YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 22

22
ခိုးမှုဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
1တစ်စုံတစ်ဦး​သည် နွား​၊ သို့မဟုတ် သိုး​ကို ခိုးယူ​၍ သတ်​သည်​ဖြစ်စေ​၊ ရောင်း​သည်​ဖြစ်စေ နွား​တစ်​ကောင်​အတွက် နွား​ငါး​ကောင်​၊ သိုး​တစ်​ကောင်​အတွက် သိုး​လေး​ကောင်​ကို အလျော်ပေး​ရ​မည်​။ 2သူခိုး​သည် ဖောက်ထွင်း​စဉ် အဖမ်း​ခံရ​၍ သူ့​ကို​ရိုက်နှက်​သဖြင့် သူ​သေ​သွား​လျှင် ရိုက်သောသူ​၌ လူသတ်​သော​အပြစ်​မ​ရှိ​။ 3နေ့​အချိန်​ဖြစ်လျှင် ရိုက်သောသူ​၌ လူသတ်​သော​အပြစ်​ရှိ​၏​။ သူခိုး​သည် မုချ​အလျော်ပေး​ရ​မည်​။ သူ​၌​မည်သည့်​အရာ​မျှ​မ​ရှိ​လျှင် ခိုးယူ​ထား​သော​အရာ​အတွက် သူ​သည်​အရောင်း​ခံရ​မည်​။ 4ခိုးယူ​ထား​သော​နွား​ဖြစ်စေ​၊ မြည်း​ဖြစ်စေ​၊ သိုး​ဖြစ်စေ သူ့​လက်​ထဲ၌ အသက်ရှင်​လျက် အမှန်တကယ်​ပြန်တွေ့​လျှင် နှစ်ဆ​အလျော်ပေး​ရ​မည်​။
ကောက်ပဲသီးနှံဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
5တစ်စုံတစ်ဦး​သည် မိမိ​၏​တိရစ္ဆာန်​များ​ကို လယ်ကွင်း​၊ သို့မဟုတ် စပျစ်ခြံ​ထဲ၌​ကျက်စား​ရန် လွှတ်​ထား​သဖြင့် သူတစ်ပါး​၏​လယ်​ထဲ၌​ကျက်စား​လျှင် မိမိ​လယ်​၊ မိမိ​စပျစ်ခြံ​ထဲမှ​အကောင်းဆုံး​ကို အလျော်ပေး​ရ​မည်​။ 6တစ်စုံတစ်ဦး​သည် မီးရှို့​ရာ ဆူးပင်​များ​သို့​ကူး​ပြီး ကောက်လှိုင်း​ကို​ဖြစ်စေ​၊ ကောက်ပဲသီးနှံ​ကို​ဖြစ်စေ​၊ လယ်​ကို​ဖြစ်စေ လောင်ကျွမ်း​လျှင် သူ​သည် မုချ​အလျော်ပေး​ရ​မည်​။
ကိုယ်ပိုင်ဥစ္စာပစ္စည်းဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
7တစ်စုံတစ်ဦး​သည် မိမိ​အိမ်နီးချင်း​ထံ၌ ငွေ​၊ သို့မဟုတ် ပစ္စည်း​ကို ထိန်းသိမ်း​ပေး​ရန်​အပ်ထား​ရာ သူခိုး​သည် ၎င်း​တို့​ကို အပ်ထား​သော​အိမ်​မှ​ခိုးယူ​၍ သူ့​ကို​ဖမ်းမိ​လျှင် သူ​သည် နှစ်ဆ​အလျော်ပေး​ရ​မည်​။ 8သူခိုး​ကို​မ​မိ​လျှင် အိမ်​ပိုင်ရှင်​သည် သူ့​အိမ်နီးချင်း​၏​ဥစ္စာ​ကို ယူ​သည်​၊ မ​ယူ​သည် သိ​နိုင်​ရန် သူ့​ကို ဘုရားသခင်​ထံ​ခေါ်ဆောင်​လာ​ရ​မည်​။ 9နွား​၊ မြည်း​၊ သိုး​၊ အဝတ်အထည်​အစရှိ​သည့် ပျောက်သွား​သော​အရာ​တစ်စုံတစ်ခု​နှင့်ပတ်သက်​သည့် ပြစ်မှု​အမျိုးမျိုး​တို့​၌ ‘​ဤ​အရာ​ကား မိမိ​ဥစ္စာ​ဖြစ်​၏​’​ဟူ၍ အငြင်းပွား​သော​သူ​နှစ်​ဦး​၏​အမှု​ကို ဘုရားသခင်​ထံ လျှောက်တင်​ရ​မည်​။ အပြစ်ရှိ​သည်​ဟု ဘုရားသခင်​က ဖော်ပြ​သော​သူ​သည် မိမိ​အိမ်နီးချင်း​အား နှစ်ဆ​အလျော်ပေး​ရ​မည်​။
10တစ်စုံတစ်ဦး​သည် မိမိ​အိမ်နီးချင်း​ထံ၌ မြည်း​၊ နွား​၊ သိုး​စသော တိရစ္ဆာန်​တစ်ကောင်ကောင်​ကို ထိန်းသိမ်း​ပေး​ရန်​အပ်ထား​ရာ မည်သူ​မျှ​မ​တွေ့မြင်​ဘဲ သေ​သွား​လျှင်​ဖြစ်စေ​၊ ဒဏ်ရာ​ရ​လျှင်​ဖြစ်စေ​၊ ဖမ်းသွား​ခြင်း​ခံရ​လျှင်​ဖြစ်စေ 11သူ​တို့​နှစ်​ဦး​ကြား​၌ မိမိ​အိမ်နီးချင်း​၏​ဥစ္စာ​ကို​မ​ယူ​ကြောင်း ထာဝရဘုရား​ရှေ့​တော်​တွင် ကျိန်ဆို​သည့်​အတိုင်း ပိုင်ရှင်​သည်​လက်ခံ​ရ​မည်​။ ထိန်းသိမ်း​ထား​သော​သူ​သည်​လည်း အလျော်​မ​ပေး​ရ​။ 12အကယ်၍ သူ့​ထံ​မှ အမှန်တကယ်​ခိုးယူ​သွား​သည်​ဆို​လျှင် ပိုင်ရှင်​အား အလျော်ပေး​ရ​မည်​။ 13အမှန်တကယ်​ကိုက်ဖြတ်​ခြင်း​ခံရ​လျှင် သက်သေ​အဖြစ် သားရဲ​ကိုက်သတ်​သော​အကောင်​ကို ယူလာ​ရ​မည်​။ အလျော်​မ​ပေး​ရ​။
14တစ်စုံတစ်ဦး​သည် မိမိ​အိမ်နီးချင်း​ထံ​မှ တိရစ္ဆာန်​ကို​ငှားယူ​၍ ပိုင်ရှင်​အတူ​မ​ရှိ​စဉ် ဒဏ်ရာ​ရ​လျှင်​ဖြစ်စေ​၊ သေ​လျှင်​ဖြစ်စေ မုချ​အလျော်ပေး​ရ​မည်​။ 15ပိုင်ရှင်​အတူ​ရှိ​နေ​လျှင် အလျော်​မ​ပေး​ရ​။ အခပေး​ငှား​ထား​သည်​ဆို​လျှင် ပိုင်ရှင်​အား ငှားခ​ကို​သာ​ပေး​ရ​မည်​။
အပျိုကညာကိုဖြားယောင်းသွေးဆောင်မှုဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
16တစ်စုံတစ်ဦး​သည် စေ့စပ်​ထား​သူ​မ​ရှိ​သော​အပျိုကညာ​ကို​သွေးဆောင်​၍ သူ​နှင့်​အိပ်​လျှင် မင်္ဂလာကြေး​မဖြစ်မနေ​ပေး​ရ​မည်​။ မိမိ​၏​မယား​အဖြစ် ယူ​ရ​မည်​။ 17အကယ်၍ မိန်းမ​၏​ဖခင်​က မ​ပေးစား​လို​လျှင် ထို​ယောက်ျား​သည် အပျိုကညာ​ကို​တင်တောင်း​ရ​သော​မင်္ဂလာကြေး​နှင့်အညီ ငွေ​ပေးလျော်​ရ​မည်​။
သေဒဏ်ခံရမည့်ပြစ်မှုများ
18စုန်းမ​ကို အသက်ရှင်​ခွင့်​မ​ပေး​ရ​။
19တိရစ္ဆာန်​နှင့်​မေထုန်ပြု​သော​သူ​တိုင်း မုချ​အသတ်​ခံရ​မည်​။
20ထာဝရဘုရား​မှတစ်ပါး အခြား​သော​ဘုရား​များ​ကို ယဇ်ပူဇော်​သော​သူ​သည် လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။
အားနည်းသူကိုကာကွယ်ရေးနှင့်ဆိုင်သောစီရင်ထုံးဖွဲ့ချက်များ
21သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သည်​ဖြစ်၍ တိုင်းတစ်ပါးသား​အား နိုင်ထက်စီးနင်း​မ​ပြု​ရ​၊ မ​ညှဉ်းဆဲ​ရ​။
22မည်သည့်​မုဆိုးမ​၊ မည်သည့်​မိဘမဲ့သူ​ကို​မျှ မ​နှိပ်စက်​ရ​။ 23အကယ်၍ သင်​နှိပ်စက်​၍ သူ​တို့​သည် ငါ့​ထံ အော်ဟစ်​မည်​ဆိုလျှင် သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​ကို ငါ​အသေအချာ​နားထောင်​မည်​။ 24ငါ​အမျက်ထွက်​ပြီး သင်​တို့​ကို ဓား​ဖြင့်​ကွပ်မျက်​မည်​။ ထိုအခါ သင်​တို့​၏​မယား​တို့​သည် မုဆိုးမ​များ​၊ သင်​တို့​၏​သားသမီး​တို့​သည် ဖတဆိုး​များ​ဖြစ်​ကြ​ရ​လိမ့်မည်​။
25သင်​တို့​နှင့်အတူ​ရှိ​သော ငါ​၏​လူမျိုး​ထဲမှ​ဆင်းရဲသား​ကို ငွေ​ချေး​ပေး​လျှင် အတိုးစား​သော​သူ​ကဲ့သို့ မ​ပြု​ရ​။ သူ့​ထံမှ အတိုး​မ​ယူ​ရ​။
26သင်​သည် သင့်​အိမ်နီးချင်း​၏​ခြုံထည်​ကို အမှန်​အပေါင်ခံ​လျှင် သူ့​အား နေ​မ​ဝင်​မီ​ပြန်ပေး​ရ​မည်​။ 27အကြောင်းမူကား ၎င်း​သည် သူ​၏​တစ်ခုတည်း​သော​ခြုံစရာ​၊ သူ​၏​ကိုယ်ခန္ဓာ#22:27 တိုက်ရိုက်ပြန်ဆိုလျှင် “အသားအရေ”။​အတွက် ခြုံထည်​ဖြစ်​သဖြင့် သူ​သည် မည်သည့်​အရာ​ကို​ခြုံ​၍ အိပ်​မည်နည်း​။ ငါ​သည် သနားကြင်နာ​တတ်​သည်​ဖြစ်၍ သူ​သည် ငါ့​ထံ အော်ဟစ်​တောင်းလျှောက်​သောအခါ ငါ​နားထောင်​မည်​။
ဘုရားသခင်အားရိုသေလေးစားရန်
28ဘုရားသခင်​အား ပြစ်မှား​ပြောဆို​ခြင်း​မ​ပြု​ရ​။ သင့်​လူမျိုး​၏​ခေါင်းဆောင်​ကို မ​ကျိန်ဆဲ​ရ​။#တ 23:5။
29အသီးဦး​၊ စပျစ်ရည်ဦး​တို့​ကို မ​ယူ​ထား​ဘဲ ငါ့​အား ဆက်ကပ်​ရ​မည်​။ သင်​တို့​၏​သားဦး​များ​ကို​လည်း ဆက်ကပ်​ရ​မည်​။ 30နွားသားပေါက်​၊ သိုးသားပေါက်​တို့​ကို​လည်း မိခင်​နှင့်အတူ ခုနစ်​ရက်​ပတ်လုံး​နေ​စေ​၍ ရှစ်ရက်မြောက်​သော​နေ့​၌ ငါ့​အား​ဆက်ကပ်​ရ​မည်​။
31သင်​တို့​သည် ငါ့​အဖို့ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ ကွင်းပြင်​၌ သားရဲ​ကိုက်သတ်​သော​အကောင်​၏​အသား​ကို သင်​တို့ မ​စား​ရ​။ ခွေး​ကို ပစ်ပေး​ရ​မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ထွက်မြောက်ရာကျမ်း 22