Chapa ya Youversion
Ikoni ya Utafutaji

လုကာ 24

24
ရှင်ပြန်​ထမြောက်တော်မူခြင်း
1တနင်္ဂနွေနေ့​နံနက်​စောစော​တွင်#24:1 မူရင်း​ဂရိကျမ်း​တွင် “ဥပုသ်နေ့​ကုန်လွန်ပြီးနောက် ရက်သတ္တပတ်​၏​ပထမ​နေ့” ဟု ပါရှိသည်။ ထို​အမျိုးသမီးတို့​သည် ပြင်ဆင်ထားသော​အမွှေးနံ့သာများ​ကို ယူဆောင်​လျက် သင်္ချိုင်းဂူ​သို့ သွားကြ၏။ 2သင်္ချိုင်းဂူ​သို့​ရောက်​သော် ဂူဝ​၌ ပိတ်ထားသော​ကျောက်တုံးကြီး​မှာ ဘေးဘက်​သို့ လှိမ့်ဖယ်ထားပြီး​ဖြစ်သည်​ကို တွေ့မြင်ကြ​သဖြင့် 3ဂူ​ထဲ​သို့ ဝင်ကြ၏။ သို့သော် သူတို့​သည် သခင်​ယေရှု​၏​အလောင်းတော်​ကို မတွေ့ရပေ။ 4ထို​အတွက်​ကြောင့် ဇဝေဇဝါ​ဖြစ်နေကြ​စဉ် တောက်ပသော​အဝတ်​ကို ဝတ်ဆင်ထားသော​လူ​နှစ်ဦး​သည် ရုတ်တရက်​ပေါ်လာ​၍ သူတို့​အနား​တွင် ရပ်လေ၏။
5ထိုအခါ အမျိုးသမီးတို့​သည် ကြောက်ရွံ့​၍ မိမိတို့​၏​မျက်နှာများ​ကို မြေပြင်​သို့ ငုံ့ထားကြ၏။ ထို​လူ​နှစ်ဦး​က “အသက်ရှင်သော​သူ​ကို လူသေများ​ရှိသည့်​နေရာ​တွင် အဘယ်ကြောင့် ရှာဖွေကြသနည်း။ 6-7ထို​အရှင်​သည် ဤ​နေရာ​တွင် မရှိ။ သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူပြီ။ ဂါလိလဲပြည်​၌ ရှိတော်မူ​စဉ် အရှင်​က သင်တို့​အား ‘လူသား#24:6-7 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​သည် အပြစ်သားများ​လက်သို့ အပ်နှံခြင်း​ကို ခံရမည်။ လက်ဝါးကပ်တိုင်​တွင် သတ်ခြင်း​ခံရမည်။ ထို့နောက် သုံးရက်မြောက်သော​နေ့​၌ သေခြင်း​မှ ထမြောက်မည်’ ဟူ၍ မိန့်တော်မူသည်​ကို သတိရကြလော့” ဟု ဆိုကြ၏။
8ထိုအခါ အမျိုးသမီးတို့​သည် ယေရှု​၏​စကားတော်​ကို ပြန်လည် သတိရကြ၏။ 9ထို့နောက် သင်္ချိုင်းဂူ​မှ​ပြန်လာ​၍ တမန်တော်​ဆယ့်တစ်ပါး​နှင့် ကျန်ရှိသော​သူ​အပေါင်းတို့​အား ပြောပြကြ၏။ 10ဤ​အကြောင်းအရာများ​ကို တမန်တော်​တို့​အား ပြောပြကြသော​သူများ​မှာ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်​၏​မိခင်​ဖြစ်သော မာရိ​နှင့် အခြားသော​အမျိုးသမီးများ ဖြစ်ကြ၏။ 11သို့သော်လည်း ထို​စကားများ​မှာ တမန်တော်တို့​အတွက် အခြေအမြစ်​မရှိ​သကဲ့သို့ ဖြစ်နေ​၍ သူတို့​သည် မယုံကြချေ။ 12ပေတရု​က​မူ ထ​၍ သင်္ချိုင်းဂူ​သို့​ပြေးလေ၏။ ရောက်​လျှင် ငုံ့​၍​ကြည့်​သော် ပိတ်ချောထည်များ​ကိုသာ မြင်လေ၏။ ထို့နောက် ဖြစ်ပျက်ခဲ့သည့်​အရာ​ကို အံ့အားသင့်​လျက် မိမိ​အိမ်​သို့​ပြန်လေ၏။
ဧမောက်​ရွာ​သို့ ကြွတော်မူခြင်း
13ထို​နေ့​တွင်ပင် တပည့်တော်​နှစ်ဦး​သည် ဂျေရုဆလင်မြို့​နှင့် ခုနစ်မိုင်​ခန့်#24:13 မူရင်း​ဂရိကျမ်း​တွင် ၆၀ စတာဒီယွန်​ဟု ဖော်ပြထားသည်။ ၁ စတာဒီယွန်​တွင် ၆၀၇ ပေ​ခန့်၊ သို့မဟုတ် ၁၈၇ မီတာ​ရှိသည်။​ဝေးသည့် ဧမောက်​ဟု ခေါ်သော​ရွာ​သို့ သွားကြ၏။ 14သူတို့​သည် ဖြစ်ပျက်ခဲ့​သမျှ အကြောင်းများ​ကို အချင်းချင်း​ပြောဆိုကြ၏။ 15ထိုသို့ ပြောဆို​ဆွေးနွေးကြ​စဉ် ယေရှု​ကိုယ်တိုင် သူတို့​အနား​ချဉ်းကပ်​၍ သူတို့​နှင့်အတူ ကြွတော်မူ၏။ 16သို့သော်လည်း သူတို့​၏​မျက်စိများ​ကို ဘုရားသခင်​ဖုံးကွယ်ထား​သောကြောင့် ယေရှု​ကို မမှတ်မိကြပေ။
17ယေရှု​က “သင်တို့​သည် ခရီးသွား​လျက် မည်သည့်​အကြောင်းအရာများ​ကို အချင်းချင်း​ဆွေးနွေးနေကြသနည်း” ဟု မေးတော်မူ၏။
ထိုအခါ သူတို့​သည် ဝမ်းနည်းရိပ်သန်း​လျက် ရပ်နေကြ၏။ 18သူတို့​ထဲမှ ကလောဖ​အမည်ရှိသော​သူ​က “ဂျေရုဆလင်မြို့​သို့ ဧည့်သည်​အဖြစ် လာသော​သူများ​အနက် ဤ​ရက်များ​အတောအတွင်း ဖြစ်ပျက်ခဲ့သော​အကြောင်းအရာများ​ကို မသိသူ​မှာ သင်​တစ်ဦးတည်း​သာ ဖြစ်သလော” ဟု ဆိုလေ၏။
19ထိုအခါ ယေရှု​က “မည်သည့်​အကြောင်းအရာများ ဖြစ်သနည်း” ဟု မေးတော်မူ၏။
ထို​သူတို့​က “နာဇရက်မြို့သား​ယေရှု​ဆိုသော​သူ​၏​အကြောင်းအရာများ​ဖြစ်၏။ ထို​သူ​သည် ဘုရား​ရှေ့၊ လူ​ရှေ့​တွင် အံ့ဖွယ်တန်ခိုး​လက္ခဏာ​ကို​ပြု​၍ နှုတ်သတ္တိ​ရှိသော ပရောဖက်​တစ်ပါး​ဖြစ်၏။ 20သို့ရာတွင် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဂျူး​ခေါင်းဆောင်များ​က သူ့​အား သေဒဏ်​ကျစေ​၍ လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်ခဲ့ကြပြီ။ 21သူ​သည် အစ္စရေးလူမျိုးများ​ကို ကယ်တင်မည့်​သူ​ဖြစ်ကြောင်း ငါတို့​မျှော်လင့်နေခဲ့ကြ၏။ ဤ​အကြောင်းအရာများ ဖြစ်ပျက်သည်​မှာ ယခု သုံးရက်​ရှိပါပြီ။
22ငါတို့​အဖွဲ့​ထဲမှ အမျိုးသမီး​တချို့​သည် နံနက်​စောစော သင်္ချိုင်းဂူ​သို့​သွား​ရာ 23အလောင်းတော်​ကို မတွေ့ဘဲ​ပြန်လာကြ၏။ ယေရှု​သည် အသက်ရှင်တော်မူကြောင်း​ပြောသည့် ကောင်းကင်တမန်များ​ကိုလည်း ရူပါရုံ​တွင် မြင်တွေ့ကြကြောင်း ပြောပြ​သဖြင့် ငါတို့​သည် အံ့အားသင့်ကြ၏။ 24ငါတို့​နှင့်အတူ ရှိသော​သူ​တချို့​သည်လည်း သင်္ချိုင်းဂူ​သို့ သွား​သောအခါ အမျိုးသမီးများ​ဖော်ပြသည့်​အတိုင်း တွေ့မြင်ကြ၏။ သို့သော် ယေရှု​ကိုမူ မတွေ့မြင်ကြ” ဟု ဆိုကြ၏။
25ထိုအခါ ယေရှု​က “အို မိုက်မဲ​၍ ပရောဖက်များ​ဟောပြောခဲ့​သမျှ​ကို ယုံကြည်​ရန် နှေးကွေးသော​စိတ်နှလုံး​ရှိသည့်​သူတို့… 26ခရစ်တော်#24:26 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏​အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​သည် ဤ​ဒုက္ခများ​ကို ခံ​၍ မိမိ​၏​ဘုန်းတော်​သို့ စံမြန်း​ရမည်​မဟုတ်လော” ဟု မိန့်တော်မူ၏။ 27ထို့နောက် ယေရှု​သည် မောရှေ​၏​ကျမ်းများ​မှ​စ​၍ ပရောဖက်ကျမ်းများ​ထဲမှ မိမိ​နှင့်​ပတ်သက်သော​ကျမ်းပိုဒ်များ​၏​အနက်အဓိပ္ပာယ်တို့​ကို​ရှင်းပြတော်မူ၏။
28ထိုအခါ သူတို့​သွားနေသည့်​ဧမောက်ရွာ​အနီး​သို့ ရောက်​သော် ယေရှု​သည် ရှေ့​သို့​ဆက်သွားမည့်​ဟန် ပြုတော်မူ၏။ 29သို့သော် သူတို့​က ယေရှု​အား “မိုးချုပ်တော့မည်​ဖြစ်​သောကြောင့် အကျွန်ုပ်တို့​နှင့်အတူ တည်းခိုပါ” ဟု တောင်းပန်ကြ၏။ ထို့ကြောင့် ယေရှု​သည် သူတို့​နှင့်အတူ​တည်းခို​ရန် လိုက်ပါသွားတော်မူ၏။ 30ထို့နောက် သူတို့​နှင့်အတူ စားပွဲ​တွင်​ထိုင်တော်မူ​ပြီးလျှင်#24:30 မူရင်း​ဂရိကျမ်း​တွင် “လျောင်းတော်မူ” ဟု တွေ့ရှိရသည်။ ပထမ​ရာစု​အရှေ့အလယ်ပိုင်း​၌ အစာ​စားသုံးရာ​တွင် စားပွဲ​ရှေ့၌​ထိုင်​၍ စားသုံးလေ့​မရှိပါ။ တစ်စုံတစ်ခု​အပေါ်၊ သို့မဟုတ် အခြား​တစ်ဦး​အပေါ် မှီလျောင်း​၍ စားပွဲ​ကို​ဦးတည်​ကာ စားသောက်လေ့​ရှိသည်။ မုန့်​ကို​ယူ​၍ ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ မုန့်​ကို​လည်း ဖဲ့​၍ သူတို့​အား ပေးတော်မူ၏။ 31ထိုအခါ သူတို့​၏​မျက်စိများ ပွင့်​၍ ယေရှု​ဖြစ်ကြောင်း သိကြရ၏။ ထိုစဉ် ယေရှု​သည် သူတို့​၏​မြင်ကွင်း​မှ ကွယ်ပျောက်သွား​တော်မူ၏။
32သူတို့​ကလည်း “လမ်း​တွင် ငါတို့​အား စကားပြော​လျက် ကျမ်းစာ​ကို အနက်ဖွင့်​ရှင်းပြတော်မူ​စဉ် ငါတို့​၏​စိတ်နှလုံး​သည် အတွင်း​၌ လောင်းကျွမ်းနေ​သကဲ့သို့​ဖြစ်သည်​မဟုတ်လော” ဟု အချင်းချင်း​ပြောဆိုကြ၏။ 33သူတို့​သည် ချက်ချင်း​ထ​၍ ဂျေရုဆလင်မြို့​သို့ ပြန်ကြလေ၏။ ထိုအခါ တပည့်တော်​ဆယ့်တစ်ပါး​နှင့် သူတို့​၏​အပေါင်းအပါများ စုရုံး​လျက်​ရှိနေသည်​ကို တွေ့ကြ၏။ 34စုရုံးနေကြသော​သူများ​က “သခင်​သည် အမှန်တကယ် ရှင်ပြန်​ထမြောက်တော်မူပြီ။ ရှိမုန်​ကိုလည်း​ကိုယ်ထင်ပြတော်မူပြီ” ဟု ဆိုကြလေ၏။
တပည့်တော်များ​အား ကိုယ်ထင်ပြတော်မူခြင်း
35ထို​သူတို့​နှစ်ဦး​သည်လည်း လမ်း​၌ တွေ့ကြုံခဲ့သည့်​အကြောင်း​နှင့် မုန့်​ကို​ဖဲ့​စဉ်တွင် ယေရှု​ဖြစ်တော်မူကြောင်း သိရပုံ​ကို ပြောပြကြ၏။ 36ထိုသို့ ပြောဆိုနေကြ​စဉ် ယေရှု​သည် သူတို့​အလယ်​တွင် ပေါ်လာ​၍ “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။ 37သို့ရာတွင် တပည့်တော်များ​က တစ္ဆေ​ကို မြင်နေရသည်​ဟု မှတ်ထင်​ကာ ထိတ်လန့်​ကြောက်ရွံ့ကြ၏။
38ထိုအခါ ယေရှု​က “အဘယ်ကြောင့် ထိတ်လန့်ကြသနည်း။ အဘယ်ကြောင့် သံသယစိတ်များ​ဖြစ်ပေါ်ကြသနည်း။ 39ငါ့​လက်​နှင့် ငါ့​ခြေတို့​ကို ကြည့်ကြလော့။ ငါ​ကိုယ်တိုင်​ပင် ဖြစ်၏။ ငါ့​ကို ကြည့်ရှု​စမ်းသပ်ကြလော့။ တစ္ဆေ​တွင် အရိုး​နှင့် အသား​တို့​မရှိ။ သို့သော် ငါ့​တွင်​ရှိသည်​ကို သင်တို့​မြင်ကြ၏” ဟု မိန့်တော်မူ၏။ 40ထိုသို့ မိန့်တော်မူ​၍ လက်တော်​ခြေတော်တို့​ကို တပည့်တော်တို့​အား ပြတော်မူ၏။
41သူတို့​သည် ဝမ်းသာ​၍ အံ့အားသင့်နေ​သောကြောင့် မယုံကြည်နိုင်​သေး​စဉ် ယေရှု​က “သင်တို့​တွင် စားစရာ​ရှိသလော” ဟု မေးတော်မူ၏။ 42သူတို့​သည် ငါးကင်​တစ်ပိုင်း​ကို ပေးကြ၏။ 43ယေရှု​သည် ယူ​၍ သူတို့​ရှေ့​တွင် သုံးဆောင်တော်မူ၏။
44ထို့နောက် ယေရှု​က “မောရှေ​၏​ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများ​နှင့် ဆာလံကျမ်းများ​တွင် ငါ့​အကြောင်း​နှင့် ပတ်သက်၍ ရေးသားထား​သမျှသော​အရာ​အားလုံး​သည် ဖြစ်ပျက်လာ​ရမည်​ဟူ၍ သင်တို့​နှင့်အတူ​ရှိ​စဉ်က ငါ​ပြောဆိုပြီ” ဟု မိန့်တော်မူ၏။ 45ထို့နောက် ကျမ်းစာတော်​ကို နားလည်​စေရန် သူတို့​၏​ဉာဏ်​ကိုလည်း ဖွင့်ပေးတော်မူ၏။ 46ယေရှု​က “ကျမ်းစာတော်​တွင် ဤသို့ ရေးသားထား၏။ ခရစ်တော်​သည် အသေခံ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူမည်။ 47ခရစ်တော်​၏​အမည်​နာမ​အားဖြင့် အပြစ်​လွတ်ခြင်းတရား​နှင့် နောင်တတရား​အကြောင်းတို့​ကို ဂျေရုဆလင်မြို့​မှစ၍ လူမျိုး​တကာတို့​အား ဟောပြော​ရမည်။ 48သင်တို့​သည်လည်း ဤ​အကြောင်းအရာတို့​၏​သက်သေများ​ဖြစ်ကြ၏။
49ငါ​သည် ငါ့​ခမည်းတော် ကတိ​ထားတော်မူသည့်​အတိုင်း သန့်ရှင်းသော​ဝိညာဉ်တော်​ကို သင်တို့​ထံသို့ စေလွှတ်မည်။ သို့ရာတွင် သင်တို့​သည် ကောင်းကင်​မှ​တန်ခိုးတော် မရရှိ​မီ​အထိ မြို့​ထဲတွင်​နေကြ​ရမည်” ဟု မိန့်တော်မူ၏။
ကောင်းကင်​သို့ တက်ကြွတော်မူခြင်း
50ထို့နောက် ယေရှု​သည် တပည့်တော်တို့​အား ဗေသနိရွာ​ထိတိုင် ခေါ်ဆောင်သွားပြီး​လျှင် လက်တော်​ကို​မြှောက်​၍ ကောင်းချီးပေးတော်မူ၏။ 51ထိုသို့ ကောင်းချီးပေးနေတော်မူ​စဉ်​တွင်ပင် သူတို့​ထံမှ​ခွဲခွာ​၍ ကောင်းကင်ဘုံ​သို့ ဆောင်ယူခြင်း​ကို ခံတော်မူ၏။ 52တပည့်တော်တို့​သည်လည်း ကိုယ်တော်​ကို ကိုးကွယ်ရှိခိုး​ပြီးလျှင် အလွန်​ဝမ်းမြောက်​လျက် ဂျေရုဆလင်မြို့​သို့ ပြန်ကြ၏။ 53ထို့နောက် ဗိမာန်တော်​ထဲတွင် ဘုရားသခင်​၏​ကျေးဇူးတော်​ကို အစဉ်မပြတ်​ချီးမွမ်း​လျက်​နေကြ၏။
ရှင်လုကာ​ခရစ်ဝင်ကျမ်း ပြီးပါပြီ။

Iliyochaguliwa sasa

လုကာ 24: BCB

Kuonyesha

Shirikisha

Nakili

None

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia