John 3
3
1ထို့နောက် ဂျူးလူမျိုးတို့တွင် အရေးပါသောအရာရှိတစ်ဦးဖြစ်သည့် နိကောဒင်အမည်ရှိသော ဖာရိရှဲတစ်ဦးရှိလေ၏။ 2သူသည် တစ်ခုသောည၌ ကိုယ်တော့်ထံသို့ လာ၍ “ကိုယ်တော်၊ ကိုယ်တော်သည် ဘုရားရှင်ထံမှ ကြွလာသောဆရာတစ်ဦးဖြစ်သည်ကို အကျွန်ုပ်တို့သိကြပါ၏။ ဘုရားရှင်နှင့်အတူမရှိလျှင် သင်ပြုသောအံ့ဖွယ်နိမိတ်လက္ခဏာများကို မည်သူမျှ ဆောင်ရွက်နိုင်မည်မဟုတ်ပါ” ဟုလျှောက်တင်လေ၏။ 3ကိုယ်တော်က “သင့်အား ငါအမှန်ဆိုသည်ကား၊ အထက်အရပ်မှ မွေးဖွားသောသူမှလွဲ၍ မည်သူမျှ ဘုရားရှင်၏သာသနာတော်ကို မြင်နိုင်ခြင်းမရှိ” ဟုမိန့်တော်မူ၏။ 4ထိုအခါ နိကောဒင်က “အရွယ်ရောက်နှင့်ပြီးသောသူသည် မည်ကဲ့သို့ ပြန်လည်မွေးဖွားခြင်းခံရနိုင်မည်နည်း။ သူသည် မိခင်ဝမ်းထဲသို့ တဖန်ပြန်ဝင်၍ နောက်တစ်ကြိမ်မွေးဖွားခြင်းခံရရန် မည်သို့မျှ မဖြစ်နိုင်ပါ” ဟုလျှောက်တင်လေ၏။ 5ကိုယ်တော်ကလည်း “သင့်အား ငါအမှန်ဆိုမည်၊ ရေနှင့် ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းမပြုလျှင် မည်သူမျှ ဘုရားရှင်၏သာသနာတော်သို့ ဝင်နိုင်မည်မဟုတ်။ 6လူသားမှ မွေးသောသူသည် လူသားသာဖြစ်ကြ၏။ ဝိညာဉ်တော်သည်သာ လူတို့အား ဘုရားရှင်၏သားသမီးများအဖြစ် ပြောင်းလဲပေးနိုင်၏။ 7ထို့ကြောင့် ‘သင်တို့သည် အထက်အရပ်မှ မွေးဖွားသောသူဖြစ်ရမည်’ ဟုငါဆိုသည်ကို အံ့ဩခြင်းမရှိနှင့်။ 8လေသည် အလိုရှိရာအရပ်သို့ တိုက်ခတ်တတ်၏။ သင်သည် လေ၏အသံကို ကြားရသော်လည်း ၎င်းသည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်ကို သင်တို့မသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောသူတိုင်းသည်လည်း ထိုနည်းတူဖြစ်၏” ဟုမိန့်တော်မူ၏။ 9“ဤအရာများ မည်သို့ဖြစ်နိုင်ပါမည်နည်း” ဟု နိကောဒင်ကမေးသဖြင့် 10ကိုယ်တော်က “သင်သည် အစ္စရေးတို့၏ဆရာတစ်ဦးဖြစ်လျှက်ပင် ဤအရာတို့ကို နားမလည်သလော။ 11သင့်အား ငါအမှန်ဆိုမည်၊ ငါတို့သည် မိမိသိသောအရာကို ဆို၍ မိမိမြင်သောအရာကို သက်သေခံကြ၏။ သို့သော်လည်း သင်တို့ထဲမှ မည်သူမှ ငါတို့၏သက်သေခံချက်ကို လက်မခံကြ။ 12သင့်အား ဤကမ္ဘာမြေနှင့်ဆိုင်သော အကြောင်းအရာတို့ကို ငါပြောသော်လည်း သင်မယုံကြည်လျှင် ရွှေမြို့တော်နှင့်ဆိုင်သော အကြောင်းအရာတို့ကို ငါပြောလျှင် သင်မည်သို့ယုံကြည်မည်နည်း။ 13ရွှေမြို့တော်မှ ဆင်းသက်လာသည့် လူ့သားတော်မှလွဲ၍ မည်သူမျှ ရွှေမြို့တော်သို့ တက်ရောက်ခြင်းမရှိ။ 14-15မောရှေသည် တောကန္တာရ၌ ကြေးဝါမြွေရုပ်ကို မြှောက်ထားသကဲ့သို့ လူ့သားတော်သည်လည်း သူ့အား ယုံကြည်သောသူတိုင်းသည် နိစ္စထာဝရအသက်ကို ရရှိရန်အတွက် မြှောက်ထားခြင်းခံရမည်။ 16ဘုရားရှင်၏သားတော်ကို ယုံကြည်သောသူတိုင်းသည် သေဆုံးခြင်းသို့မရောက်၊ နိစ္စထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားရှင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် ဤလောကကို မဟာကရုဏာမေတ္တာထားတော်မူ၏။ 17ဘုရားရှင်သည် သားတော်ကို ဤလောကသို့ စေလွှတ်ခြင်းကား လူတို့ကို အပြစ်စီရင်ဖို့မဟုတ်ဘဲ သားတော်အားဖြင့် လူတို့အား ကယ်တင်ဖို့ရန်ဖြစ်၏။ 18သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းခံရမည်မဟုတ်၊ သို့သော် မယုံကြည်သောသူမူကား ဘုရားရှင်၏တစ်ပါးတည်းသောသားတော်ကိုပင် မယုံကြည်သည့်အတွက်ကြောင့် အပြစ်စီရင်ခြင်းကို ခံရ၏။ 19ဤသည်ကား ဘုရားရှင်သည် လူတို့အား စီရင်သည့်အကြောင်းတည်း။ အလင်းသည် ဤလောကသို့ ရောက်လာသော်လည်း လူတို့သည် မိမိတို့၏မကောင်းသောအကျင့်စရိုက်များအားဖြင့် အလင်းထက် အမှောင်ကို ပို၍နှစ်သက်ကြ၏။ 20မကောင်းသောအမှုကို ပြုကျင့်သူတို့သည် အလင်းကို မုန်းတီးကြကာ မိမိတို့၏မကောင်းသောအကျင့်စရိုက်များကို ထုတ်ဖော်ပြသခံရမည်ကို မလိုလားကြသည့်အတွက် အလင်းထံသို့ ချဉ်းကပ်ခြင်းမပြုကြပေ။ 21သို့သော် ဖြောင့်မတ်မှန်ကန်သောအမှုကို ပြုကျင့်သောသူမူကား မိမိတို့ပြုကျင့်သမျှတို့သည် ဘုရားရှင်၏အလိုတော်အတိုင်းသာဖြစ်သည်ကို အလင်းအားဖြင့် ပေါ်လွင်ထင်ရှားစေရန်အတွက် အလင်းထံသို့ ချဉ်းကပ်တတ်ကြ၏” ဟုမိန့်တော်မူ၏။ 22ထိုနောက်မှ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ယုဒပြည်သို့ ကြွရောက်တော်မူပြီးလျှင်၊ ထိုအရပ်၌ တပည့်တော်တို့နှင့် ရက်အနည်းငယ်ခန့် နေတော်မူလျက် လူတို့အား ရေနှစ်မင်္ဂလာပေးတော်မူ၏။ 23ယောဟန်သည်လည်း ရှာလိမ်မြို့အနီး ရေပေါများသည့်အရပ်ဖြစ်သော အဲနုန်ရွာ၌ ရေနှစ်မင်္ဂလာပေး၍နေသဖြင့် လူများစွာတို့သည် သူ့ထံသို့ လာရောက်ကြပြီး ရေနှစ်မင်္ဂလာခံယူကြ၏။ 24ထိုအချိန်ကား ယောဟန်အား ထောင်သွင်းအကျဉ်းချခြင်းမခံရမီအချိန်ဖြစ်၏။ 25ထို့နောက် သန့်စင်ခြင်းကိုအကြောင်းပြု၍ ယောဟန်၏တပည့်အချို့နှင့် ဂျူးလူမျိုးတစ်ဦးတို့သည် အငြင်းပွားကြလေ၏။ 26ထို့ကြောင့် သူတို့သည် ယောဟန်ထံသို့လာ၍ “ဆရာ၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၌ သင်သည် လူတို့အား ရေနှစ်မင်္ဂလာပြုပေးသောအချိန်၌ သင်နှင့်အတူရှိနေခဲ့၍ သင်သက်သေခံပေးခဲ့သောသူသည် ယခုလူတို့အား ရေနှစ်မင်္ဂလာပေးနေသဖြင့် လူတိုင်းသည်လည်း ထိုသူ့ထံသို့ သွားနေကြပါ၏” ဟုလျှောက်တင်လေသည်။ 27ထိုအခါ ယောဟန်က “ဘုရားရှင် ပေးတော်မမူဘဲ လူသည် မည်သည့်အရာကိုမျှ ရနိုင်လိမ့်မည်မဟုတ်။ 28‘ငါသည် မေရှိယမဟုတ်၊ သို့သော် ငါသည် သူ့ရှေ့၌ စေလွှတ်ခြင်းခံရသူသာဖြစ်၏’ ဟုငါဆိုခဲ့ကြောင်းကို သင်တို့ကိုယ်တိုင်ပင် သက်သေများဖြစ်ကြ၏။ 29သတို့သမီးသည် သတို့သားနှင့် သက်ဆိုင်၏။ သတို့သား၏အသံကို ရပ်လျက်နားထောင်နေသော သတို့သား၏မိတ်ဆွေမူကား သတို့သား၏အသံကို ကြားရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်၏။ ထိုနည်းတူ ငါသည်လည်း ထိုဝမ်းမြောက်ခြင်းနှင့် ပြည့်ဝလျက်ရှိ၏။ 30ထိုသူ၏ဘုန်းတန်ခိုးသည်ကား တိုးပွားလာရမည်။ ငါမူကား ဆုတ်ယုတ်ရမည်။” 31“အထက်မှ ကြွလာသောသူသည် အလုံးစုံတို့ထက် ကြီးမြတ်ပေ၏။ မြေကြီးမှလာသောသူသည် မြေကြီးနှင့်ဆိုင်၍ မြေကြီးမှအမှုကိစ္စများကိုသာ ပြောတတ်၏။ သို့သော် ရွှေမြို့တော်မှလာသောသူမူကား အလုံးစုံတို့၏အထွတ်ဖြစ်၏။ 32သူသည် မြင်သမျှ၊ ကြားသမျှအရာတို့ကို သက်သေထွက်ဆိုသော်လည်း သူ၏သက်သေခံချက်ကို မည်သူမျှလက်မခံကြ။ 33သူ၏သက်သေခံချက်ကို လက်ခံသောသူတို့သည်ကား ဘုရားရှင်၏စစ်မှန်ခြင်းတရားကို အတည်ပြုကြ၏။ 34ဘုရားရှင်စေလွှတ်တော်မူသောသူသည်ကား ဉာဏ်အလင်းတော်ကို ဘုရားရှင်က သူ့အား အတိုင်းအဆမရှိ ပေးအပ်ထားတော်မူသဖြင့် ဘုရားရှင်၏စကားတော်များကို မြွက်ဆို၏။ 35အဖဘုရားသည် သားတော်ကို ချစ်မြတ်နိုးတော်မူ၍ အလုံးစုံသောအရာတို့ကို သားတော်လက်သို့ အပ်တော်မူ၏။ 36သားတော်ကို ယုံကြည်သောသူသည် နိစ္စထာဝရအသက်ကို ရသော်လည်း ငြင်းဆန်သောသူမူကား ထိုအသက်တာကို မမြင်ရဘဲ ဘုရားရှင်၏အမျက်တော်သည် သူ့အပေါ်၌ တည်နေလိမ့်မည်” ဟုဟောကြားလေ၏။
Iliyochaguliwa sasa
John 3: TPV-RV
Kuonyesha
Shirikisha
Nakili

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.