လုကာ 22
22
ယေရှုကိုသစ္စာဖောက်ရန် ယုဒသဘောတူခြင်း
1ပသခါပွဲတော်#22:1 ပသခါပွဲတော်မှာ ဂျူးလူမျိုးများ အီဂျစ်ပြည်၏ကျွန်အဖြစ်မှ လွတ်မြောက်မှု အထိမ်းအမှတ်အဖြစ် ကျင်းပသောပွဲတော်ဖြစ်သည်။ဟု ခေါ်တွင်သော တဆေးမဲ့မုန့်ပွဲတော် ကျင်းပချိန်နီးကပ်လာ၏။ 2ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုကို သတ်ရန် လျှို့ဝှက်စွာ ရှာကြံလျက်ရှိ၏။ သို့သော်လည်း သူတို့သည် လူများကို ကြောက်ရွံ့ကြ၏။
3ထိုအခါ စာတန်မာရ်နတ်သည် တပည့်တော်ဆယ့်နှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် ရှကာရုတ်ဟု ခေါ်သော ယုဒထဲသို့ ဝင်လေ၏။ 4ယုဒသည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဗိမာန်တော်အစောင့်တို့၏ခေါင်းဆောင်များထံ သွား၍ ယေရှုကို မည်သည့်နည်းဖြင့် သူတို့လက်သို့ အပ်ရမည်ကို တိုင်ပင်၏။ 5ထိုသူတို့က ဝမ်းသာ၍ သူ့အား ငွေပေးရန် သဘောတူကြ၏။ 6ယုဒရှကာရုတ်သည်လည်း သဘောတူ၍ လူအုပ်ရှင်းချိန်တွင် ယေရှုကို ထိုသူတို့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
နောက်ဆုံးသောညစာ
7ထို့နောက် တဆေးမဲ့မုန့်ပွဲတော်၌ ပသခါသိုးသငယ်ကို ယဇ်ပူဇော်ရသောနေ့ ကျရောက်လာ၏။ 8ထိုအခါ ယေရှုသည် ပေတရုနှင့်ယောဟန်တို့အား “ငါတို့စားရန်အတွက် သွား၍ ပသခါပွဲတော်ညစာကို ပြင်ဆင်ကြလော့” ဟု မိန့်၍ စေလွှတ်တော်မူ၏။
9သူတို့က ကိုယ်တော်အား “မည်သည့်နေရာတွင် ပြင်ဆင်စေလိုတော်မူသနည်း” ဟု မေးလျှောက်ကြ၏။
10ကိုယ်တော်က သူတို့အား “သင်တို့သည် ဂျေရုဆလင်မြို့သို့ ဝင်သောအခါ ရေအိုးထမ်းလာသောလူတစ်ဦးနှင့် ဆုံလိမ့်မည်။ ထိုသူနောက်သို့လိုက်၍ သူဝင်သည့်အိမ်သို့ ဝင်ကြလော့။ 11ထို့နောက် အိမ်ရှင်အား ‘ဆရာတော်က “ငါ့တပည့်တို့နှင့်အတူ ပသခါပွဲတော်ညစာကို စားရမည့် ဧည့်ခန်းသည် မည်သည့်နေရာတွင်ရှိသနည်း” ဟု သင့်အား မေးလိုက်ပါသည်’ ဟု ပြောကြလော့။ 12ထိုသူသည် သင်တို့အား ခင်းကျင်းထားသော အိမ်အပေါ်ထပ်ခန်းမကြီးကို ပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။ 13ထို့နောက် သူတို့သည် သွားကြရာ ယေရှုမိန့်မှာသည့်အတိုင်း တွေ့မြင်၍ ပသခါပွဲတော်ကို ပြင်ဆင်ကြ၏။
14အချိန်ကျလာသောအခါ ယေရှုသည် တမန်တော်တို့နှင့်အတူ စားပွဲတွင် ထိုင်တော်မူ၍#22:14 မူရင်းဂရိကျမ်းတွင် “လျောင်းတော်မူ” ဟု တွေ့ရှိရသည်။ ပထမရာစုအရှေ့အလယ်ပိုင်း၌ အစာစားသုံးရာတွင် စားပွဲရှေ့၌ထိုင်၍ စားသုံးလေ့မရှိပါ။ တစ်စုံတစ်ခုအပေါ်၊ သို့မဟုတ် အခြားတစ်ဦးအပေါ် မှီလျောင်း၍ စားပွဲကိုဦးတည်ကာ စားသောက်လေ့ရှိသည်။ 15“ငါသည် အသေမခံမီ ဤပသခါပွဲတော်ညစာကို သင်တို့နှင့်အတူစားရန် အလွန်အလိုရှိ၏။ 16သင်တို့အား ငါပြောဆိုသည်မှာ ပသခါပွဲတော်သည် ဘုရားသခင်၏နိုင်ငံတော်တွင် မပြည့်စုံမီအချိန်ထိ ဤပသခါပွဲတော်ညစာကို နောက်တစ်ဖန် ငါစားမည်မဟုတ်” ဟု မိန့်တော်မူ၏။
17ထို့နောက် ယေရှုသည် စပျစ်ရည်ခွက်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးသော် “ဤခွက်ကို ယူ၍ သင်တို့အချင်းချင်းဝေမျှကြလော့။ 18သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်၏နိုင်ငံတော် မပေါ်ထွန်းမီအချိန်ထိ ယခုမှစ၍ ငါသည် စပျစ်ရည်ကို ထပ်မံမသောက်ဘဲနေမည်” ဟု မိန့်တော်မူ၏။
19မုန့်ကိုလည်းယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ မုန့်ကို ဖဲ့၍ တပည့်တော်တို့အား ပေးတော်မူလျက် “ဤမုန့်သည် သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မေ့သတိရရန် ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။
20ညစာစားပြီးနောက် စပျစ်ရည်ခွက်ကိုလည်းယူ၍ “ဤခွက်သည် သင်တို့အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြား ဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
21သို့ရာတွင် ငါ့ကိုသစ္စာဖောက်မည့်သူသည် ဤစားပွဲ၌ ငါနှင့်အတူရှိ၏။ 22သတ်မှတ်ထားသည့်အတိုင်း လူသား#22:22 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသော ဂုဏ်ပုဒ်ဖြစ်သည်။သည် သွားရမည်။ သို့သော်လည်း လူသားကိုသစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။ 23တပည့်တော်တို့သည်လည်း မိမိတို့အနက် မည်သူသည် ဤအမှုကို ကျူးလွန်မည်နည်းဟု အချင်းချင်းမေးမြန်းကြလေ၏။
24ထို့နောက် တပည့်တော်တို့သည် မိမိတို့အနက် မည်သူသည် အကြီးမြတ်ဆုံးအဖြစ် သတ်မှတ်ခံရမည့်အကြောင်းကို ငြင်းခုံကြ၏။ 25ယေရှုက “လူမျိုးခြားများ၏ရှင်ဘုရင်တို့သည် ပြည်သူများအပေါ် ကြီးစိုးကြ၏။ ထိုအာဏာရှိသူများအား ကျေးဇူးရှင်များဟု ခေါ်ကြရ၏။ 26သို့သော် သင်တို့ကမူ ထိုကဲ့သို့မဖြစ်စေနှင့်။ သင်တို့အထဲတွင် အမြင့်မြတ်ဆုံးဖြစ်သောသူသည် အသေးနုပ်ဆုံးကဲ့သို့လည်းကောင်း၊ ခေါင်းဆောင်ဖြစ်သောသူသည် အစေခံကဲ့သို့လည်းကောင်း နေရမည်။ 27စားပွဲတွင်ထိုင်နေသောသူနှင့် အစေခံနေသောသူတွင် မည်သူသည် ပို၍ မြင့်မြတ်သနည်း။ စားပွဲတွင်ထိုင်နေသောသူသည် မြင့်မြတ်သည်မဟုတ်လော။ သို့သော် ငါသည် သင်တို့အထဲတွင် အစေခံသောသူကဲ့သို့ဖြစ်၏။
28ငါသည် ဒုက္ခဆင်းရဲများနှင့် ကြုံတွေ့သောအခါ သင်တို့သည် ငါ့နံဘေးတွင် ရပ်တည်သောသူများဖြစ်ကြ၏။ 29ငါ့ခမည်းတော်သည် နိုင်ငံတော်ကို ငါ့အား အပ်သည့်အတိုင်း ငါသည်လည်း နိုင်ငံတော်ကို သင်တို့အားအပ်၏။ 30သို့ဖြစ်၍ သင်တို့သည် ငါ့နိုင်ငံတော်၊ ငါ့စားပွဲတွင် စားသောက်ခွင့်ရလိမ့်မည်။ ထို့ပြင် ရာဇပလ္လင်များပေါ်တွင်ထိုင်လျက် အစ္စရေးမျိုးနွယ်စု ဆယ့်နှစ်စုကို တရားစီရင်ကြလိမ့်မည်။
ပေတရုငြင်းဆိုမည့်အကြောင်း ကြိုတင်ဟောတော်မူခြင်း
31ရှိမုန်… ရှိမုန်… ဂျုံကို ဆန်ကာနှင့်စစ်သကဲ့သို့ သင်တို့ကိုစစ်ချရန် စာတန်မာရ်နတ်သည် တောင်းဆိုလျက်ရှိ၏။ 32သို့သော် သင်၏ယုံကြည်ခြင်းမပျက်သုဉ်းစေရန် သင့်အတွက် ငါဆုတောင်းပြီ။ သင်သည် အသိတရားပြန်ဝင်သောအခါ သင်၏ညီအစ်ကိုများအား ကြံ့ခိုင်စေလော့” ဟု မိန့်တော်မူ၏။
33ထိုအခါ ပေတရုက ယေရှုအား “သခင်… အကျွန်ုပ်သည် သခင်နှင့်အတူ ထောင်ထဲသို့ဖြစ်စေ၊ အသေခံရန်ဖြစ်စေ လိုက်ပါရန်အသင့်ရှိပါသည်” ဟု လျှောက်လေ၏။
34ယေရှုက “ပေတရု၊ သင့်အားငါပြောဆိုသည်မှာ ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
35ထို့နောက် ယေရှုက “ငါသည် သင်တို့ကို ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်နှင့် ဖိနပ်အပိုတို့ကို မယူစေဘဲ စေလွှတ်ခဲ့စဉ်က သင်တို့သည် တစ်စုံတစ်ခု လိုအပ်ခဲ့သလော” ဟု မေးတော်မူ၏။ တပည့်တော်များက “မည်သည့်အရာမျှ မလိုခဲ့ပါ” ဟု လျှောက်ကြ၏။
36ထိုအခါ ယေရှုက “သို့သော် ယခုတွင်မူ ပိုက်ဆံအိတ်ရှိလျှင် ယူခဲ့လော့။ ခရီးဆောင်အိတ်ရှိလျှင်လည်း ယူခဲ့လော့။ ဓားမရှိသောသူသည် မိမိအဝတ်ကို ရောင်း၍ ဓားတစ်လက်ဝယ်ယူလော့။ 37သင်တို့အား ငါပြောဆိုသည်မှာ ‘သူသည် ရာဇဝတ်ကျူးလွန်သူများ စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’#22:37 ဟေရှာ ၅၃:၁၂။ ဟူသော ကျမ်းစကားသည် ငါ၌ဖြစ်ပျက်လာရမည်။ အဘယ်ကြောင့်ဆိုသော် ငါ့အားရည်ညွှန်းသည့်အရာသည် ဖြစ်ပျက်လျက်ရှိနေသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
38တပည့်တော်များကလည်း “သခင်… ဓားနှစ်လက်ရှိပါ၏” ဟု လျှောက်ကြရာ ယေရှုက “လုံလောက်ပြီ” ဟု မိန့်တော်မူ၏။
သံလွင်တောင်တွင် ဆုတောင်းတော်မူခြင်း
39ထို့နောက် ယေရှုသည် အပေါ်ထပ်ခန်းမကြီးမှ ထွက်ခွာ၍ အလေ့အထရှိတော်မူသည့်အတိုင်း သံလွင်တောင်သို့ ကြွတော်မူရာ တပည့်တော်များသည်လည်း နောက်တော်သို့ လိုက်ကြ၏။ 40ထိုနေရာသို့ ရောက်သောအခါ ယေရှုက တပည့်တော်တို့အား “ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ မကျရောက်စေရန် ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
41ထို့နောက် ယေရှုသည် တပည့်တော်များရှိသည့်နေရာမှ ခဲတစ်ပစ်စာခန့် ခွာသွား၍ ဒူးထောက်လျက် 42“အို အဖ… အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏အလိုဆန္ဒအရမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။ 43ထိုအခါ ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါး ပေါ်လာ၍ ယေရှုကို အားပေးလေ၏။ 44ယေရှုသည် ပြင်းစွာသော ဝေဒနာကိုခံလျက် စိတ်အားပြင်းပြစွာ ဆုတောင်းသဖြင့် ချွေးစက်တော်သည် သွေးစက်သဖွယ် မြေပေါ်သို့ကျလေ၏။
45ဆုတောင်းတော်မူပြီးနောက် ယေရှုသည် တပည့်တော်များထံ ပြန်ကြွသောအခါ သူတို့သည် ဝမ်းနည်း၍ အားအင်ကုန်ခန်းသဖြင့် အိပ်ပျော်လျက်ရှိသည်ကို တွေ့မြင်တော်မူ၏။ 46ယေရှုကလည်း “အဘယ်ကြောင့် အိပ်ပျော်နေကြသနည်း။ ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ မကျရောက်စေရန် ထ၍ ဆုတောင်းကြလော့” ဟု မိန့်တော်မူလေ၏။
သစ္စာဖောက်ခံရတော်မူခြင်းနှင့် ဖမ်းဆီးခံရတော်မူခြင်း
47ထိုသို့မိန့်တော်မူနေစဉ် လူတစ်စုရောက်လာ၏။ တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သည့် ယုဒသည် ထိုလူစုကို ဦးဆောင်၍ ခေါ်လာ၏။ သူသည် ယေရှုကို အနမ်းဖြင့် နှုတ်ဆက်ရန် ချဉ်းကပ်လေ၏။ 48သို့သော် ယေရှုက “ယုဒ… သင်သည် လူသားကို အနမ်းဖြင့်သစ္စာဖောက်မည်လော” ဟု မေးတော်မူ၏။
49ယေရှုအနားတွင်ရှိသောတပည့်တော်တို့က မည်သို့ဖြစ်ပျက်မည်ကို မြင်သောအခါ “သခင်… အကျွန်ုပ်တို့သည် ဓားဖြင့်ခုတ်ရပါမည်လော” ဟု မေးလျှောက်ကြ၏။ 50သူတို့အထဲမှ တစ်ဦးက ယဇ်ပုရောဟိတ်မင်း၏အစေခံတစ်ဦးကို ခုတ်လိုက်ရာ ထိုသူ၏လက်ယာနားရွက် ပြတ်လေ၏။
51သို့သော် ယေရှုက “ရပ်လော့” ဟု ဟန့်တားလျက် ပြတ်သွားသောနားရွက်ကို လက်တော်ဖြင့် တို့ထိကာ ပကတိအတိုင်းဖြစ်စေတော်မူ၏။
52ထို့နောက် ယေရှုသည် မိမိအားဖမ်းဆီးရန် ရောက်ရှိလာသော ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ဗိမာန်တော်အစောင့်များ၏ခေါင်းဆောင်များနှင့် အကြီးအကဲများအား “ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကိုဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ 53ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် သင်တို့နှင့်အတူရှိစဉ် မဖမ်းဆီးဘဲနေကြ၏။ သို့သော်လည်း ဤအချိန်သည် သင်တို့၏အချိန်၊ အမှောင်ထုကြီးစိုးချိန် ဖြစ်၏” ဟု မိန့်တော်မူ၏။
ယေရှုကို မသိကြောင်း ပေတရုငြင်းဆိုခြင်း
54ထိုသူတို့သည် ယေရှုကိုဖမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်သွားကြ၏။ ပေတရုသည် မလှမ်းမကမ်းမှလိုက်လေ၏။ 55လူတချို့သည် ရုံးတော်ဝင်းအလယ်၌ မီးဖို၍ အတူတကွထိုင်နေကြ၏။ ပေတရုသည်လည်း သူတို့အကြားတွင် ထိုင်လေ၏။ 56ထိုသို့ ပေတရုသည် မီးဖိုဘေးတွင်ထိုင်နေသည်ကို အစေခံအမျိုးသမီးတစ်ဦးသည် မြင်၍ သူ့အားစူးစိုက်ကြည့်ပြီးလျှင် “ဤသူသည် ယေရှု၏နောက်လိုက်ဖြစ်၏” ဟု ဆို၏။
57သို့သော် ပေတရုက “အမျိုးသမီး… ထိုသူကို ငါမသိပါ” ဟု ငြင်းလေ၏။
58ခဏကြာသော် အခြားတစ်ယောက်သည် ပေတရုကိုမြင်၍ “သင်သည်လည်း ထိုသူတို့ထဲမှ တစ်ယောက်ဖြစ်သည်” ဟု ဆို၏။ သို့သော် ပေတရုကလည်း “မိတ်ဆွေ#22:58 မူရင်းဂရိကျမ်းတွင် “အချင်းလူ” ဟု ပါရှိသည်။ (လု ၂၂:၆၀။)… ကျွန်ုပ်မပါပါ” ဟု ငြင်းဆိုလေ၏။
59တစ်နာရီခန့်မျှ ကြာသော် အခြားတစ်ဦးက “ဤလူသည်လည်း ယေရှုနှင့်အတူရှိခဲ့သောသူ အမှန်ပင်ဖြစ်၏။ ဤလူသည် ဂါလိလဲပြည်သားဖြစ်သည်” ဟု အခိုင်အမာဆိုလေ၏။
60သို့ရာတွင် ပေတရုက “မိတ်ဆွေ… သင်ပြောဆိုနေသည့်အရာကို ကျွန်ုပ်မသိပါ” ဟု ဆို၏။ ထိုစကားကို ပြောနေစဉ်အတွင်း၌ပင် ကြက်တွန်လေ၏။
61ထိုအခါ သခင်ဘုရားသည် လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ပေတရုသည်လည်း “ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းဆိုလိမ့်မည်” ဟူသော သခင်ဘုရား၏စကားတော်ကို သတိရ၏။ 62ထို့ကြောင့် အပြင်သို့ ထွက်၍ ရှိုက်ကြီးတငင်ငိုကြွေးလေ၏။
63စောင့်ကြပ်သောသူများက ယေရှုကို လှောင်ပြောင်၍ ရိုက်နှက်ကြ၏။ 64မျက်နှာတော်ကို ဖုံးအုပ်ပြီးလျှင် “သင့်ကို ရိုက်သောသူသည် မည်သူဖြစ်သည်ကို ဟောတော်မူပါ” ဟု ယေရှုအား ဆိုကြ၏။ 65ထို့ပြင် အခြားကဲ့ရဲ့သောစကားများဖြင့်လည်း ပြောဆိုကြ၏။
တရားလွှတ်တော်၌ စစ်ဆေးခံရတော်မူခြင်း
66မိုးလင်းချိန်တွင် လူထုအကြီးအကဲများဖြစ်သော ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် စုဝေးကြ၍ ယေရှုကို သူတို့၏တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။ 67သူတို့က “သင်သည် ခရစ်တော်#22:67 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။ဖြစ်သလော။ ငါတို့အားပြောလော့” ဟု မေးကြ၏။
သို့သော် ယေရှုက “သင်တို့ကို ငါပြောလျှင် ယုံကြည်ကြမည်မဟုတ်။ 68သင်တို့ကို ငါမေးလျှင်လည်း သင်တို့ဖြေကြမည်မဟုတ်။ 69သို့သော် ယခုမှစ၍ လူသားသည် တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော်ဘက်တွင် ထိုင်တော်မူလိမ့်မည်”#22:69 ဆာ ၁၁၀:၁။ ဟု မိန့်တော်မူ၏။
70ထိုအခါ သူတို့အားလုံးက “သို့ဖြစ်လျှင် သင်သည် ဘုရားသားဖြစ်သလော” ဟု မေးကြ၏။ ယေရှုက “သင်တို့ဆိုသည့်အတိုင်း မှန်သည်” ဟု မိန့်တော်မူ၏။
71ထိုအခါ သူတို့က “အခြား မည်သည့်သက်သေ လိုတော့မည်နည်း။ သူ၏နှုတ်မှထွက်ဆိုသည်ကို ငါတို့ကိုယ်တိုင် ကြားရပြီ” ဟု ပြောဆိုကြလေ၏။
Iliyochaguliwa sasa
လုကာ 22: BCB
Kuonyesha
Shirikisha
Nakili
Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.