ထွက်မြောက်ရာကျမ်း 23
23
ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
1မဟုတ်မမှန်သောသတင်းကိုမဖြန့်ရ။ ဆိုးယုတ်သောသူနှင့်ပေါင်း၍ မတရားသောသက်သေ မထွက်ဆိုရ။
2လူအများနောက်သို့လိုက်၍ မကောင်းမှုမပြုရ။ တရားတွေ့ရာ၌ လူအများဘက်သို့လိုက်၍ မတရားသဖြင့် မထွက်ဆိုရ။ 3ဆင်းရဲသောသူ တရားတွေ့ရာ၌လည်း သူ့အားမငဲ့ကွက်ရ။ 4သင့်ရန်သူ၏နွားဖြစ်စေ၊ မြည်းဖြစ်စေ မျက်စိလည်လမ်းမှားနေသည်ကိုတွေ့လျှင် သူ့ထံသို့ ဆက်ဆက်ပြန်ပို့ပေးရမည်။
5သင့်ကိုမုန်းသောသူ၏မြည်းသည် လဲကျ၍ ဝန်အောက်၌ပိနေသည်ကို သင်တွေ့မြင်လျှင် ရှောင်မသွားဘဲ အမှန်ကူညီရမည်။
6နွမ်းပါးသောသူ၏အမှုကို မတရားသဖြင့် မစီရင်ရ။ 7ဆိုးယုတ်သောသူကို ဖြောင့်မတ်သည်ဟု ငါစီရင်မည်မဟုတ်။ သို့ဖြစ်၍ မဟုတ်မမှန်သောအမှုအရာကို ဝေးဝေးရှောင်ရမည်။ အပြစ်မဲ့သောသူ၊ ဖြောင့်မတ်သောသူကို မသတ်ရ။ 8တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောသူ၏စကားကို မှားယွင်းချွတ်ချော်စေတတ်၏။ 9သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ တိုင်းတစ်ပါးသားတို့၏ခံစားချက်ကို သင်တို့သိကြ၏။ သို့ဖြစ်၍ တိုင်းတစ်ပါးသားတို့အား မညှဉ်းဆဲရ။
ဥပုသ်နေ့၊ ပွဲနေ့ဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
10ခြောက်နှစ်ပတ်လုံး သင်၏မြေ၌ မျိုးကြဲ၍ အသီးအနှံကို စုသိမ်းရမည်။ 11သတ္တမနှစ်၌ကား ထိုမြေကို မထွန်ယက်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် သင့်အမျိုးသားထဲမှ နွမ်းပါးသူတို့ စားရကြလိမ့်မည်။ အကြွင်းအကျန်တို့ကိုလည်း တောရိုင်းတိရစ္ဆာန်တို့ စားရကြလိမ့်မည်။ သင်၏စပျစ်ခြံ၊ သံလွင်ခြံတို့ကိုလည်း ထို့အတူပြုရမည်။
12ခြောက်ရက်ပတ်လုံး သင်၏အလုပ်တို့ကိုလုပ်၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား၊ မြည်းတို့သည် နားရ၍ သင့်ကျွန်မ၏သားနှင့်တိုင်းတစ်ပါးသားတို့သည်လည်း အနားယူခွင့်ရကြလိမ့်မည်။
13သင်တို့အား ငါမိန့်ဆိုထားသောအရာရှိသမျှတို့ကို အလေးထားရမည်။ အခြားဘုရားများ၏နာမကို မမြွက်ဆိုရ။ သင့်နှုတ်မှမြွက်ဆိုသည်ကို မကြားရစေနှင့်။
14သင်သည် တစ်နှစ်လျှင်သုံးကြိမ် ငါ့အဖို့ ပွဲတော်ကျင်းပရမည်။ 15တဆေးမဲ့မုန့်ပွဲတော်ကို စောင့်ထိန်းရမည်။ အဗိဗလ၌ အီဂျစ်ပြည်မှ သင်ထွက်လာသည်ဖြစ်၍ သင့်အားငါမိန့်မှာထားသည့်အတိုင်း သတ်မှတ်ထားသောအချိန်၊ အဗိဗလ၌ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။ ငါ့ရှေ့မှောက်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။ 16လယ်ယာ၌ သင်မျိုးကြဲ၍ ထွက်ရှိသောအဦးဆုံးသီးနှံရိတ်သိမ်းရာပွဲကိုလည်းကောင်း၊ နှစ်ကုန်ချိန်၌ လယ်ယာမှသီးနှံစုသိမ်းသောအခါ စုသိမ်းရာပွဲကိုလည်းကောင်း ကျင်းပရမည်။ 17ယောက်ျားအပေါင်းတို့သည် ထာဝရဘုရားသခင်ရှေ့တော်၌ တစ်နှစ်လျှင်သုံးကြိမ် မျက်နှာလာပြရမည်။
18သင်သည် ယဇ်ကောင်၏သွေးကို တဆေးပါသောမုန့်နှင့်အတူ ငါ့အား မပူဇော်ရ။ ငါ့အားပူဇော်သောအဆီကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။
19သင့်မြေမှထွက်သောအဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ရည်ဖြင့် မပြုတ်ရ။
ကတိတော်များ၊ သတိပေးချက်များ
20ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကိုစောင့်ရှောက်ရန်လည်းကောင်း၊ ငါပြင်ဆင်ထားသောနေရာသို့ သင့်ကိုပို့ဆောင်ရန်လည်းကောင်း သင်၏ရှေ့၌ ကောင်းကင်တမန်ကို ငါစေလွှတ်၏။ 21သူ့ကိုအလေးထားလော့။ သူ၏စကားကို နားထောင်လော့။ သူသည် သင်တို့ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်မည်မဟုတ်သောကြောင့် သူ့ကိုမဆန့်ကျင်နှင့်။ အကြောင်းမူကား ငါ့နာမသည် သူ၌တည်၏။ 22သင်သည် သူ၏စကားကို သေချာစွာနားထောင်၍ ငါမိန့်ဆိုသောအရာရှိသမျှတို့ကိုပြုကျင့်လျှင် သင့်ရန်သူတို့သည် ငါ့ရန်သူဖြစ်မည်။ သင့်ကိုရန်ပြုသောသူတို့ကို ငါရန်ပြုမည်။ 23ငါ၏ကောင်းကင်တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထံသို့ ပို့ဆောင်မည်။ ငါသည် ထိုလူမျိုးတို့ကိုပယ်ဖျက်မည်။ 24သူတို့၏ဘုရားများကို မပျပ်ဝပ်ရ။ မကိုးကွယ်ရ။ သူတို့၏ဓလေ့ထုံးစံများအတိုင်း မပြုကျင့်ရ။ ထိုဘုရားများကို ရှင်းရှင်းဖြိုဖျက်ရမည်။ သူတို့အထွတ်အမြတ်ထားသောကျောက်တိုင်များကို အကုန်အစင်ဖြိုလှဲရမည်။ 25သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ကိုယ်တော်သည်လည်း သင်၏မုန့်နှင့်ရေကို ကောင်းချီးပေးတော်မူ၍ သင့်အထဲမှ အနာရောဂါကို ဖယ်ရှားတော်မူမည်။ 26သင်၏ပြည်၌ မည်သူမျှ သားပျက်ခြင်း၊ မြုံခြင်း ရှိမည်မဟုတ်။ ငါသည် သင့်ကို သက်တမ်းစေ့နေစေ#23:26 တိုက်ရိုက်ပြန်ဆိုလျှင် “နေ့ရက်အရေအတွက်ပြည့်စေ”။မည်။
27ငါ့ကိုကြောက်ရွံ့ထိတ်လန့်သောသဘောကို သင့်ရှေ့မှ ငါစေလွှတ်၍ သင်ရောက်မည့်အရပ်ရှိ လူမျိုးအပေါင်းတို့ကို ကစဥ့်ကလျားဖြစ်စေကာ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ပြန်လှည့်စေမည်။ 28ငါသည် ပျားတူများကို သင့်ရှေ့မှ စေလွှတ်သဖြင့် ၎င်းတို့သည် ဟိဝိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်ကြလိမ့်မည်။ 29ငါသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှောက်မှတစ်နှစ်ချင်းတွင် နှင်ထုတ်မည်မဟုတ်။ နှင်ထုတ်လျှင် ထိုပြည်သည် လူသူကင်းမဲ့၍ တောရိုင်းတိရစ္ဆာန်များပြားသောပြည်ဖြစ်လိမ့်မည်။ 30သင်သည်ပွားများ၍ ထိုပြည်ကို သင်ပိုင်ဆိုင်သည်အထိ ငါသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှောက်မှ တဖြည်းဖြည်းနှင်ထုတ်မည်။ 31သင်၏နယ်နိမိတ်ကို ပင်လယ်နီမှ ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောကန္တာရမှ ယူဖရေးတီးမြစ်#23:31 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။တိုင်အောင်လည်းကောင်း ငါသတ်မှတ်မည်။ အကြောင်းမူကား ငါသည် ထိုပြည်၌နေထိုင်သောသူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်သည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်လိမ့်မည်။ 32သင်သည် ထိုသူတို့နှင့်လည်းကောင်း၊ ထိုသူတို့၏ဘုရားများနှင့်လည်းကောင်း ပဋိညာဉ်မဖွဲ့ရ။ 33သူတို့ကို သင်၏ပြည်၌ နေထိုင်ခွင့်မပြုရ။ နေထိုင်ခွင့်ပြုလျှင် သင်သည် ငါ့ကိုပြစ်မှားမည့်အကြောင်း သူတို့ပြုလိမ့်မည်။ သူတို့၏ဘုရားများကိုဝတ်ပြုလျှင် သူတို့သည် သင်တို့၌ ထောင်ချောက်အမှန်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
Currently Selected:
ထွက်မြောက်ရာကျမ်း 23: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative