လုကာ 14
14
ဥပုသ်နေ့၌ ကျန်းမာစေတော်မူခြင်း
1ဥပုသ်နေ့တစ်နေ့၌ ယေရှုသည် ညစာသုံးဆောင်ရန် ဖာရိရှဲ#14:1 ဂျူးဓလေ့ထုံးတမ်းနှင့် ဥပဒေစည်းကမ်းကို တင်းကျပ်စွာ လိုက်နာသည့် ဂျူးဘာသာရေးခေါင်းဆောင်များ။ခေါင်းဆောင်တစ်ဦး၏အိမ်သို့ ဝင်တော်မူ၏။ ထိုအခါ လူတို့သည် ယေရှုအား စောင့်ကြည့်နေကြ၏။ 2ရှေ့တော်တွင် ရေဖျဉ်းစွဲသောလူနာတစ်ဦး ရှိသဖြင့် 3ယေရှုက ဖာရိရှဲများနှင့် ကျမ်းတတ်ပညာရှင်များအား “ဥပုသ်နေ့၌ လူနာတစ်ဦးကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးတော်မူ၏။ 4သို့သော် သူတို့သည် မဖြေဘဲ တိတ်ဆိတ်နေကြသဖြင့် ယေရှုက လူနာကိုတို့ထိ၍ ရောဂါမှကျန်းမာစေပြီးလျှင် အိမ်သို့ပြန်စေတော်မူ၏။ 5ထို့နောက် ယေရှုက သူတို့အား “သင်တို့၏သား#14:5 အချို့လက်ရေးမူကျမ်းများတွင် “မြည်း” ဟု ဖော်ပြထားသည်။ဖြစ်စေ၊ နွားပင်ဖြစ်စေ ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ချင်းဆယ်ယူကြသည်မဟုတ်လော” ဟု မေးတော်မူ၏။ 6ဤအချက်ကိုလည်း သူတို့သည် မတုံ့ပြန်နိုင်ကြပေ။
နှိမ့်ချခြင်းအကြောင်း သွန်သင်တော်မူခြင်း
7ဖိတ်ခေါ်ခြင်းခံရသော ဧည့်သည်များသည် စားပွဲဝိုင်း၏အထူးနေရာကိုသာ ရွေးချယ်လျက် ရှိကြောင်းကို ယေရှုသည် မြင်တော်မူလျှင် သူတို့အား ပုံဥပမာပေး၍ မိန့်တော်မူ၏။ 8ယေရှုက “တစ်စုံတစ်ယောက်သည် သင့်အား မင်္ဂလာပွဲသို့ ဖိတ်ခေါ်သောအခါ အထူးနေရာ၌ မထိုင်နှင့်။ သင့်ထက် ဂုဏ်ရှိသူတစ်ဦးကို ဖိတ်ခေါ်ထား၍ ရောက်လာခဲ့လျှင် 9သင်တို့နှစ်ဦးလုံးကို ဖိတ်ခေါ်သောပွဲရှင်သည် သင့်ထံသို့ လာ၍ ‘သင့်နေရာ၌ ဤပုဂ္ဂိုလ်အား ထိုင်စေလော့’ ဟူ၍ ပြောလိမ့်မည်။ ထိုအခါ သင်သည် အရှက်ရလျက် နောက်ဆုံး နေရာ၌သာ ထိုင်ရလိမ့်မည်။
10သို့ဖြစ်၍ သင်သည် ဖိတ်ခေါ်ခြင်းခံရသောအခါ နောက်ဆုံးနေရာ၌သာ ထိုင်လော့။ ထိုသို့ပြုလျှင် ပွဲရှင်သည် သင့်ကို မြင်သောအခါ ‘မိတ်ဆွေ… ရှေ့၌ နေရာရှိပါသည်’ ဟူ၍ ပြောလိမ့်မည်။ ထိုအခါ သင်နှင့်အတူထိုင်သော ဧည့်သည်အားလုံး ရှေ့တွင် သင်သည် ဂုဏ်အသရေရှိလိမ့်မည်။ 11မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
12ထို့နောက် ယေရှုက မိမိအားဖိတ်ခေါ်သူဘက်သို့ လှည့်၍ “သင်သည် နေ့လယ်စာ၊ သို့မဟုတ် ညစာစားပွဲပြုလုပ်သောအခါ သင်၏မိတ်ဆွေများ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးများနှင့် ချမ်းသာသောအိမ်နီးချင်းများကို မဖိတ်ခေါ်နှင့်။ သူတို့သည်လည်း သင့်အား ပြန်လည်ဖိတ်ခေါ်၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။ 13သို့သော် သင်သည် ပွဲကျင်းပသောအခါ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ ခြေမသန်သူများနှင့် မျက်စိမမြင်သူများကို ဖိတ်ခေါ်လော့။ 14ထိုသို့ ကျေးဇူးမတုံ့ပြန်နိုင် သူများကို ဖိတ်ခေါ်သည့်အတွက် သင်သည် မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သောသူများ ထမြောက်မည့်ကာလ၌ ဘုရားသခင်သည် သင့်အား ကျေးဇူးတုံ့ပြန်လိမ့်မည်” ဟု မိန့်တော်မူ၏။
မင်္ဂလာဧည့်ခံပွဲပုံဥပမာ
15ယေရှုအနီးတွင် ထိုင်နေသူတစ်ဦးက ထိုစကားတော်ကို ကြားသောအခါ “ဘုရားသခင်၏နိုင်ငံတော်ထဲ၌ စားသောက်ခွင့်ရမည့်သူသည် မင်္ဂလာရှိ၏” ဟု လျှောက်လေ၏။
16ထိုအခါ ယေရှုက ပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “လူတစ်ဦးသည် စားသောက်ပွဲကြီးတစ်ခုကို ပြင်ဆင်ပြီး လူများကို ဖိတ်ခေါ်လေ၏။ 17ပွဲစတင်ရန် အချိန်ရောက်သောအခါ ဖိတ်ခေါ်ခံထားရသောသူများထံ အစေအပါးတို့ကို စေလွှတ်၍ ‘လာကြလော့၊ ပွဲသည် အဆင်သင့်ဖြစ်ပါပြီ’ ဟု ပြောစေ၏။ 18သို့ရာတွင် လူတိုင်းက အကြောင်းပြချက်များပေးကြ၏။ တစ်ဦးက ‘စိတ်မရှိပါနှင့်။ အကျွန်ုပ်သည် မြေကွက်အနည်းငယ်ကို ဝယ်ထားသဖြင့် သွားကြည့်ရပါမည်’ ဟု ပြောလေ၏။ 19နောက်တစ်ဦးက ‘စိတ်မရှိပါနှင့်။ နွားငါးရှဉ်းကို ဝယ်ယူထားသဖြင့် သူတို့ကို သွား၍ စမ်းသပ်ရပါမည်’ ဟု ဆို၏။ 20အခြားတစ်ဦးကလည်း ‘အကျွန်ုပ်သည် အိမ်ထောင်ပြုစဖြစ်၍ မလာနိုင်ပါ’ ဟု ပြော၏။
21အစေအပါးသည်လည်း ပြန်လာ၍ ထိုအကြောင်းအရာများကို သခင်ဖြစ်သူထံ တင်ပြလေ၏။ ထိုအခါ သခင်သည် အမျက်ထွက်၍ ထိုအစေအပါးအား ‘မြို့ထဲလမ်းမ၊ လမ်းသွယ်၊ လမ်းကြားသို့ ချက်ချင်းသွား၍ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ မျက်စိမမြင်သူများနှင့် ခြေမသန်သူများကို ခေါ်လော့’ ဟု စေခိုင်းပြန်၏။ 22အစေအပါးသည် ထိုသို့ဆောင်ရွက်ပြီးနောက် သူက ‘သခင်… နေရာလွတ်များ ကျန်ရှိနေသေးသည်’ ဟု ပြန်ပြော၏။ 23သခင်ဖြစ်သူက အစေအပါးအား ‘မြို့ပြင်လမ်းမများနှင့် လမ်းကြိုလမ်းကြားများသို့ သွား၍ တွေ့မြင်သမျှလူတို့ကို ပွဲသို့ ခေါ်ဆောင်လာပြီး အိမ်ကို ပြည့်စေလော့။ 24သို့သော် ယခင်က ဖိတ်ကြားထားသောသူ တစ်ယောက်မျှ ငါ၏စားသောက်ပွဲသို့ မဝင်စေနှင့်ဟု သင်တို့အား ငါပြောပြီ’ ဟု မှာကြားလေသည်” ဟူ၍ ဖြစ်၏။
တပည့်တော်ဖြစ်ခြင်းအတွက် ပေးဆပ်ရမည့်အဖိုးအခ
25ထို့နောက် လူအုပ်ကြီးသည် ယေရှုနောက်သို့ လိုက်ပါလျက်ရှိကြသဖြင့် ယေရှုသည် ထိုသူတို့ဘက်သို့ လှည့်၍ 26“ငါ့ထံသို့လာသောသူသည် ငါ့ကိုချစ်သည်ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမများနှင့် မိမိအသက်ကို ပို၍ ချစ်သောသူဖြစ်လျှင် ထိုသူသည် ငါ့တပည့်မဖြစ်နိုင်။ 27မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါ့တပည့်မဖြစ်နိုင်ပါ။
28တစ်စုံတစ်ဦးသည် အဆောက်အအုံတစ်ခုကို တည်ဆောက်မည်ဟု ရည်ရွယ်ရာတွင် ထိုအဆောက်အအုံပြီးစီးသည်အထိ လုံလောက်သောငွေပမာဏရှိ၊ မရှိကို သိရန် ကုန်ကျစရိတ်ကို ဦးစွာ မတွက်ချက်ဘဲ နေမည်လော။ 29ထိုသို့ မတွက်ချက်ဘဲ အုတ်မြစ်ချ၍ မပြီးစီးနိုင်လျှင် ထိုအဖြစ်ကို မြင်သူတိုင်းက ကဲ့ရဲ့လှောင်ပြောင်လျက် 30‘ဤလူသည် စတင်ဆောက်လုပ်သော်လည်း အဆုံးမသတ်နိုင်ပါ’ ဟု ပြောဆိုကြမည်။
31တစ်နည်းဆိုသော် ရှင်ဘုရင်တစ်ပါးသည် အခြားရှင်ဘုရင်ကို စစ်တိုက်မည်ပြုသောအခါ ရန်သူစစ်သား နှစ်သောင်းဖြင့် ချီတက်လာသောရှင်ဘုရင်ကို မိမိစစ်သား တစ်သောင်းကျော်ဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိသည်၊ မရှိသည်ကို အတိုင်ပင်ခံများနှင့် ဦးစွာ ဆွေးနွေးတိုင်ပင်လိမ့်မည် မဟုတ်ပါလော။ 32အကယ်၍ မတိုက်ခိုက်နိုင်ပါလျှင် မိမိရန်သူများ အဝေး၌ ရှိနေစဉ်မှာပင် သံတမန်ကို စေလွှတ်၍ စစ်ပြေငြိမ်းရန် တောင်းဆိုလိမ့်မည်။ 33ထိုနည်းတူ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို မစွန့်လွတ်နိုင်သောသူသည် ငါ့တပည့်မဖြစ်နိုင်။
34ဆားသည် အရသာကောင်း၏။ သို့သော် အငန်ဓာတ်ပျောက်ဆုံးလျှင် ငန်သောအရသာကို မည်သို့ပြန်ရနိုင်မည်နည်း။ 35အရသာမဲ့သော ဆားသည် မြေဆီသြဇာအတွက်ဖြစ်စေ၊ အမှိုက်ပုံအတွက်ပင်ဖြစ်စေ မည်သို့မျှ အသုံးမဝင်ဘဲ အပြင်သို့ လွှင့်ပစ်လိုက်ရ၏။ နားရှိသောသူသည် ကြား၍ နားလည်ပါစေ” ဟု မိန့်တော်မူ၏။
Iliyochaguliwa sasa
လုကာ 14: BCB
Kuonyesha
Shirikisha
Nakili
Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.