YouVersion Logo
Search Icon

ယောဘဝတ္ထု 10

10
1ငါ​အသက်ရှင်​ရ​သည်​ကို ရွံမုန်း​လှ​ပြီ​။ ငါ​၏​စိတ်ဒုက္ခ​ကို ဖွင့်ချ​တော့​မည်​။ ငါ့​စိတ်​ထဲမှ​ခါးသီးမှု​ကို ရင်ဖွင့်​တော့​မည်​။ 2ငါ​သည် ဘုရားသခင်​အား ‘​အကျွန်ုပ်​ကို အပြစ်ရှိ​သည်​ဟု မ​စီရင်​ပါ​နှင့်​။ အဘယ်ကြောင့် အကျွန်ုပ်​အား စွဲချက်တင်​တော်မူ​သည်​ကို အကျွန်ုပ်​အား မိန့်ဆို​တော်မူ​ပါ​။ 3ဆိုးယုတ်​သော​သူ​၏​အကြံဉာဏ်​ကို လက်ခံ​၍ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ဖန်ဆင်း​တော်မူ​သော​သူ​ကို နှိပ်စက်​ပြီး စွန့်ပစ်​ထား​သော​အမှု​ကို ကိုယ်တော်​အလိုရှိ​တော်မူ​ပါ​သလော​။ 4ကိုယ်တော်​၏​မျက်စိ​သည် လူ​၏​မျက်စိ​နှင့်​တူ​သလော​။ လူ​တို့​မြင်​တတ်​သကဲ့သို့ ကိုယ်တော်​မြင်​တော်မူ​သလော​။ 5ကိုယ်တော်​၏​နေ့ရက်​တို့​သည် လူ​၏​နေ့ရက်​တို့​နှင့် တူ​သလော​။ ကိုယ်တော်​၏​နှစ်​တို့​သည် လူ​၏​နှစ်​တို့​နှင့် တူ​သလော​။ 6ထို့ကြောင့် ကိုယ်တော်​သည် အကျွန်ုပ်​၏​အမှား​ကို ရှာ​၍ အကျွန်ုပ်​၏​အပြစ်​ကို စိစစ်​နေ​သလော​။ 7အကျွန်ုပ်​သည် ဆိုးယုတ်​သော​သူ​မ​ဟုတ်​ကြောင်း​ကို​လည်းကောင်း​၊ အကျွန်ုပ်​ကို ကိုယ်တော့်​လက်​မှ ကယ်နုတ်​မည့်​သူ​မ​ရှိ​ကြောင်း​ကို​လည်းကောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ 8ကိုယ်တော့်​လက်​ဖြင့် အကျွန်ုပ်​ကို စေ့စပ်သေချာ​စွာ​ပုံဖော်​ဖန်ဆင်း​တော်မူ​ခဲ့​ပါ​၏​။ ယခု​မူကား အကျွန်ုပ်​ကို ဖျက်ဆီး​တော်မူ​မည်လော​။ 9ကိုယ်တော်​သည် အကျွန်ုပ်​အား ရွှံ့စေး​ကဲ့သို့ ပုံသွင်း​တော်မူ​ခဲ့​သည်​ကို သတိရ​တော်မူ​ပါ​။ ယခု အကျွန်ုပ်​ကို မြေမှုန့်​ပြန်ဖြစ်​စေ​တော်မူ​မည်လော​။ 10ကိုယ်တော်​သည် အကျွန်ုပ်​ကို နွားနို့​ကဲ့သို့ လောင်းချ​ပြီး ဒိန်ခဲ​ကဲ့သို့ ခဲ​စေ​တော်မူ​သည်​မ​ဟုတ်​လော​။ 11အကျွန်ုပ်​ကို အရေပြား​နှင့်​အသား​တို့​ဖြင့် ဖုံးအုပ်​ပြီး အရိုး​နှင့်​အရွတ်​တို့​ဖြင့် ဖွဲ့စည်း​တော်မူ​ပါ​၏​။ 12အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​ပြီး မေတ္တာကရုဏာ​ကို​လည်း ပြ​တော်မူ​ပြီ​။ အကျွန်ုပ်​၏​ဝိညာဉ်​ကို​လည်း ကြည့်ရှု​စောင့်ထိန်း​တော်မူ​ပြီ​။ 13သို့သော် အကျွန်ုပ်​၌ ဖြစ်​နေ​သည့်​အမှု​တို့​သည် ကိုယ်တော့်​စိတ်​ထဲမှ တိတ်တဆိတ်​ကြံစည်​ခြင်း​များ​ဖြစ်ကြောင်း အကျွန်ုပ်​သိ​ပါ​၏​။ 14အကျွန်ုပ်​အပြစ်ပြု​မိ​လျှင် ကိုယ်တော်​မှတ်​တော်မူ​ပြီး အပြစ်​မှ​ကင်းလွတ်​ခွင့်​ကို အကျွန်ုပ်​အား ပေး​တော်မူ​မည်​မ​ဟုတ်​။ 15အကျွန်ုပ်​ဆိုးယုတ်​လျှင် အကျွန်ုပ်​၌ အမင်္ဂလာ​ရှိ​၏​။ အကျွန်ုပ်​ဖြောင့်မတ်​လျှင်ပင် ခေါင်း​မ​မော့​ဝံ့​ဘဲ အရှက်ကွဲ​လျက်​နေ​ရ​ပါ​၏​။ အကျွန်ုပ်​ခံရ​သော​ဆင်းရဲဒုက္ခ​ကို ကြည့်ရှုလှည့်​ပါ​။ 16ခေါင်းထောင်​မိ​လျှင် ကိုယ်တော်​သည် အကျွန်ုပ်​ကို​ခြင်္သေ့​ကဲ့သို့​လိုက်ဖမ်း​၍ အကျွန်ုပ်​အား ကြောက်မက်ဖွယ်​အမှု​ကို ပြ​တော်မူ​ဦး​မည်​။ 17ကိုယ်တော်​သည် အကျွန်ုပ်​နှင့်​ဆန့်ကျင်​သော​သက်သေ​များ​ကို တစ်​ခု​ပြီး​တစ်​ခု​ဖော်ပြ​တော်မူ​၏​။ အကျွန်ုပ်​ကို ပို၍​အမျက်ထွက်​တော်မူ​ပြီး အပြောင်းအလဲ​၊ အတိုက်အခိုက်​များ​နှင့်​လည်း ကြုံတွေ့​စေ​တော်မူ​၏​။ 18အဘယ်ကြောင့် အကျွန်ုပ်​ကို အမိ​ဝမ်း​ထဲမှ ထွက်လာ​စေ​သနည်း​။ မည်သူ​မျှ​မ​မြင်​ရ​မီ အကျွန်ုပ်​သေ​ခဲ့​သင့်​ပါ​၏​။ 19သို့ဖြစ်လျှင် အကျွန်ုပ်​သည် တစ်ခါမျှ​မ​ရှိ​ခဲ့​ဖူး​သော​သူ​ကဲ့သို့​ဖြစ်​၍ အမိ​ဝမ်း​ထဲမှ သင်္ချိုင်း​သို့​တစ်ခါတည်း​ရောက်သွား​မည်​ဖြစ်​၏​။ 20အကျွန်ုပ်​၏​နေ့ရက်​တို့​သည် တိုတောင်း​သည်​မ​ဟုတ်​လော​။ ရပ်တန့်​တော်မူ​ပါ​။ တစ်ခဏလေး​ပျော်ရွှင်​နိုင်​ရန် အကျွန်ုပ်​တစ်ယောက်တည်း​နေ​ပါရစေ​။ 21အကျွန်ုပ်​သည် မ​ကြာ​မီ ပြန်​လမ်း​မ​ရှိ မှောင်မိုက်​၍ သေမင်းအရိပ်​လွှမ်းမိုး​သော​ပြည်​သို့ သွား​ရ​ပါ​တော့​မည်​။ 22ပိန်းပိတ်​အောင်​မှောင်မိုက်​နေ​ပြီး သေမင်းအရိပ်​ဖုံးလွှမ်း​နေ​၍ အလင်း​သည်ပင် အမှောင်​ကဲ့သို့​ဖြစ်​နေ​သော​ပြည်​သို့ ငါ​သွား​ရ​တော့​မည်​’​ဟူ၍ လျှောက်ဆို​မည်​”​ဟု ညည်းဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယောဘဝတ္ထု 10