုယ်တော်သည် ထိုင်တော်မူပြီးလျှင် သူတို့ကို သွန်သင်တော်မူ၏။ 3ထိုစဉ် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲများသည် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာကာ လူတို့ရှေ့တွင် ထားကြ၏။ ထိုအမျိုးသမီးသည် အိမ်ထောင်ရေးဖောက်ပြန်နေစဉ် အဖမ်းခံရခြင်းဖြစ်၏။
4ထိုသူတို့က “ဆရာတော်… ဤအမျိုးသမီး အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်နေစဉ်တွင်ပင် အကျွန်ုပ်တို့သည် သူ့ကို ဖမ်းမိပါ၏။ 5ထိုကဲ့သို့သော အမျိုးသမီးကို ကျောက်ခဲနှင့်ပေါက်သတ်ရန် မောရှေသည် ပညတ်ကျမ်းတွင် ကျွန်ုပ်တို့ကို ပညတ်ထားခဲ့ပါ၏။ သို့သော် ဆရာတော်သည် မည်သို့ ဆိုမည်နည်း” ဟု လျှောက်ကြ၏။
6သူတို့သည် ယေရှုကို ပြစ်တင်စွပ်စွဲနိုင်ရန် ထိုသို့ လျှောက်ထား၍ ထောင်ချောက်ဆင်ကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် အောက်သို့ငုံ့၍ မြေပြင်ပေါ်တွင် လက်ညှိုးတော်ဖြင့် ရေးခြစ်လျက်နေတော်မူ၏။ 7ထိုသူတို့က ထပ်တလဲလဲ မေးလျှောက်ကြသဖြင့် ယေရှုသည် ကိုယ်ကို မတ်လျက် “သင်တို့ထဲမှ အပြစ်ကင်းသောသူသည် သူ့ကို ကျောက်ခဲနှင့် ပထမဦးဆုံး ပစ်ပေါက်ပါစေ” ဟု မိန့်တော်မူ၏။ 8ထို့နောက် ယေရှုသည် တစ်ဖန် အောက်သို့ ငုံ့၍ မြေပေါ်တွင် ရေးခြစ်လျက်နေတော်မူပြန်၏။
9ထိုသူတို့သည် ယေရှု၏ စကားတော်ကို ကြားသောအခါ အသက်ကြီးသူများက အစပြု၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ၏။ ထိုအခါ ယေရှုသာလျှင် ထိုနေရာ၌ရပ်နေသော ထိုအမျိုးသမီးနှင့် ကျန်ရစ်တော်မူ၏။ 10ယေရှုသည် ကိုယ်ကို မတ်လျက် “နှမငယ်… ထိုသူတို့သည် အဘယ်မှာနည်း။ တစ်ယောက်မျှ သင့်ကို အပြစ်မစီရင်သလော” ဟု မေးတော်မူ၏။
11ထိုအခါ အမျိုးသမီးက “တစ်ဦးတစ်ယောက်မျှ မစီရင်ပါ သခင်” ဟု ဖြေဆိုလေ၏။ ယေရှုက “ငါသည်လည်း သင့်ကို မစီရင်ပါ။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန် အပြစ်မပြုနှင့်” ဟု မိန့်တော်မူ၏။#8:11 အစောဆုံးကျသော ဂရိလက်ရေးမူကျမ်းများတွင် (ယော ၇:၅၃–၈:၁၁) မပါဝင်ပါ။
လောက၏အလင်းရှင် ယေရှု
12တစ်ဖန် ယေရှုက လူတို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရရှိ၍ အမှောင်ထုထဲတွင် သွားလာရမည်မဟုတ်” ဟု မိန့်တော်မူ၏။
13ထိုအခါ ဖာရိရှဲများက “သင်သည် မိမိအကြောင်းမိမိ သက်သေခံနေ၏။ ထို့ကြောင့် သင်၏ သက်သေသည် မခိုင်လုံပါ” ဟု ဆိုကြ၏။
14ယေရှုက “ငါသည် မိမိအကြောင်းမိမိ သက်သေခံသော်လည်း ငါ့သက်သေသည် ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် မည်သည့်အရပ်မှ လာ၍ မည်သည့်အရပ်သို့ သွားမည်ကို ငါသိ၏။ သင်တို့ကမူ ငါသည် မည်သည့်အရပ်မှ လာ၍ မည်သည့်အရပ်သို့ သွားမည်ကို မသိကြ။ 15သင်တို့သည် လူ့စံနှုန်းအတိုင်း စီရင်တတ်ကြ၏။ သို့သော် ငါသည် မည်သူ့ကိုမျှ မစီရင်။ 16ငါစီရင်လျှင်လည်း ငါတစ်ဦးတည်း စီရင်ခြင်းမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်နှင့်အတူ စီရင်ခြင်းဖြစ်၏။ ထို့ကြောင့် ငါ၏ စီရင်ချက်သည် မှန်ကန်၏။ 17သင်တို့၏ ပညတ်ကျမ်းတွင်လည်း လူနှစ်ဦးထွက်ဆိုသော သက်သေသည် ညီလျှင် ထိုသက်သေ ခိုင်လုံကြောင်း ရေးသားထား၏။ 18ငါသည် ကိုယ့်အကြောင်းကို သက်သေခံ၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏” ဟု မိန့်တော်မူ၏။
19ထိုအခါ သူတို့က “သင်၏ ခမည်းတော်သည် အဘယ်မှာရှိသနည်း” ဟု မေးကြ၏။ ယေရှုက “သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မသိကြ။ ငါ့ကို သိလျှင် ငါ့ခမည်းတော်ကိုလည်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။ 20ကိုယ်တော်သည် ဗိမာန်တော်၏ အလှူခွက်ထားရာနေရာအနီးတွင် သွန်သင်တော်မူစဉ် ဤစကားတော်တို့ကို မိန့်တော်မူ၏။ သို့သော်လည်း ကိုယ်တော်၏အချိန် မကျရောက်သေးသောကြောင့် မည်သူမျှ မဖမ်းဆီးကြ။
မယုံကြည်သောသူများကို သတိပေးတော်မူခြင်း
21တစ်ဖန် ယေရှုက “ငါသွားရမည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ သို့သော်လည်း သင်တို့သည် သင်တို့၏အပြစ်ကြောင့် သေဆုံးကြရမည်။ ငါသွားမည့် အရပ်သို့ သင်တို့ လိုက်နိုင်မည်မဟုတ်” ဟု မိန့်တော်မူ၏။
22ထိုအခါ ဂျူးလူမျိုးတို့က “သူသည် ‘ငါသွားမည့်အရပ်သို့ သင်တို့ လိုက်နိုင်မည်မဟုတ်’ ဟု ပြောဆိုသည်မှာ မိမိကိုယ်ကိုယ် သတ်သေရန် ကြံစည်နေသလော” ဟု ပြောဆိုကြ၏။
23ယေရှုက “သင်တို့သည် အောက်အရပ်က ဖြစ်ကြ၏။ ငါသည် အထက်အရပ်က ဖြစ်၏။ သင်တို့သည် လောကီသားများဖြစ်ကြ၏။ ငါသည် လောကီသားမဟုတ်။ 24ထို့ကြောင့် ‘သင်တို့သည် သင်တို့၏အပြစ်ကြောင့် သေဆုံးကြရမည်’ ဟု ငါပြောဆိုခြင်းဖြစ်၏။ ငါသည် ထိုအရှင်ဖြစ်ကြောင်း သင်တို့ မယုံကြည်သရွေ့ သင်တို့သည် သင်တို့၏ အပြစ်ကြောင့် သေဆုံးကြရမည်” ဟု မိန့်တော်မူ၏။
25ထိုအခါ သူတို့က “သင်သည် မည်သူနည်း” ဟု မေးကြ၏။ ယေရှုက “ငါမည်သူဖြစ်ကြောင်းကို သင်တို့ကို အစဦးကပင် ပြောခဲ့ပြီ။ 26သင်တို့နှင့်ပတ်သက်၍ ငါပြောစရာများစွာ၊ စီရင်စရာများစွာ ရှိ၏။ သို့သော်လည်း ငါမပြော၊ မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုစေလွှတ်တော်မူသော အရှင်ထံမှ ကြားသိသောအရာများကိုသာ လောကီသားတို့ကို ငါဟောပြော၏။ ထိုအရှင်သည် ဖြောင့်မှန်သောအရှင် ဖြစ်တော်မူသည်” ဟု မိန့်တော်မူ၏။ 27ယေရှုသည် ခမည်းတော်ကို ရည်ညွှန်း၍ မိန့်တော်မူသည်ကို ထိုသူတို့သည် နားမလည်ကြ။
28ထို့ကြောင့် ယေရှုက “သင်တို့သည် လူသား#8:28 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသော ဂုဏ်ပုဒ်ဖြစ်သည်။ကို လက်ဝါးကပ်တိုင်ပေါ်တွင် တင်ထားသောအချိန်၌ ငါသည် ထိုအရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် မည်သည့်အမှုကိုမျှ မိမိသဘောဖြင့် မလုပ်ဆောင်ဘဲ ခမည်းတော်ညွှန်ကြားတော်မူသည့်အတိုင်း ဟောပြောသည်ကိုလည်းကောင်း သိကြလိမ့်မည်။ 29ငါ့ကို စေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူ ရှိတော်မူ၏။ ငါသည် ထိုအရှင်၏ စိတ်တော်နှင့် တွေ့သောအရာကိုသာ အစဉ်လုပ်ဆောင်သဖြင့် ထိုအရှင်သည် ငါ့ကို တစ်ကိုယ်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။ 30ထိုသို့ မိန့်တော်မူသည်ကို ကြားသောလူများစွာသည် ယေရှုကို ယုံကြည်လာကြ၏။
ယေရှုနှင့် အာဗြဟံ
31ယေရှုက မိမိကို ယုံကြည်သောဂျူးလူမျိုးတို့အား “ငါ့သွန်သင်ချက်ကို လိုက်နာလျှင် သင်တို့သည် အမှန်ပင် ငါ့တပည့်ဖြစ်ကြ၏။ 32သမ္မာတရားကိုလည်း သိသဖြင့် ထိုသမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
33ထိုသူတို့က “အကျွန်ုပ်တို့သည် အာဗြဟံ၏ မျိုးဆက်များဖြစ်ကြ၏။ မည်သည့်အခါကမျှ သူတစ်ပါးကျွန် မဖြစ်ခဲ့ကြပါ။ ထို့ကြောင့် ‘သင်တို့ကို လွတ်မြောက်စေလိမ့်မည်’ ဟူ၍ အဘယ်ကြောင့်ဆိုသနည်း” ဟု လျှောက်ကြ၏။
34ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ အပြစ်ကျူးလွန်သောသူသည် အပြစ်၏ကျွန် ဖြစ်၏။ 35ကျွန်သည် သခင့်အိမ်တွင် အိမ်သားအဖြစ် အမြဲနေရသည်မဟုတ်။ သားဖြစ်သူသာလျှင် အမြဲနေရ၏။ 36ထို့ကြောင့် သားတော်သည် သင်တို့ကို လွတ်မြောက်စေပါက သင်တို့သည် အမှန်တကယ်လွတ်မြောက်ကြလိမ့်မည်။ 37သင်တို့သည် အာဗြဟံ၏ မျိုးဆက်များဖြစ်ကြောင်းကို ငါသိ၏။ သို့သော်လည်း သင်တို့သည် ငါ၏ သွန်သင်ချက်ကို လက်မခံလိုသောကြောင့် ငါ့ကို သတ်ရန် ရှာကြံကြ၏။ 38ငါသည် ငါ့ခမည်းတော်ထံ မြင်တွေ့ခဲ့ရသည့် အကြောင်းအရာများကို ပြောဆို၏။ သင်တို့သည်လည်း သင်တို့ ဖခင်ထံမှ ကြားသိသော အရာများကို လုပ်ဆောင်ကြ၏” ဟု မိန့်တော်မူ၏။
39သူတို့ကလည်း “အကျွန်ုပ်တို့၏ ဖခင်သည် အာဗြဟံဖြစ်သည်” ဟု ပြန်၍လျှောက်ကြ၏။
ယေရှုက “သင်တို့သည် အာဗြဟံ၏သားသမီးများ ဖြစ်ကြလျှင် အာဗြဟံ၏ ပြုသကဲ့သို့ ပြုကြလိမ့်မည်။ 40ယခုမှာမူ သင်တို့သည် ဘုရားသခင်ထံတော်မှ ကြားနာခဲ့ရသည့် သမ္မာတရားကို ဟောပြောသောငါ့ကို သတ်ရန် ရှာကြံကြ၏။ အာဗြဟံကမူ ထိုသို့မပြုခဲ့ပေ။ 41သင်တို့သည် သင်တို့ဖခင်၏ အကျင့်အတိုင်း ကျင့်ကြ၏” ဟု မိန့်တော်မူ၏။
ထိုသူတို့ကလည်း “အကျွန်ုပ်တို့သည် တရားမဝင်သောသားသမီးများ မဟုတ်။ ဘုရားသခင်သည်သာလျှင် အကျွန်ုပ်တို့၏ ဖခင်စစ်ဖြစ်တော်မူ၏” ဟု ဆိုကြ၏။
42ယေရှုက “ဘုရားသခင်သည် သင်တို့၏ အဖဖြစ်ပါက သင်တို့သည် ငါ့ကို ချစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ဘုရားသခင်ထံမှ လာ၏။ မိမိသဘောအတိုင်း လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ်တော်မူ၏။ 43ငါ့စကားကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ ထိုသို့နားမလည်ခြင်းမှာ ငါ့သွန်သင်ချက်ကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ပင် ဖြစ်၏။ 44သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။ 45သမ္မာတရားကို ငါပြောသော် သင်တို့သည် ငါ့ကို မယုံကြည်ဘဲနေကြ၏။ 46သင်တို့အထဲမှ မည်သူသည် ငါ့ထံတွင် အပြစ်ရှိသည်ဟု စွပ်စွဲမည်နည်း။ ငါသည် သမ္မာတရားကို ပြောဆိုနေသည်မှန်လျှင် အဘယ်ကြောင့် သင်တို့မယုံကြည်ကြသနည်း။ 47ဘုရားသခင်၏လူ ဖြစ်လျှင် ဘုရားသခင်၏စကားကို နားထောင်လိမ့်မည်။ သင်တို့သည် ဘုရားသခင်၏ လူမဟုတ်သောကြောင့် နားမထောင်ကြ” ဟု မိန့်တော်မူ၏။
48ဂျူးလူမျိုးတို့က “သင်သည် ရှမာရိလူမျိုးဖြစ်ပြီး နတ်ဆိုးပူးသောသူလည်းဖြစ်သည်ဟူ၍ ငါတို့ပြောဆိုကြသည်မှာ မှန်သည်မဟုတ်လော” ဟု ဆိုကြ၏။
49ယေရှုက “ငါသည် နတ်ဆိုးပူးသောသူမဟုတ်။ ငါသည် ငါ့ခမည်းတော်ကို ရိုသေ၏။ သင်တို့ကမူ ငါ့ကို မရိုသေကြ။ 50ငါသည် ကိုယ့်ဘုန်းအသရေကို မရှာ။ သို့သော်လည်း ဘုရားသခင်သည် ငါ့အတွက် ဘုန်းအသရေကိုရှာတော်မူ၏။ ဘုရားသခင်သည် စစ်မှန်သောတရားစီရင်သူဖြစ်တော်မူ၏။ 51သင်တို့အား ငါအမှန်ဆို၏။ ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ” ဟု မိန့်တော်မူ၏။
52ဂျူးလူမျိုးတို့က “သင်သည် နတ်ဆိုးပူးသောသူဖြစ်ကြောင်း ယခုငါတို့ သိပြီ။ အာဗြဟံနှင့် ပရောဖက်တို့သည်လည်း သေဆုံးကြ၏။ သို့သော်လည်း သင်က ‘ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ’ ဟု ဆို၏။ 53သင်သည် ငါတို့၏ဖခင်ကြီး အာဗြဟံထက် ပို၍ ကြီးမြတ်သလော။ သူသည် ကွယ်လွန်ခဲ့ပြီ။ ပရောဖက်တို့သည်လည်း ကွယ်လွန်ကြပြီ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မည်သူဟု ထင်မှတ်သနည်း” ဟု ပြောဆိုကြ၏။
54ယေရှုက “ငါသည် ကိုယ့်ကိုယ်ကိုယ် ဘုန်းကြီးစေလျှင် ငါ့ဘုန်းသည် အချည်းနှီးဖြစ်၏။ ငါ့ကို ဘုန်းကြီးစေသောအရှင်သည် ငါ့ခမည်းတော်ဖြစ်၏။ သင်တို့က ထိုအရှင်ကို ‘ငါတို့၏ ဘုရားသခင်’ ဟု ဆိုကြ၏။ 55သို့သော်လည်း ထိုအရှင်ကို သင်တို့မသိကြ။ ငါမူကား သိ၏။ ငါမသိဟု ဆိုလျှင် ငါသည် သင်တို့ကဲ့သို့ လိမ်လည်သောသူဖြစ်လိမ့်မည်။ ငါသည် ထိုအရှင်ကို သိ၍ ထိုအရှင်၏ စကားတော်ကိုလည်း နားထောင်၏။ 56သင်တို့၏ ဖခင်ကြီးအာဗြဟံသည် ငါကြွလာမည့် နေ့ရက်ကို တွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးခဲ့၏။ တွေ့မြင်ရသောအခါ၌လည်း ဝမ်းမြောက်ခဲ့၏” ဟု မိန့်တော်မူ၏။
57ထိုအခါ ဂျူးလူမျိုးများက “သင်သည် အသက်ငါးဆယ်ပင် မရှိသေး။ မည်ကဲ့သို့ အာဗြဟံကို မြင်ဖူးပါမည်နည်း” ဟု ဆိုကြ၏။
58ယေရှုက “ငါအမှန်ဆိုရလျှင် အာဗြဟံ မဖြစ်မီကပင် ငါဖြစ်၏” ဟု မိန့်တော်မူ၏။ 59ထိုအခါ သူတို့သည် ယေရှုကို ပေါက်ရန် ကျောက်ခဲများကို ကောက်ကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။
Iliyochaguliwa sasa
ယောဟန် 8: BCB
Kuonyesha
Shirikisha
Nakili
Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.