YouVersion 標識
搜索圖示

မဿဲ 14

14
နှစ်ခြင်းဆရာ​ယောဟန် ကွယ်လွန်ခြင်း
1ထို​အချိန်​တွင် နယ်စား​အန္တိပ​ဟေရုဒ်#14:1 နယ်စား​အန္တိပ​ဟေရုဒ်​သည် ဟေရုဒ်မင်း​၏​သား​ဖြစ်ပြီး ဂါလိလဲပြည်​ကို အုပ်ချုပ်သူ​ဖြစ်သည်။​သည် ယေရှု​အကြောင်း​ကို ကြား​သော် 2သူ​၏ အကြံပေးပုဂ္ဂိုလ်တို့​အား “ဤ​သူ​သည် နှစ်ခြင်းဆရာ​ယောဟန်​ဖြစ်၏။ သူ​သည် သေရာ​မှ​ပြန်ရှင်ပြီ။ ထို့ကြောင့် သူ​သည် ထို​အံ့ဖွယ်တန်ခိုးများ​ကို ပြနိုင်ခြင်း​ဖြစ်သည်” ဟု ဆိုလေ၏။
3-4ယခင်​က ဟေရုဒ်မင်း​သည် ညီဖြစ်သူ ဖိလိပ္ပု​၏​ဇနီး​ဟေရောဒိ​ကို သိမ်းယူ​သောကြောင့် ယောဟန်​က “ဟေရောဒိ​ကို အရှင်မင်းကြီး​သိမ်းယူခြင်း​သည် ဘုရားသခင်​၏ ပညတ်တော်​နှင့်​မညီ” ဟူ၍ ဖော်ပြ​ဆုံးမခဲ့၏။ ထို့ကြောင့် ဟေရုဒ်မင်း​သည် ယောဟန်​ကို​ဖမ်းဆီးချုပ်နှောင်​၍ ထောင်​ထဲသို့ ထည့်ထားခဲ့၏။ 5ဟေရုဒ်မင်း​သည် ယောဟန်​ကို သတ်​လို​သော်လည်း ဆူပူအုံကြွမည်​ကို ကြောက်ရွံ့​သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထု​သည် ယောဟန်​အား ပရောဖက်​တစ်ပါး​အဖြစ် သတ်မှတ်ထား​သောကြောင့် ဖြစ်၏။
6ထို့နောက် ဟေရုဒ်မင်း​၏ မွေးနေ့ပွဲ​တွင် ဟေရောဒိ​၏ သမီး​သည် ဧည့်သည်တော်များ​ရှေ့​၌ ကပြဖျော်ဖြေ​ရာ ဟေရုဒ်မင်း​သည် အလွန်​နှစ်သက်လေ၏။ 7ထို့ကြောင့် ဟေရုဒ်မင်း​သည် ထို​မိန်းကလေး​တောင်းသမျှ​ကို ပေး​ရန် သစ္စာဆို​၍ ကတိပေးလေ၏။ 8ထို​မိန်းကလေး​သည်လည်း မိခင်​၏​တိုက်တွန်းချက်​ဖြင့် “နှစ်ခြင်းဆရာ​ယောဟန်​၏ ဦးခေါင်း​ကို လင်ပန်း​တွင်​တင်​၍ ပေးတော်မူပါ” ဟု တောင်းဆိုလေ၏။ 9ထိုအခါ ဟေရုဒ်မင်း​သည် မိမိ​ပြောခဲ့သည့်​စကား​အတွက် နောင်တရလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များ​ရှေ့တွင် မိမိ​ပေးခဲ့သည့် ကတိ​ကို ထောက်ရှု​၍ တောင်းဆိုသည့်​အတိုင်း ပေး​စေရန် အမိန့်ချလေ၏။ 10ထိုသို့ဖြင့် လူလွှတ်​ကာ ယောဟန်​၏​ဦးခေါင်း​ကို ထောင်​ထဲတွင် ဖြတ်စေ၏။ 11ထို့နောက် ဦးခေါင်း​ကို လင်ပန်း​ဖြင့် ယူဆောင်လာ​၍ မိန်းကလေး​အား ပေးစေ၏။ မိန်းကလေး​သည်လည်း ထို​ဦးခေါင်း​ကို မိခင်​ထံသို့ ယူဆောင်သွားလေ၏။ 12ယောဟန်​၏ တပည့်တို့​သည် လာ​၍ အလောင်း​ကို ယူ​ကာ သင်္ဂြိုဟ်ကြ၏။ ထို့နောက် သူတို့​သည် ယေရှု​ထံသို့ သွား​၍ ဖြစ်ပျက်​သမျှ​ကို လျှောက်ကြ၏။
လူ​ငါးထောင်​ကို ကျွေးမွေးတော်မူခြင်း
13ယေရှု​သည် ထို​သတင်း​ကို ကြား​သောအခါ ထို​နေရာ​မှ ထွက်ခွာ​၍ လှေ​ကို စီး​လျက် ဆိတ်ငြိမ်သော​အရပ်​သို့ ကြွတော်မူ၏။ သို့သော် လူထု​ပရိသတ်တို့​သည် ယေရှု​ကြွတော်မူကြောင်း​ကို ကြားသိ​သဖြင့် မြို့ရွာများ​မှ​ထွက်​၍ ကုန်းကြောင်း​ဖြင့် လိုက်ကြ၏။ 14ယေရှု​သည် လှေ​ပေါ်မှ​ဆင်း​သောအခါ လူအုပ်ကြီး​ကို တွေ့မြင်တော်မူ​လျှင် သနားစိတ်​ရှိတော်မူ​သဖြင့် ဖျားနာသူများ​ကို ကျန်းမာစေတော်မူ၏။
15ညနေခင်း​ရောက်​သောအခါ တပည့်တော်တို့​သည် အထံတော်သို့​ချဉ်းကပ်​၍ “ဤ​နေရာ​သည် လူသူကင်းဝေးသော​အရပ်​ဖြစ်ပြီး မိုး​လည်း​ချုပ်ပါတော့မည်။ လူတို့​သည် မြို့ရွာများ​သို့ သွား​၍ စားစရာများ​ဝယ်ယူ​နိုင်ရန် သူတို့​အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။
16သို့သော်​ယေရှု​က “ထို​သူတို့ သွား​ရန် မလိုပါ။ ထို​သူတို့​အတွက် စားစရာ​ကို သင်တို့​ပေးကြလော့” ဟု မိန့်တော်မူ၏။
17တပည့်တော်တို့​က “အကျွန်ုပ်တို့​တွင် မုန့်​ငါးလုံး​နှင့် ငါး​နှစ်ကောင်​သာ ရှိပါသည်” ဟု လျှောက်ကြ၏။
18ယေရှု​က “ထို​မုန့်​ငါးလုံး​နှင့် ငါး​နှစ်ကောင်​ကို ငါ့​ထံသို့ ယူခဲ့ကြ” ဟု မိန့်တော်မူ၏။ 19ထို့နောက် ယေရှု​သည် လူထု​ပရိသတ်တို့​ကို မြက်ခင်း​ပေါ်တွင် ထိုင်စေတော်မူ၏။ မုန့်​ငါးလုံး​နှင့် ငါး​နှစ်ကောင်​ကိုလည်း ယူ​လျက် ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူးတော်​ကို​ချီးမွမ်းတော်မူ၏။ ပြီးမှ မုန့်​ကို​ချိုးဖဲ့​၍ တပည့်တော်တို့​အား ပေးတော်မူ​လျှင် တပည့်တော်တို့​သည်လည်း လူထု​ပရိသတ်တို့​အား ပေးဝေကြ၏။ 20ပရိသတ်​အားလုံး ဝလင်​စွာ စားကြ​ပြီးနောက် တပည့်တော်တို့​သည် ကြွင်းကျန်သော​အကျိုးအပဲ့များ​ကို တောင်း​ထဲသို့ ကောက်သိမ်း​ရာ ဆယ့်နှစ်တောင်း​အပြည့် ရကြ၏။ 21စားကြသော​သူ​အရေအတွက်​မှာ အမျိုးသမီးများ​နှင့် ကလေးများ​ကို မရေတွက်ဘဲ အမျိုးသား​ငါးထောင်​ခန့် ရှိကြ၏။
ရေ​ပေါ်တွင် လမ်းလျှောက်တော်မူခြင်း
22ထို့နောက် ယေရှု​သည် တပည့်တော်တို့​ကို လှေ​ပေါ်သို့ ချက်ချင်း​တက်စေ​၍ ကမ်းတစ်ဖက်​သို့ သွားနှင့်​စေတော်မူ၏။ တစ်ချိန်တည်း​တွင် လူထု​ပရိသတ်တို့​ကိုလည်း ပြန်လွှတ်တော်မူ၏။ 23ကိုယ်တော်​သည် လူထုတို့​ကို ပြန်လွှတ်တော်မူ​ပြီးနောက် ဆုတောင်း​ရန် တောင်​ပေါ်သို့ တက်ကြွတော်မူ၏။ ညအချိန်​ရောက်သော် ထို​နေရာ​၌ မိမိ​တစ်ကိုယ်တည်း​ရှိတော်မူ၏။
24ထို​အချိန်​တွင် လေ​သည် ဆန့်ကျင်ဘက်​တိုက်​သောကြောင့် တပည့်တော်တို့​၏ လှေ​မှာ လှိုင်းပုတ်ခြင်း​ခံရ​ပြီး ကမ်း​နှင့်​အလွန်​ဝေးကွာသွား၏။ 25နံနက်​သုံးနာရီ#14:25 မူရင်း​ဂရိကျမ်း​တွင် “ည​၏ လေးပိုင်းမြောက်​အချိန်” ဟု ဖော်ပြထားသည်။​အချိန်​ခန့်​တွင် ယေရှု​သည် ရေ​ပေါ်တွင် လမ်းလျှောက်တော်မူ​လျက် တပည့်တော်များ​ထံသို့ ကြွတော်မူ၏။ 26ထိုသို့ ရေ​ပေါ်တွင် ယေရှု​လမ်းလျှောက်တော်မူသည်​ကို တပည့်တော်တို့​မြင်​သောအခါ ထိတ်လန့်​၍ “တစ္ဆေ” ဟု ကြောက်စိတ်​ဖြင့် အော်ဟစ်ကြ၏။
27သို့သော် ယေရှု​က “မစိုးရိမ်နှင့်။ ငါ​ပင်​ဖြစ်၏။ မကြောက်ရွံ့ကြနှင့်” ဟု သူတို့​အား ချက်ချင်း​မိန့်တော်မူ၏။
28ထိုအခါ ပေတရု​က “သခင်… ကိုယ်တော်​ဖြစ်​ပါက အကျွန်ုပ်​ကို သခင့်​ထံတော်သို့ ရေ​ပေါ်မှ လာ​ရန် အမိန့်ရှိတော်မူပါ” ဟု လျှောက်၏။
29ယေရှု​က “လာခဲ့လော့” ဟု မိန့်တော်မူ​သော် ပေတရု​သည် လှေ​ပေါ်မှ​ဆင်း​၍ ရေ​ပေါ်သို့​လျှောက်​ကာ ယေရှု​ထံသို့ လှမ်းသွားလေ၏။ 30သို့သော် လေပြင်းသည်​ကို မြင်​သောအခါ ကြောက်လန့်​၍ ရေနစ်​စပြု​သဖြင့် “ကယ်တော်မူပါ သခင်” ဟု အော်ဟစ်လေ၏။
31ယေရှု​က ချက်ချင်း​ပင် လက်တော်​ကို​ဆန့်​၍ ပေတရု​အား ဖမ်းဆုပ်​လျက် “ယုံကြည်ခြင်း​အားနည်းသော​သူ… အဘယ်ကြောင့် သံသယစိတ်​ဝင်သနည်း” ဟု မိန့်တော်မူ၏။
32ထို့နောက် သူတို့​သည် လှေ​ပေါ်သို့ တက်ကြ​သောအခါ လေ​ငြိမ်သွားလေ၏။ 33လှေ​ထဲတွင် ရှိနေသူများ​က “ကိုယ်တော်​သည် အမှန်ပင် ဘုရား​သားတော်​ဖြစ်၏” ဟု ဆို​ကာ ဝပ်တွားခယ​လျက် ရှိခိုးကြ၏။
34ထို့နောက် သူတို့​သည် တစ်ဖက်ကမ်း​သို့ ကူး​၍ ဂင်နေသရက်နယ်​သို့ ရောက်ကြ၏။ 35ထို​အရပ်​၌​ရှိသော လူတို့​သည် ယေရှု​ကို မှတ်မိကြ​သောအခါ ထို​နယ်​တစ်ခွင်လုံး​သို့ သတင်းလွှင့်​၍ ဖျားနာသူများ​ကို ကိုယ်တော်​ထံသို့ ခေါ်ဆောင်လာကြ၏။ 36ထို​သူတို့​သည် ဝတ်ရုံတော်​၏ အမြိတ်​ကို​မျှ တို့ထိခွင့်​ရ​ရန် တောင်းပန်ကြ၏။ တို့ထိသော​သူ​တိုင်း​လည်း ကျန်းမာလာကြ၏။

目前選定:

မဿဲ 14: BCB

醒目顯示

分享

複製

None

想要在所有設備上保存你的醒目顯示嗎? 註冊或登入