Chapa ya Youversion
Ikoni ya Utafutaji

လုကာ 20

20
အခွင့်အာဏာတော်​ကို စစ်ဆေးမေးမြန်းကြခြင်း
1တစ်နေ့​သောအခါ ယေရှု​သည် ဗိမာန်တော်​၌ လူများ​အား သွန်သင်​၍ သတင်းကောင်း​ကို ဟောပြော​လျက်​နေတော်မူ၏။ ထိုစဉ် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​နှင့် အကြီးအကဲများ​သည် ကိုယ်တော်​ထံသို့ ချဉ်းကပ်​၍ 2“သင်​သည် ဤ​အခြင်းအရာများ​ကို မည်သည့်​အခွင့်အာဏာ​ဖြင့် လုပ်ဆောင်နေသနည်း။ သင့်​အား ဤ​အခွင့်အာဏာ​ကို မည်သူ​က ပေးသနည်း” ဟု မေးလျှောက်ကြ၏။
3ယေရှု​က “သင်တို့​ကို မေးခွန်း​တစ်ခု ငါ​မေးမည်။ သင်တို့​ဖြေကြလော့။ 4ယောဟန်​၏​နှစ်ခြင်းမင်္ဂလာ​ပေးရသော​အခွင့်အာဏာ​သည် ကောင်းကင်ဘုံ​မှ လာသလော။ လူ့​ထံမှ လာသလော” ဟု မေးတော်မူ၏။
5ထိုအခါ သူတို့​က “ငါတို့​သည် ‘ကောင်းကင်ဘုံ​မှ လာသည်’ ဟု ဖြေ​လျှင် သူ​က ‘ထိုသို့ဆိုလျှင် သင်တို့​သည် အဘယ်ကြောင့် ယောဟန်​ကို မယုံကြသနည်း’ ဟု မေး​လိမ့်မည်။ 6သို့သော်လည်း ငါတို့​က ‘လူ့​ထံမှ​လာသည်’ ဟု ဖြေ​လျှင် လူ​အားလုံး​က ယောဟန်​သည် ပရောဖက်​တစ်ပါး​ဖြစ်သည်​ဟု ယုံကြည်ကြ​သဖြင့် ငါတို့​အား​ကျောက်ခဲ​နှင့် ပေါက်ကြ​လိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ 7ထို့ကြောင့် သူတို့​က “မည်သည့်​နေရာ​မှ လာသည်​ကို ငါတို့​မသိ” ဟု ဖြေဆိုကြ၏။
8ယေရှု​က “ငါ​သည်လည်း မည်သည့်​အခွင့်အာဏာ​ဖြင့် ဤ​အခြင်းအရာများ​ကို လုပ်ဆောင်နေကြောင်း သင်တို့​အား​မပြောနိုင်” ဟု မိန့်တော်မူ၏။
ဆိုးညစ်သော​စပျစ်ခြံလုပ်သားများ ပုံဥပမာ
9ထို့နောက် ယေရှု​က လူတို့​အား ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “လူ​တစ်ဦး​သည် စပျစ်ခြံ​ကို စိုက်ပျိုး​ကာ စပျစ်ခြံလုပ်သားတို့​အား ငှားရမ်းပြီး​မှ အခြား​တိုင်းပြည်​သို့ အချိန်​ကြာမြင့်​စွာ သွားရောက်​နေထိုင်လေ၏။ 10စပျစ်သီး​ဆွတ်​ချိန် ရောက်​သောအခါ အစေခံ​တစ်ဦး​ကို စပျစ်ခြံလုပ်သားများ​ထံသို့ စေလွှတ်​၍ စပျစ်သီး​တချို့​ကို တောင်းစေ၏။ သို့သော် စပျစ်ခြံလုပ်သားများ​က ထို​အစေခံ​ကို ရိုက်နှက်​၍ လက်ချည်းဗလာ ပြန်​လွှတ်လိုက်ကြ၏။ 11ထိုအခါ သူ​သည် အခြားသော​အစေခံ​တစ်ဦး​ကို စေလွှတ်ပြန်၏။ သို့သော် ထို​သူတို့​က ထို​အစေခံ​ကို​လည်း ရိုက်နှက်​၍ အရှက်ခွဲ​ပြီးမှ လက်ချည်းဗလာ ပြန်​လွှတ်လိုက်ကြ၏။ 12တစ်ဖန် တတိယ​အစေခံ​တစ်ဦး​ကို စေလွှတ်ပြန်၏။ ထို​သူ​ကို​လည်း ဒဏ်ရာ​ရစေ​ပြီးမှ နှင်ထုတ်ကြ၏။
13ထို့နောက် စပျစ်ခြံပိုင်ရှင်​က ‘ငါ​မည်သို့ လုပ်ဆောင်​ရမည်နည်း။ ငါ​၏​ချစ်သား​ကို စေလွှတ်မည်။ ငါ့​သား​ကိုမူ သူတို့​လေးစားကြ​လိမ့်မည်’ ဟု ဆိုလေ၏။
14သို့သော် စပျစ်ခြံလုပ်သားများ​က စပျစ်ခြံပိုင်ရှင်​၏​သား​ကို မြင်​သောအခါ ‘ဤ​သူ​သည် အမွေဆက်ခံမည့်သူ​ဖြစ်၏။ လာကြ။ သူ့​ကို​သတ်​၍ သူ​၏​အမွေ​ကို ရယူကြစို့’ ဟု အချင်းချင်း​တိုင်ပင်ကြ၏။
15ထို့နောက် သူတို့​သည် စပျစ်ခြံပိုင်ရှင်​၏​သား​ကို စပျစ်ခြံ​ပြင်​သို့ ထုတ်​၍ သတ်ကြ၏။ ဤသို့​ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်​သည် ထို​သူတို့​အား မည်သို့​ပြု​လိမ့်မည်နည်း။ 16သူ​သည်​လာ​၍ ထို​စပျစ်ခြံလုပ်သားတို့​အား သုတ်သင်ဖယ်ရှား​ပြီးမှ ထို​စပျစ်ခြံ​ကို အခြားသူတို့​အား ပေး​လိမ့်မည်” ဟူ၍ ဖြစ်၏။
ထို​အရာ​ကို ပရိသတ်တို့​သည် ကြား​သောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။
17သို့သော် ယေရှု​သည် ထို​သူတို့​အား​ကြည့်တော်မူ​၍ “ကျမ်းစာ​၌
‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည်
အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏’#20:17 ဆာ ၁၁၈:၂၂။ ဟု ရေးထားသည်​မှာ မည်သည့်​အရာ​ကို​ဆိုလိုသနည်း။
18ထို​ကျောက်​ပေါ်သို့ ကျသော​သူ​သည် တစ်စစီ​ကျိုးပဲ့​လိမ့်မည်။ ထို​ကျောက်​သည် တစ်စုံတစ်ဦး​အပေါ်သို့​ကျ​လျှင်​လည်း ထို​သူ​သည် ညက်ညက်ကြေ​လိမ့်မည်” ဟု မိန့်တော်မူ၏။
19ကျမ်းတတ်ဆရာများ​နှင့် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​က ယေရှု​သည် မိမိတို့​အား ရည်ညွှန်း​၍ ဤ​ပုံဥပမာ​ကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့​သည် ကိုယ်တော်​ကို ချက်ချင်း​ဖမ်းဆီး​လိုကြ၏။ သို့သော်လည်း လူတို့​ကို ကြောက်ရွံ့ကြ၏။
ဆီဇာဘုရင်​အား အခွန်​ပေးဆောင်ခြင်း
20ထို့ကြောင့် သူတို့​သည် ယေရှု​ကို အထူး​စောင့်ကြည့်​လျက် နေကြ၏။ စကားတော်​ထဲမှ​လည်း အပြစ်​ရှာ​၍ အစိုးရ​အာဏာပိုင်​လက်​သို့ အပ်​နိုင်ရန် သူတော်ကောင်း​ယောင်ဆောင်ထားသော သူလျှိုများ​ကို စေလွှတ်ထားကြ၏။ 21ထို​သူလျှိုတို့​က ယေရှု​အား “ဆရာတော်… ဆရာတော်​သည် မှန်ကန်​စွာ ပြောဆို၊ သွန်သင်တတ်၏။ မည်သူ့​ကိုမျှ မျက်နှာ​မလိုက်ဘဲ ဘုရားသခင်​၏​တရားလမ်း​အား မှန်ကန်​စွာ သွန်သင်တတ်သည်​ကို အကျွန်ုပ်တို့​သိကြပါ၏။ 22ဆီဇာဘုရင်​အား အကျွန်ုပ်တို့​က အခွန်​ပေးဆောင်ခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသလော။ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
23သို့သော်လည်း ယေရှု​သည် ထို​သူတို့​၏​ပရိယာယ်​ကို သိမြင်တော်မူ​သဖြင့် 24“ဒင်္ဂါးပြား​တစ်ပြား#20:24 မူရင်း​ဂရိကျမ်း​တွင် “ဒေနာရိ” ဟု ပါရှိသည်။ ဒေနာရိ​တစ်ပြား​၏​တန်ဖိုး​သည် လုပ်သား​တစ်ဦး​၏​တစ်နေ့တာ​လုပ်အားခ​နှင့် ညီမျှသည်။​ကို ပြလော့။ ဤ​ဒင်္ဂါးပြား​ပေါ်၌ မည်သူ့​ပုံ​နှင့် မည်သူ့​အမည် ပါရှိသနည်း” ဟု မေးတော်မူ၏။
ထို​သူတို့​ကလည်း “ဆီဇာဘုရင်​၏​ပုံ​နှင့်​အမည် ပါရှိသည်” ဟု လျှောက်ကြ၏။
25ထိုအခါ ယေရှု​က “သို့ဖြစ်လျှင် ဆီဇာဘုရင်​နှင့်​ဆိုင်သော​အရာများ​ကို ဆီဇာဘုရင်​အား ပေးဆောင်ကြလော့။ ဘုရားသခင်​နှင့်​ဆိုင်သော​အရာများ​ကို ဘုရားသခင်​အား ပေးဆောင်ကြလော့” ဟု ထို​သူတို့​အား မိန့်တော်မူ၏။
26ထို​သူတို့​သည် လူများ​ရှေ့​တွင် ယေရှု​၏​စကားတော်​ထဲမှ အပြစ်ရှာ​မရသည့်​အပြင် မိန့်တော်မူသော​အဖြေစကား​ကြောင့် အံဩ​၍ တိတ်ဆိတ်နေကြ၏။
ရှင်ပြန်​ထမြောက်ခြင်း​အကြောင်း ဆွေးနွေးခြင်း
27ထို့နောက် ဇဒ္ဒုကဲ#20:27 ဇဒ္ဒုကဲ​မှာ ဖြောင့်မတ်သော​သူများ​ဟု အဓိပ္ပာယ်​ရပြီး ဘာသာရေး​ထက် နိုင်ငံရေး​ကို ပိုမို​အလေး​ထားသော အုပ်စု​ဖြစ်သည်။ ဝိညာဉ်၊ ကောင်းကင်တမန်​နှင့် သေခြင်း​မှ ရှင်ပြန်​ထမြောက်ခြင်း၊ စသည်တို့​ကို လက်မခံသော အုပ်စု​ဖြစ်သည်။​တချို့​သည် ယေရှု​ထံတော်သို့ ရောက်ရှိလာကြ၏။ ဇဒ္ဒုကဲတို့​က သေလွန်သော​သူတို့​သည် ရှင်ပြန်ထမြောက်ခြင်း​မရှိ​ဟု ခံယူကြ၏။ 28သူတို့​က ယေရှု​အား “ဆရာတော်… မောရှေ​၏​ပညတ်ကျမ်း​ထဲတွင် မယား​ရှိသော​လူ​တစ်ဦး​သည် သားသမီး​မထွန်းကားဘဲ သေဆုံးသွား​လျှင် ညီ​ဖြစ်သူ​က ထို​အမျိုးသမီး​ကို လက်ထပ်ယူ​၍ အစ်ကို​ဖြစ်သူ​၏​မျိုးဆက်​မပြတ်​စေရန် ဆောင်ရွက်ရမည်#20:28 တရား ၂၅:၅-၆။ ဟု ရေးထားပါ၏။ 29တစ်ခါက ညီအစ်ကို ခုနစ်ဦး​ရှိရာ အစ်ကိုကြီး​သည် အမျိုးသမီး​တစ်ဦး​နှင့် အိမ်ထောင်ပြု​ပြီး သားသမီး​မထွန်းကားဘဲ ကွယ်လွန်၏။ 30ထိုအခါ ဒုတိယမြောက်​ညီ​ဖြစ်သူ​က ထို​အမျိုးသမီး​ကို ယူ​၍ သားသမီး​မထွန်းကားဘဲ ကွယ်လွန်ပြန်၏။ 31ထို့နောက် တတိယမြောက်​ညီ​သည်လည်း ထို​အမျိုးသမီး​ကို ယူလေ၏။ ထိုသို့ ညီအစ်ကို​ခုနစ်ဦးလုံး​သည် တစ်ဦး​နောက်​တစ်ဦး ထို​အမျိုးသမီး​ကို ယူ​၍ သားသမီး​မထွန်းကားဘဲ ကွယ်လွန်ကြ၏။ 32နောက်ဆုံး​၌ ထို​အမျိုးသမီး​သည်လည်း ကွယ်လွန်သွား၏။ 33ညီအစ်ကို​ခုနစ်ဦးလုံး​နှင့် ပေါင်းဖက်ခဲ့သူ​ဖြစ်​သောကြောင့် သေရာ​မှ​ထမြောက်မည့်​ကာလ​တွင် ထို​အမျိုးသမီး​သည် မည်သူ​၏​ဇနီး​ဖြစ်မည်နည်း” ဟု မေးလျှောက်ကြ၏။
34ယေရှု​က “ယခု​ဘဝ​တွင် လူတို့​သည် လက်ထပ်ယူခြင်း​နှင့် လက်ထပ်​ပေးစားခြင်း​ကို ပြုကြ၏။ 35သို့သော်လည်း နောင်ဘဝ​တွင် သေရာ​မှ​ပြန်ရှင်ခွင့်​ကို ခံစားထိုက်သော​သူတို့​သည် လက်ထပ်ယူခြင်း​နှင့် လက်ထပ်​ပေးစားခြင်း​ကို ပြုကြမည်​မဟုတ်။ 36ထပ်မံ၍​လည်း သေဆုံးကြမည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် ကောင်းကင်တမန်များ​ကဲ့သို့​ဖြစ်ကြ၏။ သူတို့​သည် သေရာ​မှ​ပြန်ရှင်ခွင့်​ကို ခံစားရမည့် သားသမီးများ​ဖြစ်သည်​နှင့်အညီ ဘုရားသခင်​၏​သားသမီးများ​လည်း ဖြစ်ကြ၏။
37မီးလောင်နေသော​ချုံပုတ်​အကြောင်း​ရေးထားသော​အခန်း​တွင် ထာဝရဘုရား​ကို မောရှေ​က ‘အာဗြဟံ​၏​ဘုရား၊ ဣဇာက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား’#20:37 ထွ ၃:၆။ ဟု ခေါ်ဆို၏။ အာဗြဟံ၊ ဣဇာက်​နှင့် ယာကုပ်​တို့ သေလွန်​၍ အချိန်​ကြာမြင့်​သည့်တိုင် ထိုသို့ ခေါ်ဆိုခြင်း​သည် သေလွန်သော​သူတို့​ပြန်ရှင်ကြကြောင်း ဖော်ပြခြင်း​ပင်​ဖြစ်၏။ 38သို့ဖြစ်၍ ဘုရားသခင်​သည် သေလွန်သော​သူတို့​၏​ဘုရား မဟုတ်။ အသက်ရှင်သော​သူတို့​၏​ဘုရား​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထို​သူ​အပေါင်းတို့​သည် ဘုရားသခင်​ရှေ့တော်​၌ အသက်ရှင်သော​သူများ​ဖြစ်သည်” ဟု မိန့်တော်မူ၏။
39အချို့သော​ကျမ်းတတ်ဆရာများ​က “ဆရာတော်​သည် လျောက်ပတ်​စွာ မိန့်ကြားတော်မူပြီ” ဟု လျှောက်ဆိုကြ၏။ 40ထို​သူတို့​သည်လည်း ထပ်မံ၍ မမေးလျှောက်ဝံ့ကြ။
ခရစ်တော်​သည် မည်သူ​၏​သားတော်​ဖြစ်သနည်း
41တစ်ဖန် ယေရှု​က ထို​သူတို့​အား “ခရစ်တော်#20:41 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏​အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​သည် ဒါဝိဒ်မင်း​၏​သားတော်​ဖြစ်သည်​ဟု အဘယ်ကြောင့်​ပြောဆိုကြသနည်း။ 42-43ဒါဝိဒ်မင်း​ကိုယ်တိုင် ဆာလံကျမ်း​တွင် ရေးသားခဲ့သည်​မှာ
‘ထာဝရဘုရား​သည် ကျွန်ုပ်​၏​သခင်​အား
“ငါ​၏ လက်ယာဘက်​၌ ထိုင်လော့။
ငါ​သည် သင်​၏​ရန်သူတို့​ကို သင်​၏​ခြေတင်ခုံ​ဖြစ်စေ​လိမ့်မည်”#20:42-43 ဆာ ၁၁၀:၁။ ဟု မိန့်တော်မူ၏’
ဟူ၍ ဖြစ်၏။ 44ထို့ကြောင့် ဒါဝိဒ်မင်း​သည် ခရစ်တော်​ကို ‘သခင်’ ဟူ၍ ခေါ်​လျှင် ခရစ်တော်​သည် မည်ကဲ့သို့ ဒါဝိဒ်မင်း​၏​သား ဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။
45ပရိသတ်​အပေါင်းတို့​သည် နားထောင်နေကြ​စဉ် ယေရှု​က တပည့်တော်တို့​အား 46“ကျမ်းတတ်ဆရာများ​ကို သတိပြုကြလော့။ သူတို့​သည် ဝတ်ရုံရှည်များ​ကို ဝတ်ဆင်​၍ လည်ပတ်သွားလာ​လိုကြ၏။ ဈေးအရပ်တို့​တွင် လူတို့​၏ ရိုသေ​စွာ​နှုတ်ဆက်ခြင်း​ကို ခံလိုကြ၏။ ဂျူးဝတ်ပြုဆောင်​တွင် အထူး​နေရာများ​၌​လည်းကောင်း၊ ဧည့်ခံပွဲများ​တွင်လည်း အထူး​ခုံများ​၌​လည်းကောင်း ထိုင်​လိုကြ၏။ 47မုဆိုးမတို့​၏​အိမ်များ​ကို မတရား​သိမ်းယူတတ်ပြီး ရှည်လျား​စွာ​ဆုတောင်းခြင်း​ဖြင့် ဘာသာရေးကိုင်းရှိုင်း​သကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့​သည် ပို၍ ကြီးလေးသော​ပြစ်ဒဏ်​ကို ခံရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။

Iliyochaguliwa sasa

လုကာ 20: BCB

Kuonyesha

Shirikisha

Nakili

None

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia