17
ခွင့်လွှတ်ခြင်းနှင့် ယုံကြည်ခြင်းအကြောင်း သွန်သင်တော်မူခြင်း
1တစ်နေ့တွင် ယေရှုက တပည့်တော်တို့အား “အပြစ်ကျူးလွန်စေရန် ဖြားယောင်းသွေးဆောင်သောအရာများသည် ဧကန်အမှန်ရှိမည်။ သို့ရာတွင် အပြစ်ကျူးလွန်စရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။ 2ထိုသူသည် ဤကလေးငယ်များထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစရာအကြောင်း ဖြစ်စေခြင်းထက် လည်၌ ကြိတ်ဆုံကျောက်ကို ဆွဲလျက် ပင်လယ်ထဲသို့ ပစ်ချခံရခြင်းသည် သူ့အတွက် ပို၍ကောင်း၏။ 3သင်တို့သည် သတိရှိကြလော့။ အကယ်၍ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် ဆုံးမလော့။ နောင်တရလျှင် ခွင့်လွှတ်လော့။
4သူသည် သင့်ကို တစ်နေ့တွင် ခုနစ်ကြိမ်ပြစ်မှားလျက် ပြစ်မှားသည့်အကြိမ်တိုင်း ပြန်လာ၍ ‘ကျွန်ုပ်နောင်တရပါပြီ’ ဟု တောင်းပန်လျှင် သူ့ကို ခွင့်လွှတ်လော့” ဟု မိန့်တော်မူ၏။
5တမန်တော်တို့က သခင်ဘုရားအား “အကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ” ဟု တောင်းလျှောက်ကြ၏။
6သခင်ဘုရားက “သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ပေါက်လျက်ရှိသော ဤပိုးစာပင်အား ‘အမြစ်မကျန်ကျွတ်၍ ပင်လယ်ထဲ၌ စိုက်စေ’ ဟု အမိန့်ပေးလျှင် ထိုအပင်သည် သင်တို့စကားကို နာခံလိမ့်မည်။
7သင်တို့၏အစေအပါးသည် လယ်ထွန်ရာမှဖြစ်စေ၊ သိုးကျောင်းရာမှဖြစ်စေ ပြန်လာသောအခါ ‘အလျင်အမြန်လာပြီး ငါနှင့်အတူ စားသောက်လော့’ ဟု သင်တို့တွင် မည်သူပြောမည်နည်း။ 8ထိုသို့မဟုတ်ဘဲ ‘ငါ့အတွက် အစားအစာများကို ပြင်ဆင်လော့။ သင်၏ခါးစည်းဝတ်ကိုစည်း၍ ငါစားသောက်နေစဉ်အတွင်း ငါ့အားအစေခံလော့။ ထို့နောက်မှ သင်သည် စားသောက်လော့’ ဟူ၍ ပြောလိမ့်မည်မဟုတ်လော။ 9အစေခံသည် မိမိဆောင်ရွက်ရမည့်တာဝန်ကို လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် အလုပ်ရှင်သည် သူ့ကို ကျေးဇူးတင်မည်မဟုတ်။ 10ထိုနည်းတူ သင်တို့သည်လည်း သင်တို့ဆောင်ရွက်ရမည့် အရာအားလုံးကို လုပ်ဆောင်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် ထိုက်တန်သောအစေခံများမဟုတ်ပါ။ မိမိတို့ဆောင်ရွက်ရမည့်တာဝန်များကို ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ပါသည်’ ဟု ဝန်ခံရမည်” ဟူ၍ မိန့်တော်မူ၏။
အနာကြီးရောဂါသည်ဆယ်ဦးအား ကျန်းမာစေတော်မူခြင်း
11ယေရှုသည် ဂျေရုဆလင်မြို့သို့ ခရီးဆက်တော်မူစဉ် ဂါလိလဲပြည်နှင့် ရှမာရိပြည် ကြားသို့ ဖြတ်၍ ကြွတော်မူ၏။ 12ရွာတစ်ရွာသို့ ဝင်သောအခါ အနာကြီးရောဂါသည်ဆယ်ဦးတို့သည် အဝေး၌ ရပ်လျက် 13“သခင်ယေရှု… အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု အော်ဟစ်ကြ၏။
14ယေရှုသည် သူတို့ကိုမြင်သောအခါ “ယဇ်ပုရောဟိတ်များထံသို့ သွား၍ မိမိကိုယ်ကို ပြကြလော့” ဟု မိန့်တော်မူ၏။ သူတို့သည် သွားကြစဉ် သန့်ရှင်းစင်ကြယ်ကြကုန်၏။
15ထိုသူတို့အထဲမှ တစ်ယောက်သောသူသည် ရောဂါပျောက်ကင်းကြောင်း သိမြင်သောအခါ ယေရှုထံ ပြန်လာ၍ ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို အော်ဟစ်ချီးမွမ်းလေ၏။ 16သူသည် ယေရှု၏ခြေတော်ရင်း၌ ဝပ်တွားခယလျက် ကျေးဇူးတင်လေ၏။ ထိုသူသည် ရှမာရိလူမျိုးဖြစ်၏။
17ထိုအခါ ယေရှုက “လူဆယ်ယောက်အား သန့်ရှင်းစင်ကြယ်စေခဲ့သည်မဟုတ်ပါလော။ အခြားသောကိုးယောက်သည် အဘယ်မှာနည်း။ 18လူမျိုးခြားဖြစ်သော ဤလူတစ်ဦးမှအပ ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ချီးမွမ်းရန် ပြန်လာသောသူ တစ်ယောက်မျှ မရှိကြသလော” ဟု မေးတော်မူပြီးမှ 19ထိုသူအား “ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။
နိုင်ငံတော်ပေါ်ထွန်းလာမည့်အချိန်
20တစ်နေ့သောအခါ ဖာရိရှဲတို့က “ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်တွင် ပေါ်ထွန်းမည်နည်း” ဟု မေးလျှောက်ကြ၏။
ထိုအခါ ယေရှုက “ဘုရားသခင်၏နိုင်ငံတော်သည် မြင်နိုင်သောလက္ခဏာများနှင့်အတူ ပေါ်ထွန်းမည်မဟုတ်။ 21ကြည့်လော့။ ‘ဤနေရာ၌ တည်သည်။ ထိုနေရာ၌ တည်သည်’ ဟူ၍လည်း မဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အထဲ၌ တည်လျက်ရှိသည်” ဟု မိန့်တော်မူ၏။
22ထို့နောက် တပည့်တော်တို့အား “သင်တို့မြင်တွေ့လိုသည့် လူသား#17:22 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသော ဂုဏ်ပုဒ်ဖြစ်သည်။၏နေ့ရက်များထဲမှ တစ်ရက်သည် ရောက်လာလိမ့်မည်။ သို့ရာတွင် ထိုနေ့ရက်ကို သင်တို့ မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ 23လူတို့က ‘ထိုနေရာကို ကြည့်လော့။ ဤနေရာကို ကြည့်လော့’ ဟု ပြောသော်လည်း သူတို့နောက်သို့ လိုက်၍ မသွားကြနှင့်။ 24လျှပ်စီးလက်သောအခါ မိုးကောင်းကင်တစ်ဖက်မှ အခြားတစ်ဖက်သို့ ထွန်းလင်းသကဲ့သို့ လူသားကြွလာသောနေ့ရက်၌လည်း ထိုသို့ဖြစ်လိမ့်မည်။ 25သို့ရာတွင် သူသည် များပြားလှသောဝေဒနာကို ဦးစွာ ခံရမည်ဖြစ်ပြီး ဤမျိုးဆက်၏ငြင်းပယ်ခြင်းကို ခံရမည်။
26လူသားသည် ပြန်ကြွလာသောအခါ နောဧ လက်ထက်၌ ဖြစ်ပျက်သကဲ့သို့ ဖြစ်ပျက်လိမ့်မည်။ 27ရေလွှမ်းမိုးခြင်းမတိုင်မီ ကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့အထိ လူတို့သည် စားသောက်လျက်၊ လက်ထပ်ယူလျက်၊ လက်ထပ်ပေးစားလျက် နေ၍ ပျော်ပါးနေကြ၏။ ထို့နောက် ရေလွှမ်းမိုး၍ ထိုသူတို့အားလုံးသည် သေကျေပျက်စီးကြ၏။
28ထိုနည်းတူ လောတ၏ခေတ်၌ လူတို့သည် သောက်စားပျော်ပါးလျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ ဆောက်လုပ်လျက် နေကြ၏။ 29သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသည့် နေ့ရက်၌ ကောင်းကင်မှ ကန့်နှင့်ရောသောမိုးမီး ရွာကျသဖြင့် သူတို့အားလုံးသည် သေကျေပျက်စီးကြ၏။ 30လူသားကြွလာသောနေ့ရက်၌လည်း ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်။ 31ထိုနေ့တွင် လသာဆောင်ပေါ်တွင်ရှိသောသူသည် မိမိအိမ်ထဲမှ ပစ္စည်းများကို မယူဘဲ အောက်သို့ ဆင်း၍ ထွက်ပြေးရမည်။ လယ်၌ ရှိသောသူသည်လည်း အိမ်သို့မပြန်ရ။ 32လောတ၏ဇနီးကို သတိရကြလော့။ 33မိမိအသက်ကို ကယ်တင်ရန်ကြိုးပမ်းသူသည် အသက်ဆုံးရှုံးလိမ့်မည်။ မိမိအသက်ကို ဆုံးရှုံးသူသည် အသက်ချမ်းသာရလိမ့်မည်။ 34သင်တို့အား ငါပြောဆိုသည်မှာ ထိုညတွင် အိပ်ရာတစ်ခုတည်း၌ အိပ်သော လူနှစ်ဦးတွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ခဲ့လိမ့်မည်။ 35အတူတကွကြိတ်ဆုံကြိတ်နေသော အမျိုးသမီးနှစ်ဦးတွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ခဲ့လိမ့်မည်။ 36လယ်ထဲတွင်ရှိသော အမျိုးသမီးနှစ်ဦးတွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ခဲ့လိမ့်မည်” ဟု မိန့်တော်မူ၏။#17:36 အချို့လက်ရေးမူကျမ်းများတွင် ဤအပိုဒ်ငယ်မပါဝင်ပါ။
37တပည့်တော်တို့က “သခင်… မည်သည့်အရပ်တွင် ဖြစ်ပျက်ပါမည်နည်း” ဟု မေးကြရာ ကိုယ်တော်က “အသေကောင်ရှိရာအရပ်၌ လင်းတများ စုဝေးတတ်ကြသည်” ဟု မိန့်တော်မူ၏။