Chapa ya Youversion
Ikoni ya Utafutaji

Matthew 8

8
1ကိုယ်တော်ယေရှုတောင်ပေါ်မှ ဆင်းလာသောအခါ ကြီးမားသောလူထုပရိသတ်ကြီးသည် ကိုယ်တော်၏နောက်မှ လိုက်လာခဲ့ကြ၏။ 2. အနာကြီးရောဂါသည်တစ်ဦးသည်ကိုယ်တော်ယေရှု ရှေ့သို့ရောက်လာပြီးဒူးထောက်ဦးညွတ်လိုက်သည်ကိုသတိပြုမိလေသည်။ သူက ‘ အရှင်အလိုတော်ရှိပါရင် ကျွန်တော့်ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်တဲ့တန်ခိုးတော် အရှင်မှာရှိပါတယ်’ ဟုလျှောက်ထားလိုက်လေသည်။ 3.ကိုယ်တော်ယေရှုသည်သူ၏လက်တော်ကို ထိုလူအားထိထားလိုက်ပြီး ‘ငါလိုလားပါတယ်၊ အခုပဲ မင်းရဲ့အနာရောဂါကိုကုသလိုက်ပြီ’ ဟုမိန့်တော်မူလိုက်လေရာ ထိုလူ၏ အနာကြီးရောဂါသည် ချက်ခြင်းပင်ပျောက်ကင်း သွားလေတော့သည်။ 4ကိုယ်တော်ကသူ့အား ‘ဒီအကြောင်းအရာတွေကို ဘယ်သူ့ကိုမှ လိုက်ပြီး ပြောစရာမလိုအောင် ဘာသာရေးခေါင်းဆောင်ဆီသို့သာသွားပြီး မင်းရောဂါပျောက်သွားတာကို ပြလိုက်စမ်းပါ။ ‌မောရှေပညတ်တော်အတိုင်း လှူဖွယ်ပစ္စည်းတွေကိုယူဆောင်ပြီး ဘုရားကျောင်းကို သွားရင် မင်းရောဂါပျောက်သွားတာကို လူတိုင်းသိသွားပါလိမ့်မယ်’ ဟုမိန့်တော်မူလေသည်။ 5ကိုယ်တော်သည် ကပေရနောင်မြို့သို့ သွားနေစဉ်အခါတွင် စစ်တပ်အရာရှိတစ်ဦးသည် ကိုယ်တော်ထံသို့ရောက်လာပြီး 6.‘အရှင်ဘုရား ကျွန်တော့်ရဲ့အစေခံ တစ်ယောက်ဟာ လေဖြတ်ပြီး ပြင်းထန်တဲ့ဝေဒနာဆိုးကို ခံစားနေရလို့အိပ်ယာထဲမှာလဲနေပါတယ်’ ဟုလျှောက်တင်လေသည်။ 7.ထိုအခါ ကိုယ်တော်က‘သူ့ကို ငါ သွားကုပေးမယ်’ဟု မိန့်တော်မူလိုက်လေသည်။ 8သို့သော်အရာရှိက ‘အရှင်ဘုရားဟာ ကျွန်တော့် အိမ်ကိုဝင်ဖို့ မသင့်တော်ပါ။ အရှင်အမိန့်ပေးလိုက်တာနဲ့ ကျွန်တော့်အစေခံ နေကောင်းသွားပါလိမ့်မယ်။ 9.ကျွန်တော့်ကို အမိန့်ပေးတဲ့ အရာရှိတွေရှိပါတယ်၊ ကျွန်တော့်အမိန့်ကို နာခံရတဲ့တပ်သားတွေလည်းရှိပါတယ်။ တပ်သားတစ်ယောက်ကို ‘သွား’ လို့ပြောလိုက်ရင်၊ သူသွားရပါတယ်။ တစ်ခြားတပ်သားကိုလည်း ‘လာ’ လို့ပြောရင် သူလာရပါတယ်။ ကျွန်တော့် အစေခံကို ‘ဒါလုပ်’လို့ပြောရင် သူ လုပ်ရပါတယ်’ဟု လျှောက်တင်လေသည်။ 10ဤသို့လျှောက်ထားသည်ကို ကိုယ်တော်ယေရှုကြားသောအခါ သူသည်အလွန်အံ့ဩသွားပြီး သူ့နောက်မှလိုက်လာသော လူထုဘက်သို့လှည့်၍ ‘ငါ အမှန်ပြောရရင် ဣသရေလလူမျိုးအားလုံးထဲမှာ ဒီလိုယုံကြည်ချက် ပြင်းထန်တဲ့သူမျိုးကို တစ်ခါမှ ငါ မတွေ့ဖူးဘူး"ဟုမိန့်တော်မူလိုက်လေသည်။ 11ဒါပေမယ့် ငါ မင်းတို့ကိုပြောပြမယ်၊အရှေ့အရပ် နဲ့အနောက်အရပ်က မြောက်များစွာသောလူတွေဟာ နိဗ္ဗာန်ရွှေမြို့တော်မှာ အာဗြဟံ၊ ဣဇက် ယာကုပ်တို့နဲ့ အတူတူပွဲတော်တည် ကြလိမ့်မယ်။ 12ဒါပေမယ့် ဘုရားရှင်ကိုမယုံကြည်သူ သားတော်တွေရဲ့ နိုင်ငံသားတွေကို အပြင်ဖက်အမှောင် ငရဲထဲ ကို ဆွဲထုတ်ခြင်း ခံရလိမ့်မယ်။ သူတို့ဟာ အဲဒီနေရာမှာ နာကျင်လွန်းလို့ အံကြိတ်ပြီး ငိုကြွေးနေရလိမ့်မယ်"ဟုမိန့်တော်မူလိုက်ပါသည်။ 13.ထို့နောက်ကိုယ်တော်ယေရှုက အရာရှိအား ‘အခု အိမ်ကို ပြန်ပါ၊ မင်းယုံကြည်တဲ့အတိုင်း ဖြစ်လိမ့်မယ်’ဟု မိန့်တော်မူ၏။ ဤသို့မိန့်တော်မူသည့်အချိန်မှာပင် သူ၏အစေခံသည် ရောဂါ ပျောက်ကင်းသွားခဲ့လေသည်။ 14ကိုယ်တော်ယေရှုသည် ပေတရုအိမ်သို့ ကြွသွားတော်မူသောအခါ ပေတရု၏ယောက္ခမသည် ဖျား၍အိပ်ယာထဲတွင် လဲလျောင်းနေသည်ကိုတွေ့လိုက်ရ၏။ 15.ကိုယ်တော်သည်သူမအား သူ၏လက်ဖြင့်တို့ထိလိုက်လျှင် အဖျားရောဂါ ပျောက်ကင်းသွားသည်။ ထို့နောက်သူမသည် အိပ်ယာမှထလာကာကိုယ်တော်ယေရှုအား ဧည့်ဝတ်ပြုလေတော့သည်။ 16ညနေစောင်းသို့ရောက်သောအခါ မကောင်းဆိုးဝါးပူးကပ်နေသောသူများစွာတို့ကို ကိုယ်တော်ယေရှုထံသို့ ခေါ်ဆောင်လာခဲ့ကြ၏။ ကိုယ်တော်သည် မကောင်းဆိုးဝါးတို့ကိုအမိန့်ပေး၍ မောင်းထုတ်ပြီး နာမကျန်းသောသူအားလုံးတိုင်းအား ကုသပေးလေသည်။ 17.ထို့ကြောင့် ဟေရှာယကျမ်းတွင် ဖော်ပြသော ‘သူသည် ကျွန်ုပ်တို့၏ရောဂါ များကို ပျောက်ကင်းစေပြီး နေကောင်းအောင် ပြုလုပ်ပေးလိမ့်မည်’ဟူသော ပရောဖက်ပညာရှိများပြောခဲ့သည့် ကျမ်းချက်အတိုင်း အမှန်ပင်ဖြစ်လာခဲ့လေသည်။ 18ကိုယ်တော်ယေရှုသည် လူထုပရိသတ်ကို မြင်တွေ့လိုက်ရသောအခါသူသည် ဂါလိလဲရေအိုင်ကိုဖြတ်ကူးတော်မူ၏။ 19.မောရှေကျမ်း ဆရာတစ်ဦးသည် ကိုယ်တော်ယေရှုထံသို့ရောက်လာပြီး ‘ဆရာတော်၊ အရှင်ဘယ်နေရာကို သွားသွား အတူတူလိုက်ပါမယ်’ ဟုလျှောက်တင်လေ၏။ 20.ကိုယ်တော်ယေရှုက ‘မြေခွေးမှာတွင်းရှိတယ်၊ ငှက်တွေမှာ လည်းအသိုက်ရှိတယ်။ ဒါပေမယ့် ‘လူ့သားတော်’မှာခေါင်းချပြီး အိပ်စရာနေရာတောင်မရှိပါ’ ဟုပြန်လည်မိန့်ကြားလိုက်၏။ 21အခြားသောတပည့်တစ်ဦးက ကိုယ်တော်အား ‘အရှင်၊ ကျွန်တော့်အဖေ အလောင်းကို အရင် သင်္ဂြိုလ်ခွင့်ပြုတော်မူပါ။ပြီးရင် ကိုယ်တော်နောက်တော်ကို လိုက်ခဲ့ပါမယ်။’ ဟုလျှောက်တင်လေသည်။ 22.ကိုယ်တော်က ‘မင်း ငါနဲ့လိုက်ခဲ့၊ သေရမယ့်သူတွေသာ လူသေအလောင်းတွေကို သင်္ဂြိုလ်ကြပါစေ’ ဟုပြန်လည်ဖြေကြားတော်မူလေသည်။ 23ထို့နောက်ကိုယ်တော်သည် သူ၏တပည့်တော်များနှင့်အတူ လှေစီး၍ထွက်ခွာသွားကြလေသည်။ 24ရုတ်တရက်မုန်တိုင်းကြီးတစ်ခုသည် ပင်လယ်ကို တိုက်ခတ်လာပြီး ရေလှိုင်းများက သူတို့၏လှေထဲသို့ ဝင်ရောက်လာသည်။ သို့သော်ကိုယ်တော်ယေရှုသည် အိပ်ပျော်နေသည်။ 25ထို့ကြောင့်တပည့်တော်တို့သည် ကိုယ်တော်ကိုသွားနှိုးကြလေသည်။ သူတို့က ‘အရှင်၊ ကျွန်တော်တို့ကို ကယ်တော်မူပါ၊ ကျွန်တော်တို့ သေရပါတော့မယ်’ ဟုလျှောက်ထားကြလေသည်။ 26သို့ရာတွင်ကိုယ်တော်က ‘မင်းတို့ဘာကြောင့် ကြောက်နေကြတာလဲ၊ မင်းတို့မှာ ယုံကြည်မှုနည်းနည်းလေးတောင်မရှိဘူးလား"။ဟုပြောပြီး အိပ်ရာမှထလာကာ လေတိုက်နေသည်ကို ငြိမ်ကျ သွားစေရန် အမိန့်ပေးလိုက်သည်။ထိုအခါ လေမုန်တိုင်းသည် ငြိမ်သက်သွားလေတော့သည်။ 27လှေထဲတွင်ရှိသောလှေသမားတို့သည် အံ့ဩသွားကြပြီး ‘ဒီလူကဘယ်လိုလူလဲ၊ လေ နဲ့ လှိုင်းတွေကတောင် သူ့အမိန့်ကိုနာခံရပါလား’ ဟုအံ့ဩစွာပြောကြလေသည်။ 28ကိုယ်တော်သည်ဂါလိလဲ ရေအိုင်၏တစ်ဖက်ကမ်းတွင်ရှိသောဂါဒရမြို့သို့ ကြွရောက်တော်မူလေသည်။မကောင်းဆိုးဝါး ပူးကပ်နေသူ နှစ်ဦးသည် သင်္ချိုင်းဂူများကြားမှ ထွက်လာကြလေသည်။ သူတို့သည် အလွန်ဆိုးသွမ်းကြပြီးလမ်းသွားလမ်းလာများကိုရန်ပြုကြ‌သောကြောင့် မည်သူမှ ထိုလမ်းကို မသွားဝံ့ကြချေ။ 29.ရုတ်တရက်သူတို့သည် ‘ဘုရားရှင်ရဲ့သားတော် ကိုယ်တော်ယေရှု၊ ကျွန်တော်တို့နဲ့ ကိုယ်တော် ဘာဆိုင်လို့လဲ၊ ကျွန်တော်တို့ကို အချိန်မတန် ခင်ဆုံးမဖို့ လာတာလား’ဟု အော်ဟစ်ငိုကြွေးကြလေ၏။ 30မနီးမဝေးသောနေရာတွင် ကြီးမားသောဝက်အုပ်တစ်အုပ်သည် အစာစားနေ၏။ 31.ထို့ကြောင့်မကောင်းဆိုးဝါးတို့သည် ကိုယ်တော်ယေရှုကို ‘ကိုယ်တော် ကျွန်တော်တို့ကိုမောင်းထုတ်မယ်ဆိုရင် ထိုဝက်အုပ်ထဲကို ပို့ပေးတော်မူပါ’ဟု တောင်းပန်ကြလေသည်။ 32.ကိုယ်တော်က"သွားစေ"ဟုခွင့်ပြုလိုက်သောအခါတွင် မကောင်းဆိုးဝါးသည် ထိုလူနှစ်ဦးထံမှ ဝက်အုပ်ထံသို့ထွက်သွားကြလေသည်။ ဝက်တို့ အားလုံးတစ်ပြိုင်နက် မတ်စောက်သောကမ်းပါးမှ ရေအိုင်ထဲသို့ တဟုန်တည်းပြေးဆင်း၍ ရေနစ်သေဆုံးသွားကြလေတော့သည်။ 33ဝက်ထိန်းသမားတို့သည်လည်း မြို့ထဲသို့ထွက်ပြေးသွားပြီး အဖြစ်အပျက်အားလုံးတို့ကို ပြောပြကြလေသည်။ အထူးသဖြင့် ကိုယ်တော်ယေရှုကထိုလူနှစ်ဦးထံမှမကောင်းဆိုးဝါးများမောင်းထုတ်ခဲ့သည့်အကြောင်းကို ပြောပြခဲ့ကြလေသည်။ 34.ထိုနောက်မြို့ထဲရှိ လူတိုင်းသည် ကိုယ်တော်ယေရှုနှင့်တွေ့ဆုံရန်ထွက်လာကြလေသည်။ ကိုယ်တော်ကို တွေ့ကြသောအခါ သူတို့သည် ကိုယ်တော်အား သူတို့၏ ဒေသမှ ထွက်ခွာသွားပါရန် တောင်းပန်ကြလေသည်။

Iliyochaguliwa sasa

Matthew 8: TPV-RV

Kuonyesha

Shirikisha

Nakili

None

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia