16
လိမ္မာပါးနပ်သောစီမံခန့်ခွဲသူ ပုံဥပမာ
1ယေရှုသည် တပည့်တော်တို့အား “တစ်ခါက သူဌေးတစ်ဦးတွင် စီမံခန့်ခွဲသူတစ်ဦးရှိ၏။ ထိုသူသည် သူဌေး၏ဥစ္စာပစ္စည်းများကို ဖြုန်းတီးလျက် နေကြောင်းကို အခြားသူများက သူဌေးအား တိုင်ကြားကြ၏။ 2ထိုအခါ သူဌေးသည် သူ့ကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည်မှာ မည်သို့နည်း။ သင်မှတ်ထားသော ငွေစာရင်းများကို ငါ့အားပေးလော့။ သင့်ကို စီမံခန့်ခွဲသူနေရာတွင် ဆက်၍ ခန့်ထားနိုင်တော့မည်မဟုတ်’ ဟု ပြောလေ၏။
3ထိုစီမံခန့်ခွဲသူက ‘ငါသည် မည်သို့ပြုရမည်နည်း။ သူဌေးသည် ငါ့အား စီမံခန့်ခွဲသည့်အလုပ်မှ ထုတ်လေပြီ။ ငါသည် အလုပ်ကြမ်းလုပ်ရန် ခွန်အားမရှိ။ တောင်းစားရန်လည်း ရှက်ရွံ့၏။ 4ယခုအလုပ်မှ ထုတ်ပယ်ခံရသော်လည်း မိတ်ဆွေများသည် သူတို့အိမ်၌ ငါ့ကိုလက်ခံရန် မည်သို့ပြုရမည်ကို ငါသိပြီ’ ဟု တွေးလေ၏။
5ထို့နောက် မိမိသူဌေးအပေါ် အကြွေးတင်သူများကို ခေါ်ပြီးမှ ပထမလူအား ‘ငါ့သူဌေးကို ဆပ်ရန် သင်၌ အကြွေး မည်မျှရှိသနည်း’ ဟု မေး၏။ 6အကြွေးတင်သူက ‘သံလွင်ဆီ ဂါလန်ရှစ်ရာ#16:6 ဂရိနိုင်ငံသုံး ဘတ်၁၀၀နှင့်ညီမျှသည်။ရှိသည်’ ဟု ဖြေ၏။ ထိုအခါ စီမံခန့်ခွဲသူက ‘သင့်စာရင်းကိုယူလာပြီး ဂါလန်လေးရာ#16:6 ဂရိနိုင်ငံသုံး ဘတ်၁ဝဝနှင့် ထက်ဝက်အချိုးကျ ၅ဝဘတ် ဖြစ်သည်။ ဟု ချက်ချင်းပြင်ရေးလော့’ ဟူ၍ ပြော၏။
7ထို့နောက် အခြားသူတစ်ဦးအား ‘အကြွေး မည်မျှရှိသနည်း’ ဟု မေးလျှင် ထိုသူက ‘ဂျုံတင်းတစ်ထောင်#16:7 ဂရိနိုင်ငံသုံး ကောရက်စ်၁၀၀နှင့် ညီမျှ၏။ပေးရန် ရှိပါသည်’ ဟု ဖြေ၏။ စီမံခန့်ခွဲသူကလည်း ‘ဤသို့ဖြစ်လျှင် စာရင်းကို ယူ၍ တင်းရှစ်ရာ#16:7 ဂရိနိုင်ငံသုံး ကောရက်စ်၈ဝနှင့် ညီမျှသည်။ဟု ပြင်ရေးလော့’ ဟူ၍ ပြော၏။
8ထိုအခါ သူဌေးသည် မရိုးသားသောစီမံခန့်ခွဲသူ၏ပါးနပ်သည့်လုပ်ရပ်များကို ချီးမွမ်းလေ၏။ အဘယ်ကြောင့်ဆိုသော် လောကီသားတို့သည် မိမိတို့၏လောကီရေးရာကို လုပ်ဆောင်ရာတွင် အလင်း၏သားသမီးများထက် ပါးနပ်ကြသောကြောင့်ဖြစ်၏။ 9သင်တို့အား ငါပြောဆိုသည်မှာ လောကီစည်းစိမ်များအားဖြင့် မိတ်ဆွေရရန် လုပ်ဆောင်ကြလော့။ ထိုစည်းစိမ်များ ကုန်ဆုံးသောအခါ သင်တို့ကို ထာဝရတည်သောနေရာ၌ လက်ခံကြိုဆိုကြလိမ့်မည်။
10သေးငယ်သောအမှုကိစ္စများ၌ သစ္စာရှိသောသူသည် ကြီးသောအမှုကိစ္စများ၌ သစ္စာရှိလိမ့်မည်။ သို့သော် သေးငယ်သောအမှုကိစ္စများ၌ မရိုးသားသောသူသည် ကြီးမားသောအမှုများ၌လည်း ရိုးသားလိမ့်မည်မဟုတ်ပေ။ 11သင်တို့သည် လောကီစည်းစိမ်များနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရသူများ မဟုတ်ကြလျှင် စစ်မှန်သောစည်းစိမ်များကို သင်တို့ထံ မည်သူအပ်နှံလိမ့်မည်နည်း။ 12ထိုနည်းတူ သင်တို့သည် သူတစ်ပါး၏ဥစ္စာများနှင့်ပတ်သက်၍ သစ္စာမရှိကြလျှင် မည်သူသည် သင်တို့ကိုယ်ပိုင်ဥစ္စာအဖြစ် ပေးမည်နည်း။
13မည်သည့်ကျွန်မျှ သခင်နှစ်ဦးကို အစေမခံနိုင်ပေ။ သခင်တစ်ဦးကို မုန်း၍ ကျန်တစ်ဦးကို ချစ်မည်။ သို့မဟုတ် သခင်တစ်ဦးကို ကြည်ညိုလေးစား၍ ကျန်တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်နှင့် ငွေကို တစ်ချိန်တည်းတွင် အစေခံရန် မဖြစ်နိုင်ပါ” ဟု မိန့်တော်မူ၏။
14ငွေမက်သော ဖာရိရှဲတို့#16:14 ဂျူးဓလေ့ထုံးတမ်းနှင့် ဥပဒေစည်းကမ်းကို တင်းကျပ်စွာ လိုက်နာသည့် ဂျူးဘာသာရေးခေါင်းဆောင်များ။သည် ထိုစကားကို ကြားသောအခါ ယေရှုကို ပြက်ရယ်ပြုကြ၏။ 15ထိုအခါ ယေရှုက “သင်တို့သည် လူရှေ့၌ သူတော်ကောင်းကဲ့သို့ ပြောဆိုတတ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏အတွင်းစိတ်ကို သိမြင်တော်မူ၏။ လူအများ တန်ဖိုးထားသော အရာများသည် ဘုရားသခင်၏ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
16မောရှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို နှစ်ခြင်းဆရာယောဟန် မပေါ်မီတိုင်အောင် သွန်သင်လျက်ရှိ၏။ သို့သော် ယောဟန်အချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကို ဟောပြောကြ၏။ လူတို့သည်လည်း ထိုနိုင်ငံတော်သို့ အတင်းတိုးဝင်ကြ၏။ 17သို့ရာတွင် ပညတ်ကျမ်းထဲမှ အသေးငယ်ဆုံးသောအက္ခရာတစ်လုံး ပျက်စီးရန်ထက် ကောင်းကင်နှင့်မြေကြီး ပျက်စီးရန် ပို၍လွယ်ကူ၏။
18မိမိဇနီးသည်ကို ကွာရှင်း၍ အခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။ ထို့အတူ ခင်ပွန်းနှင့် ကွာရှင်းထားသောအမျိုးသမီးကို လက်ထပ်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
သူဌေးကြီးနှင့် လာဇရု
19တစ်ခါက သူဌေးတစ်ဦးရှိ၏။ သူသည် အဖိုးတန် ခရမ်းရောင်ပိတ်ချောအဝတ်ကို ဝတ်ဆင်ကာ စည်းစိမ်ခံစား၍ နေ့တိုင်း ပျော်ပါးလျက်နေ၏။ 20သူ၏အိမ်တံခါးဝတွင် အနာစိမ်းများနှင့်ပြည့်နေသည့် လာဇရုအမည်ရှိသော ဆင်းရဲသားတစ်ဦးရှိ၏။ သူသည် လဲလျောင်းကာ 21သူဌေးကြီး၏စားပွဲမှကျသော စားကြွင်းစားကျန်များကို စားရန် တောင့်တလျက်နေ၏။ သူ၏အနာစိမ်းများကို ခွေးများက လာ၍ လျက်ကြ၏။
22နောက်ဆုံးတွင် ထိုဆင်းရဲသားကွယ်လွန်သဖြင့် ကောင်းကင်တမန်များက အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးကြီးသည်လည်း ကွယ်လွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရ၏။ 23သူသည် မရဏနိုင်ငံတွင် ပြင်းစွာသောဝေဒနာကို ခံစားရသဖြင့် အပေါ်သို့ မျှော်ကြည့်ရာ လာဇရုသည် အာဗြဟံရင်ခွင်၌ ရှိသည်ကို အဝေးမှ မြင်လေ၏။
24ထိုအခါ သူဌေးကြီးက ‘အဖအာဗြဟံ… အကျွန်ုပ်ကို သနားပါ။ အကျွန်ုပ်သည် မီးတောက်များထဲတွင် ပြင်းထန်စွာ ဝေဒနာခံစားနေရပါ၏။ သို့ဖြစ်၍ လာဇရုကို စေလွှတ်၍ သူ၏လက်ဖျားကို ရေ၌ နှစ်စေကာ အကျွန်ုပ်လျှာကို အေးစေပါ’ ဟု တောင်းပန်ပြောဆို၏။
25သို့ရာတွင် အာဗြဟံက ‘ငါ့သား… သင်အသက်ရှင်စဉ်ဘဝတွင် ကောင်းမွန်သောအရာများကို ခံစားခဲ့ရပြီး လာဇရုမှာ မကောင်းသောအရာများကိုသာ ခံစားခဲ့ရသည်ကို သတိရလော့။ ထို့ကြောင့် သူသည် ဤနေရာတွင် သက်သာခြင်းကို ခံစားရ၍ သင်သည် ပြင်းထန်စွာ ဝေဒနာခံစားရ၏။ 26ထို့ပြင် ငါတို့နှင့် သင်တို့စပ်ကြားတွင် အလွန်နက်သောချောက်ကြီးတစ်ခု ခြားနားလျက်ရှိ၏။ ထို့ကြောင့် ဤနေရာမှ သင်တို့ထံသို့သွားလိုသူလည်း မရောက်နိုင်။ ထိုနေရာမှ ငါတို့ထံသို့ လာလိုလျှင်လည်း မည်သူမျှ ကူး၍ မရောက်နိုင်ပါ’ ဟု ဆိုလေ၏။
27ထိုအခါ သူဌေးကြီးက ‘အဖအာဗြဟံ… ထိုသို့ဖြစ်လျှင် လာဇရုကို ကျွန်ုပ်၏ဖခင်အိမ်သို့ စေလွှတ်ပေးရန် တောင်းပန်ပါ၏။ 28အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တွင် ညီငါးယောက်ရှိ၏။ ဤပြင်းထန်သောဝေဒနာခံစားရသည့်နေရာသို့ သူတို့ရောက်မလာစေရန် လာဇရုကို သူတို့ထံသို့ သွား၍ သတိပေးစေလိုပါသည်’ ဟု တောင်းပန်ပြောဆိုလေ၏။
29သို့သော် အာဗြဟံက ‘သူတို့အားသတိပေးရန် မောရှေနှင့် ပရောဖက်တို့၏ကျမ်းများရှိ၏။ ထိုကျမ်းများ၏သွန်သင်ချက်တို့ကို နာယူကြပါစေ’ ဟု ပြောလေ၏။
30သူဌေးကြီးကလည်း ‘အဖအာဗြဟံ… ထိုသို့မဟုတ်ပါ။ သေလွန်သူထဲမှ တစ်စုံတစ်ဦး သွားရောက်ပါက သူတို့သည် နောင်တရကြပါလိမ့်မည်’ ဟု ဆိုပြန်၏။
31ထိုအခါ အာဗြဟံက ‘မောရှေနှင့် ပရောဖက်တို့၏စကားကိုနားမထောင်ကြလျှင် သေရာမှ ပြန်ရှင်လာသောသူကိုလည်း ယုံကြည်ကြလိမ့်မည်မဟုတ်ပါ’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။