လုကာ 20
20
အခွင့်အာဏာတော်ကို စစ်ဆေးမေးမြန်းကြခြင်း
1တစ်နေ့သောအခါ ယေရှုသည် ဗိမာန်တော်၌ လူများအား သွန်သင်၍ သတင်းကောင်းကို ဟောပြောလျက်နေတော်မူ၏။ ထိုစဉ် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများသည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ 2“သင်သည် ဤအခြင်းအရာများကို မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေသနည်း။ သင့်အား ဤအခွင့်အာဏာကို မည်သူက ပေးသနည်း” ဟု မေးလျှောက်ကြ၏။
3ယေရှုက “သင်တို့ကို မေးခွန်းတစ်ခု ငါမေးမည်။ သင်တို့ဖြေကြလော့။ 4ယောဟန်၏နှစ်ခြင်းမင်္ဂလာပေးရသောအခွင့်အာဏာသည် ကောင်းကင်ဘုံမှ လာသလော။ လူ့ထံမှ လာသလော” ဟု မေးတော်မူ၏။
5ထိုအခါ သူတို့က “ငါတို့သည် ‘ကောင်းကင်ဘုံမှ လာသည်’ ဟု ဖြေလျှင် သူက ‘ထိုသို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် ယောဟန်ကို မယုံကြသနည်း’ ဟု မေးလိမ့်မည်။ 6သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူအားလုံးက ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသဖြင့် ငါတို့အားကျောက်ခဲနှင့် ပေါက်ကြလိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ 7ထို့ကြောင့် သူတို့က “မည်သည့်နေရာမှ လာသည်ကို ငါတို့မသိ” ဟု ဖြေဆိုကြ၏။
8ယေရှုက “ငါသည်လည်း မည်သည့်အခွင့်အာဏာဖြင့် ဤအခြင်းအရာများကို လုပ်ဆောင်နေကြောင်း သင်တို့အားမပြောနိုင်” ဟု မိန့်တော်မူ၏။
ဆိုးညစ်သောစပျစ်ခြံလုပ်သားများ ပုံဥပမာ
9ထို့နောက် ယေရှုက လူတို့အား ပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုးကာ စပျစ်ခြံလုပ်သားတို့အား ငှားရမ်းပြီးမှ အခြားတိုင်းပြည်သို့ အချိန်ကြာမြင့်စွာ သွားရောက်နေထိုင်လေ၏။ 10စပျစ်သီးဆွတ်ချိန် ရောက်သောအခါ အစေခံတစ်ဦးကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်၍ စပျစ်သီးတချို့ကို တောင်းစေ၏။ သို့သော် စပျစ်ခြံလုပ်သားများက ထိုအစေခံကို ရိုက်နှက်၍ လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြ၏။ 11ထိုအခါ သူသည် အခြားသောအစေခံတစ်ဦးကို စေလွှတ်ပြန်၏။ သို့သော် ထိုသူတို့က ထိုအစေခံကိုလည်း ရိုက်နှက်၍ အရှက်ခွဲပြီးမှ လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြ၏။ 12တစ်ဖန် တတိယအစေခံတစ်ဦးကို စေလွှတ်ပြန်၏။ ထိုသူကိုလည်း ဒဏ်ရာရစေပြီးမှ နှင်ထုတ်ကြ၏။
13ထို့နောက် စပျစ်ခြံပိုင်ရှင်က ‘ငါမည်သို့ လုပ်ဆောင်ရမည်နည်း။ ငါ၏ချစ်သားကို စေလွှတ်မည်။ ငါ့သားကိုမူ သူတို့လေးစားကြလိမ့်မည်’ ဟု ဆိုလေ၏။
14သို့သော် စပျစ်ခြံလုပ်သားများက စပျစ်ခြံပိုင်ရှင်၏သားကို မြင်သောအခါ ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ။ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။
15ထို့နောက် သူတို့သည် စပျစ်ခြံပိုင်ရှင်၏သားကို စပျစ်ခြံပြင်သို့ ထုတ်၍ သတ်ကြ၏။ ဤသို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် ထိုသူတို့အား မည်သို့ပြုလိမ့်မည်နည်း။ 16သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။
ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။
17သို့သော် ယေရှုသည် ထိုသူတို့အားကြည့်တော်မူ၍ “ကျမ်းစာ၌
‘တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည်
အရေးပါသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏’#20:17 ဆာ ၁၁၈:၂၂။ ဟု ရေးထားသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။
18ထိုကျောက်ပေါ်သို့ ကျသောသူသည် တစ်စစီကျိုးပဲ့လိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ကျလျှင်လည်း ထိုသူသည် ညက်ညက်ကြေလိမ့်မည်” ဟု မိန့်တော်မူ၏။
19ကျမ်းတတ်ဆရာများနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယေရှုသည် မိမိတို့အား ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ချက်ချင်းဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။
ဆီဇာဘုရင်အား အခွန်ပေးဆောင်ခြင်း
20ထို့ကြောင့် သူတို့သည် ယေရှုကို အထူးစောင့်ကြည့်လျက် နေကြ၏။ စကားတော်ထဲမှလည်း အပြစ်ရှာ၍ အစိုးရအာဏာပိုင်လက်သို့ အပ်နိုင်ရန် သူတော်ကောင်းယောင်ဆောင်ထားသော သူလျှိုများကို စေလွှတ်ထားကြ၏။ 21ထိုသူလျှိုတို့က ယေရှုအား “ဆရာတော်… ဆရာတော်သည် မှန်ကန်စွာ ပြောဆို၊ သွန်သင်တတ်၏။ မည်သူ့ကိုမျှ မျက်နှာမလိုက်ဘဲ ဘုရားသခင်၏တရားလမ်းအား မှန်ကန်စွာ သွန်သင်တတ်သည်ကို အကျွန်ုပ်တို့သိကြပါ၏။ 22ဆီဇာဘုရင်အား အကျွန်ုပ်တို့က အခွန်ပေးဆောင်ခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော။ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
23သို့သော်လည်း ယေရှုသည် ထိုသူတို့၏ပရိယာယ်ကို သိမြင်တော်မူသဖြင့် 24“ဒင်္ဂါးပြားတစ်ပြား#20:24 မူရင်းဂရိကျမ်းတွင် “ဒေနာရိ” ဟု ပါရှိသည်။ ဒေနာရိတစ်ပြား၏တန်ဖိုးသည် လုပ်သားတစ်ဦး၏တစ်နေ့တာလုပ်အားခနှင့် ညီမျှသည်။ကို ပြလော့။ ဤဒင်္ဂါးပြားပေါ်၌ မည်သူ့ပုံနှင့် မည်သူ့အမည် ပါရှိသနည်း” ဟု မေးတော်မူ၏။
ထိုသူတို့ကလည်း “ဆီဇာဘုရင်၏ပုံနှင့်အမည် ပါရှိသည်” ဟု လျှောက်ကြ၏။
25ထိုအခါ ယေရှုက “သို့ဖြစ်လျှင် ဆီဇာဘုရင်နှင့်ဆိုင်သောအရာများကို ဆီဇာဘုရင်အား ပေးဆောင်ကြလော့။ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အား ပေးဆောင်ကြလော့” ဟု ထိုသူတို့အား မိန့်တော်မူ၏။
26ထိုသူတို့သည် လူများရှေ့တွင် ယေရှု၏စကားတော်ထဲမှ အပြစ်ရှာမရသည့်အပြင် မိန့်တော်မူသောအဖြေစကားကြောင့် အံဩ၍ တိတ်ဆိတ်နေကြ၏။
ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဆွေးနွေးခြင်း
27ထို့နောက် ဇဒ္ဒုကဲ#20:27 ဇဒ္ဒုကဲမှာ ဖြောင့်မတ်သောသူများဟု အဓိပ္ပာယ်ရပြီး ဘာသာရေးထက် နိုင်ငံရေးကို ပိုမိုအလေးထားသော အုပ်စုဖြစ်သည်။ ဝိညာဉ်၊ ကောင်းကင်တမန်နှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ စသည်တို့ကို လက်မခံသော အုပ်စုဖြစ်သည်။တချို့သည် ယေရှုထံတော်သို့ ရောက်ရှိလာကြ၏။ ဇဒ္ဒုကဲတို့က သေလွန်သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိဟု ခံယူကြ၏။ 28သူတို့က ယေရှုအား “ဆရာတော်… မောရှေ၏ပညတ်ကျမ်းထဲတွင် မယားရှိသောလူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ညီဖြစ်သူက ထိုအမျိုးသမီးကို လက်ထပ်ယူ၍ အစ်ကိုဖြစ်သူ၏မျိုးဆက်မပြတ်စေရန် ဆောင်ရွက်ရမည်#20:28 တရား ၂၅:၅-၆။ ဟု ရေးထားပါ၏။ 29တစ်ခါက ညီအစ်ကို ခုနစ်ဦးရှိရာ အစ်ကိုကြီးသည် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုပြီး သားသမီးမထွန်းကားဘဲ ကွယ်လွန်၏။ 30ထိုအခါ ဒုတိယမြောက်ညီဖြစ်သူက ထိုအမျိုးသမီးကို ယူ၍ သားသမီးမထွန်းကားဘဲ ကွယ်လွန်ပြန်၏။ 31ထို့နောက် တတိယမြောက်ညီသည်လည်း ထိုအမျိုးသမီးကို ယူလေ၏။ ထိုသို့ ညီအစ်ကိုခုနစ်ဦးလုံးသည် တစ်ဦးနောက်တစ်ဦး ထိုအမျိုးသမီးကို ယူ၍ သားသမီးမထွန်းကားဘဲ ကွယ်လွန်ကြ၏။ 32နောက်ဆုံး၌ ထိုအမျိုးသမီးသည်လည်း ကွယ်လွန်သွား၏။ 33ညီအစ်ကိုခုနစ်ဦးလုံးနှင့် ပေါင်းဖက်ခဲ့သူဖြစ်သောကြောင့် သေရာမှထမြောက်မည့်ကာလတွင် ထိုအမျိုးသမီးသည် မည်သူ၏ဇနီးဖြစ်မည်နည်း” ဟု မေးလျှောက်ကြ၏။
34ယေရှုက “ယခုဘဝတွင် လူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြ၏။ 35သို့သော်လည်း နောင်ဘဝတွင် သေရာမှပြန်ရှင်ခွင့်ကို ခံစားထိုက်သောသူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြမည်မဟုတ်။ 36ထပ်မံ၍လည်း သေဆုံးကြမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ၏။ သူတို့သည် သေရာမှပြန်ရှင်ခွင့်ကို ခံစားရမည့် သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်၏သားသမီးများလည်း ဖြစ်ကြ၏။
37မီးလောင်နေသောချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ထာဝရဘုရားကို မောရှေက ‘အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား’#20:37 ထွ ၃:၆။ ဟု ခေါ်ဆို၏။ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ သေလွန်၍ အချိန်ကြာမြင့်သည့်တိုင် ထိုသို့ ခေါ်ဆိုခြင်းသည် သေလွန်သောသူတို့ပြန်ရှင်ကြကြောင်း ဖော်ပြခြင်းပင်ဖြစ်၏။ 38သို့ဖြစ်၍ ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်၌ အသက်ရှင်သောသူများဖြစ်သည်” ဟု မိန့်တော်မူ၏။
39အချို့သောကျမ်းတတ်ဆရာများက “ဆရာတော်သည် လျောက်ပတ်စွာ မိန့်ကြားတော်မူပြီ” ဟု လျှောက်ဆိုကြ၏။ 40ထိုသူတို့သည်လည်း ထပ်မံ၍ မမေးလျှောက်ဝံ့ကြ။
ခရစ်တော်သည် မည်သူ၏သားတော်ဖြစ်သနည်း
41တစ်ဖန် ယေရှုက ထိုသူတို့အား “ခရစ်တော်#20:41 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။သည် ဒါဝိဒ်မင်း၏သားတော်ဖြစ်သည်ဟု အဘယ်ကြောင့်ပြောဆိုကြသနည်း။ 42-43ဒါဝိဒ်မင်းကိုယ်တိုင် ဆာလံကျမ်းတွင် ရေးသားခဲ့သည်မှာ
‘ထာဝရဘုရားသည် ကျွန်ုပ်၏သခင်အား
“ငါ၏ လက်ယာဘက်၌ ထိုင်လော့။
ငါသည် သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံဖြစ်စေလိမ့်မည်”#20:42-43 ဆာ ၁၁၀:၁။ ဟု မိန့်တော်မူ၏’
ဟူ၍ ဖြစ်၏။ 44ထို့ကြောင့် ဒါဝိဒ်မင်းသည် ခရစ်တော်ကို ‘သခင်’ ဟူ၍ ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ ဒါဝိဒ်မင်း၏သား ဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။
45ပရိသတ်အပေါင်းတို့သည် နားထောင်နေကြစဉ် ယေရှုက တပည့်တော်တို့အား 46“ကျမ်းတတ်ဆရာများကို သတိပြုကြလော့။ သူတို့သည် ဝတ်ရုံရှည်များကို ဝတ်ဆင်၍ လည်ပတ်သွားလာလိုကြ၏။ ဈေးအရပ်တို့တွင် လူတို့၏ ရိုသေစွာနှုတ်ဆက်ခြင်းကို ခံလိုကြ၏။ ဂျူးဝတ်ပြုဆောင်တွင် အထူးနေရာများ၌လည်းကောင်း၊ ဧည့်ခံပွဲများတွင်လည်း အထူးခုံများ၌လည်းကောင်း ထိုင်လိုကြ၏။ 47မုဆိုးမတို့၏အိမ်များကို မတရားသိမ်းယူတတ်ပြီး ရှည်လျားစွာဆုတောင်းခြင်းဖြင့် ဘာသာရေးကိုင်းရှိုင်းသကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့သည် ပို၍ ကြီးလေးသောပြစ်ဒဏ်ကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
Iliyochaguliwa sasa
လုကာ 20: BCB
Kuonyesha
Shirikisha
Nakili
Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.