YouVersion Logo
Search Icon

ယောဘဝတ္ထု 5

5
1ယခု အော်ခေါ်​ပါ​လော့​။ သင့်​ကို မည်သူ​ထူး​မည်နည်း​။ မည်သည့်​သန့်ရှင်း​သူ​တို့​ထံသို့ သင်​လှည့်​မည်နည်း​။ 2အကယ်စင်စစ် ဒေါသ​သည် ဆိုးမိုက်​သော​သူ​ကို သတ်​တတ်​၏​။ မနာလိုစိတ်​သည်​လည်း ဉာဏ်နုံ့​သော​သူ​ကို သေ​စေ​တတ်​၏​။ 3ဆိုးမိုက်​သော​သူ အမြစ်တွယ်​နေ​သည်​ကို ငါ​မြင်​လျှင် သူ့​နေရာ​ကို ငါ ချက်ချင်း​ကျိန်ဆဲ​မိ​၏​။ 4သူ့​သားသမီး​တို့​သည် လုံခြုံမှု​နှင့် ကင်းဝေး​၏​။ မြို့​တံခါး​၌ ညှဉ်းဆဲ​ခံ​နေ​ရ​သည်​ကို​ပင် ကယ်နုတ်​မည့်​သူ​မ​ရှိ​။ 5သူ​ရိတ်သိမ်း​ထား​သော​သီးနှံ​များ ဆူးပင်​ကြား​၌​ဝှက်ထား​လျှင်ပင် ဆာလောင်မွတ်သိပ်​သော​သူ​သည် ယူ​စား​လိမ့်မည်​။ သူခိုး​ဓားပြ​တို့​သည် သူ​၏​ဥစ္စာပစ္စည်း​ကို တိုက်ယူ​သွား​လိမ့်မည်​။ 6ဆင်းရဲဒုက္ခ​သည် မြေမှုန့်​ထဲမှ ပေါ်ထွက်​လာ​သည်​မ​ဟုတ်​။ အခက်အခဲ​ပြဿနာ​သည်​လည်း မြေကြီး​ထဲမှ ပေါ်ပေါက်​လာ​သည်​မ​ဟုတ်​။ 7မီးပွား​တို့​သည် အထက်​သို့​လွင့်သွား​သကဲ့သို့ လူ​သည် အခက်အခဲ​ပြဿနာ​၌​ကျင်လည်​ရန် မွေးဖွား​လာ​၏​။ 8ငါ​မူကား ဘုရားသခင်​ကို​ရှာ​မည်​။ ငါ​၏​အမှုအရာ​ကို ဘုရားသခင်​ထံ အပ်​မည်​။ 9ကိုယ်တော်​သည် ကြီးမြတ်​သော​အမှု​၊ စစ်​၍​မ​ကုန်​နိုင်​သော​အမှု​၊ မ​ရေတွက်​နိုင်​သော​အံ့ဖွယ်​အမှု​တို့​ကို ပြု​တော်မူ​၏​။ 10မြေ​မျက်နှာပြင်​ပေါ်တွင် မိုးရွာ​စေ​သော​အရှင်​၊ လယ်ကွင်း​များ​သို့ ရေ​ကို​ရောက်​စေ​သော​အရှင် ဖြစ်​တော်မူ​၏​။ 11နိမ့်ကျ​သော​သူ​တို့​ကို မြှင့်တင်​၍ ဝမ်းနည်းပူဆွေး​သော​သူ​တို့​ကို ကူမ​ကယ်တင်​တော်မူ​၏​။ 12ဉာဏ်များ​သော​သူ​၏​အကြံ​ကို ဖျက်​တော်မူ​သဖြင့် သူ​တို့​လုပ်ဆောင်​သော​အရာ​တို့​သည် မ​အောင်မြင်​ပေ​။ 13ပညာရှိ​တို့​ကို သူ​တို့​၏​အတတ်ပညာ​အားဖြင့် ပြန်​၍​အဖမ်း​ခံရ​စေ​၏​။#၁ကော 3:19။ ဉာဏ်များ​သော​သူ​တို့​၏​အကြံ​ကို​လည်း ရုတ်ခြည်း​ဖျက်ဆီး​တော်မူ​၏​။ 14နေ့​အချိန်​၌ပင် သူ​တို့​ကို အမှောင်ထု​ဖုံးလွှမ်း​၍ မွန်းတည့်အချိန်​၌ပင် ညအချိန်​ကဲ့သို့ စမ်းတဝါးဝါး​သွားလာ​ကြ​ရ​၏​။ 15ကိုယ်တော်​သည် နွမ်းပါး​သော​သူ​တို့​ကို ဓားသွား​နှုတ်ခမ်း​ဘေး​မှ​လည်းကောင်း​၊ အားကြီး​သော​လက်​ဘေး​မှ​လည်းကောင်း ကယ်တင်​တော်မူ​၏​။ 16ထို့ကြောင့် ဆင်းရဲ​သော​သူ​၌ မျှော်လင့်​ခြင်း​ရှိ​၍ မတရား​သော​သူ​ကား နှုတ်ဆိတ်​နေ​ရ​၏​။ 17ကြည့်ရှု​လော့​။ ဘုရားသခင်​၏​ဆုံးမ​ခြင်း​ကို ခံရ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ ထို့ကြောင့် အနန္တတန်ခိုးရှင်​ဆုံးမ​တော်မူ​သည်​ကို မထီမဲ့မြင်​မ​ပြု​ပါ​နှင့်​။#ဟေဗြဲ 12:6။ 18အကြောင်းမူကား ထို​အရှင်​သည် နာကျင်​စေ​သော်လည်း အနာ​ကို ပတ်စည်း​ပေး​တော်မူ​၏​။ ဒဏ်ရာ​ရ​စေ​သော်လည်း ဒဏ်ရာ​ကို​ပျောက်ကင်း​စေ​တော်မူ​၏​။ 19ဆင်းရဲဒုက္ခ​ခြောက်​မျိုး​ထဲမှ သင့်​ကို ကယ်နုတ်​တော်မူ​မည်​။ ခုနစ်​မျိုး​သော​ဘေးအန္တရာယ်​သည်​လည်း သင့်​ကို ထိခိုက်​နိုင်​မည်​မ​ဟုတ်​။ 20ငတ်မွတ်ခေါင်းပါး​သောအခါ သေဘေး​မှ​လည်းကောင်း​၊ စစ်တိုက်​သောအခါ ဓားလက်နက်ဘေး​မှ​လည်းကောင်း သင့်​ကို ကယ်နုတ်​တော်မူ​လိမ့်မည်​။ 21ကျာပွတ်​ကဲ့သို့သော​လျှာ​ဘေး​မှ သင့်​ကို ကွယ်ကာ​လိမ့်မည်​။ ပျက်စီး​ခြင်း​ဘေး​ရောက်လာ​လျှင်​လည်း သင်​ကြောက်ရွံ့​ရ​မည်​မ​ဟုတ်​။ 22ဖျက်ဆီး​ခြင်း​ဘေး​၊ ငတ်မွတ်​ခြင်း​ဘေး​တို့​ကို သင်​လှောင်ရယ်​ရ​လိမ့်မည်​။ တောရိုင်းတိရစ္ဆာန်​တို့​ကို​လည်း သင်​ကြောက်ရွံ့​ရ​လိမ့်မည်​မ​ဟုတ်​။ 23အကြောင်းမူကား ကွင်းပြင်​၌​ရှိ​သော​ကျောက်တုံး​များ​သည် သင်​နှင့်​မိတ်ဖွဲ့​ကြ​လိမ့်မည်​။ တောရိုင်းတိရစ္ဆာန်​တို့​သည် သင်​နှင့်​သင့်မြတ်​ကြ​လိမ့်မည်​။ 24သင်​၏​တဲ​သည် ငြိမ်းချမ်း​လျက်​ရှိ​ကြောင်း သင်​သိ​ရ​လိမ့်မည်​။ သင်​နေထိုင်​ရာ​အရပ်​ကို စစ်ဆေးကြည့်​လျှင်​လည်း တစ်စုံတစ်ရာ​မျှ ပျောက်ဆုံး​လိမ့်မည်​မ​ဟုတ်​။ 25သင့်​သားသမီး များပြား​၍ သင့်​သားမြေး​များ​သည်​လည်း မြေ​ပေါ်​ပေါက်​သော​မြက်ပင်​ကဲ့သို့ များပြား​သည်​ကို သင်​သိ​ရ​လိမ့်မည်​။ 26အချိန်တန်​လျှင် စုသိမ်း​ခြင်း​ကို​ခံရ​သော​ကောက်လှိုင်း​ကဲ့သို့ သင်​သည်​လည်း အိုမင်း​သောအခါ သင်္ချိုင်းတွင်း​သို့ ရောက်​ရ​လိမ့်မည်​။ 27ဤသည်ကား ငါ​တို့​ရှာဖွေ​သိရှိ​သော​အရာ​ဖြစ်​၏​။ ဤ​အမှန်တရား​ကို သင်​နာယူ​သိမှတ်​ပါ​လော့​”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in