YouVersion Logo
Search Icon

ယောဘဝတ္ထု 4

4
ပထမအကြိမ် ‌အပြန်အလှန်ပြောသောစကား
ဧလိဖတ် ပြောသောစကား
1ထိုအခါ တေမန်​အမျိုးသား ဧလိဖတ်​က 2“​သင်​နှင့် စကားပြော​လျှင် သင်​စိတ်အနှောင့်အယှက်​ဖြစ်​မည်လော​။ သို့သော် မည်သူ​သည် စကား​မ​ပြော​ဘဲ​နေ​နိုင်​မည်နည်း​။ 3ကြည့်ရှု​လော့​။ သင်​သည် လူ​အများ​ကို ဆုံးမ​ပေး​ခဲ့​ပြီ​။ အားနည်း​သော​လက်​တို့​ကို​လည်း ခိုင်ခံ့​စေ​ခဲ့​ပြီ​။ 4သင်​၏​စကား​များ​သည် လဲကျ​နေ​သော​သူ​ကို ပြန်ထ​စေ​ပြီ​။ ညွတ်ကျ​သွား​သော​ဒူး​များ​ကို​လည်း သန်မာ​စေ​ပြီ​။ 5ယခုမှာ သင်ကိုယ်တိုင်​ကြုံတွေ့​ရ​ပြီ​ဖြစ်၍ သင်​ပင်ပန်း​နေ​ရ​ပြီ​။ သင်​ထိခိုက်​ခံ​နေ​ရ​ပြီ​ဖြစ်၍ သင်​ထိတ်လန့်​နေ​ရ​ပြီ​။ 6သင်​၏​ကြည်ညိုကိုင်းရှိုင်း​ခြင်း​သည် သင်​၏​ယုံကြည်အားထား​ရာ မ​ဟုတ်​လော​။ တည်ကြည်​စွာ ပြုမူကျင့်ကြံ​ခြင်း​သည် သင်​၏​မျှော်လင့်ရာ မ​ဟုတ်​လော​။ 7ယခု ဆင်ခြင်​ကြည့်​ပါ​လော့​။ မည်သူ​သည် အပြစ်​မ​ရှိ​ဘဲ ပျက်စီး​ဖူး​သနည်း​။ ဖြောင့်မှန်​သော​သူ​သည် အဘယ်မှာ ဖျက်ဆီး​ခံရ​ဖူး​သနည်း​။ 8ငါ​သတိပြု​မိ​သည်​မှာ အပြစ်ဒုစရိုက်​ကို​ထွန်ယက်​၍ အခက်အခဲ​ပြဿနာ​ကို​ကြဲ​သော​သူ​သည် ထို​အရာ​တို့​ကို ပြန်​ရိတ်သိမ်း​ရ​တတ်​၏​။ 9ဘုရားသခင်​ထံ​တော်​မှ ထွက်သက်လေ​တစ်ချက်တည်း​နှင့် ထို​သူ​တို့ ပျက်စီး​ရ​၏​။ အမျက်​တော်​အရှိန်​နှင့် ထို​သူ​တို့ ဘဝ​နိဂုံးချုပ်​ရ​၏​။ 10ခြင်္သေ့​၏​မာန်ဖီသံ​၊ ခြင်္သေ့ကြီး​၏​ဟိန်းဟောက်သံ ဆိတ်သုဉ်း​ရ​၏​။ ခြင်္သေ့ပျို​တို့​၏​အစွယ်​များ ကျိုးသွား​ရ​၏​။ 11သားကောင်​မဲ့​သောကြောင့် ခြင်္သေ့​တို့ သေကျေ​ကြ​ရ​၏​။ ခြင်္သေ့ပေါက်လေး​တို့​လည်း ကွဲလွင့်​ကုန်​ပါ​၏​။ 12ငါ့​နား​ထဲတွင် တိုးညှင်း​သော​စကားသံ​တစ်​ခု​ကို သဲ့သဲ့လေး​ကြား​ရ​၏​။ 13လူ​တို့​အိပ်မောကျ​နေ​ချိန် ည​စိတ်အာရုံ​ထဲတွင် ပူပန်စရာ​အတွေး​များ ရောက်လာ​၍ 14ကြောက်ရွံ့​ထိတ်လန့်​ခြင်း​သည် ငါ့​ကို​ဝိုင်းရံ​သဖြင့် ငါ့​အရိုး​ရှိသမျှ​တို့​သည် တုန်လှုပ်​ကြ​ပါ​၏​။ 15ဝိညာဉ်​တစ်ပါး​သည် ငါ့​ရှေ့​မှ​ရွေ့လျား​သွား​သဖြင့် ငါ့​တစ်ကိုယ်လုံး ကြက်သီးထ​မိ​ပါ​၏​။ 16ထို​ဝိညာဉ်​သည် မလှုပ်မယှက်​ရပ်​နေ​၏​။ သို့သော် သူ့​ရုပ်သွင်​ကို ငါ​မ​ဖော်ပြ​တတ်​။ သူ့​သဏ္ဌာန်​ကို​သာ ငါ​မြင်​ရ​၏​။ တိတ်ဆိတ်​နေ​၏​။ ထို့နောက် အသံ​တစ်​ခု​ကို ငါ​ကြား​ရ​၏​။ 17သေမျိုး​ဖြစ်​သော​လူ​သည် ဘုရားသခင်​ရှေ့​တွင် ဖြောင့်မတ်​နိုင်​မည်လော​။ လူ​သည် သူ့​ကို​ဖန်ဆင်း​သော​အရှင်​ရှေ့​တွင် စင်ကြယ်​နိုင်​မည်လော​။ 18မိမိ​အစေအပါး​တို့​ကို အယုံအကြည်​ရှိ​တော်​မ​မူ​၊ မိမိ​ကောင်းကင်တမန်​တို့​ကို​ပင် အပြစ်ရှိ​သည်​ဟု စီရင်​တော်မူ​လျှင် 19မြေမှုန့်​တွင်​အုတ်မြစ်​ချ​ထား​သော​ရွှံ့​အိမ်​၌ နေထိုင်​ကြ​ပြီး ပိုးကောင်​ကဲ့သို့ အမှုန့်ချေ​၍​ရ​သော​သူ​တို့​ကို​မူ အဘယ်​ဆိုဖွယ်​ရှိ​သနည်း​။ 20သူ​တို့​သည် နေထွက်ချိန်​နှင့် နေဝင်ချိန်​ကြား​၌​ပင် အမှုန့်​ဖြစ်သွား​နိုင်​၏​။ သတိ​မ​ထား​မိ​ချိန်​မှာပင် အစဉ်​ပျက်စီး​သွား​နိုင်​၏​။ 21သူ​တို့​တဲဆိုင်းကြိုး​ဆွဲဖြုတ်​ခံရ​၏​။ သူ​တို့​သည် ဉာဏ်ပညာမဲ့​လျက် သေသွား​ကြ​ရ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in