YouVersion Logo
Search Icon

ယောဘဝတ္ထု 6

6
ယောဘက ဧလိဖတ်ကို တုံ့ပြန်သောစကား
1ထိုအခါ ယောဘ​က 2“​ငါ​ခံရ​သော ပူဆွေး​ခြင်း​နှင့် ပျက်စီးဆုံးရှုံး​ခြင်း​များ​ကို ချိန်ခွင်​တွင် စုပုံ​ချိန်တွယ်​ကြည့်​မည်​ဆို​လျှင် 3သမုဒ္ဒရာ​သဲလုံး​ထက်ပင် ပို​လေး​လိမ့်မည်​။ ထို့ကြောင့် ငါ​သည် စကား​ကို မဆင်မခြင်​ပြော​မိ​ပြီ​။ 4အကယ်စင်စစ် အနန္တတန်ခိုးရှင်​ထံမှ မြား​တို့​သည် ငါ့​ကိုယ်​၌​စိုက်ဝင်​လျက်​ရှိ​၏​။ ငါ့​စိတ်ဝိညာဉ်​သည် ထို​မြား​တို့​၏​အဆိပ်ရည်​ကို သောက်သုံး​နေ​ရ​၏​။ ဘုရားသခင်​ထံမှ ကြောက်မက်ဖွယ်​ရာ​တို့​သည် ငါ့​ရှေ့​၌ တန်းစီ​လျက်​ရှိ​၏​။ 5မြည်းရိုင်း​သည် မြက်နု​ရှိ​လျက်​နှင့် ဟီ​မည်လော​။ နွား​သည်​လည်း အစာ​ရှိ​လျက်​နှင့် အော်​မည်လော​။ 6အရသာမရှိ​သော​အစာ​ကို ဆား​မပါ​ဘဲ စား​နိုင်​သလော​။ ကြက်ဥ​အကာ​၌ အရသာ​ရှိ​သလော​။ 7ငါ့​အဖို့ ရွံရှာဖွယ်​သော​အစာ​ကဲ့သို့​ဖြစ်​၍ တို့ထိ​လို​စိတ်​ပင်​မ​ရှိ​။ 8ငါ​တောင်းဆို​သော​အရာ​ကို ရ​ပါစေသော​။ ဘုရားသခင်​သည် ငါ့​မျှော်လင့်ချက်​ကို ဖြည့်ဆည်း​ပေး​ပါစေသော​။ 9ဘုရားသခင်​သည် ငါ့​ကို အမှုန့်ချေ​ပစ်​ဖို့​ရန် အလို​တော်​ရှိ​ပါစေသော​။ လက်​တော်​ကို​ဆန့်​၍ ငါ့​ကို ကွပ်မျက်​ပါစေသော​။ 10သို့မှ ငါ​ခံစား​ရ​သက်သာ​လိမ့်မည်​။ မညှာမတာ​ခံစား​ရ​သော​ဝေဒနာ​များ​ထဲမှ ဝမ်းမြောက်​မိ​ပါ​လိမ့်မည်​။ ငါ​သည် သန့်ရှင်း​သော​အရှင်​၏​စကား​တော်​ကို မ​ငြင်းဆန်​ခဲ့​ပါ​။ 11မည်သည့်​ခွန်အား​ဖြင့် ငါ​စောင့်မျှော်​နေ​ရ​မည်နည်း​။ ငါ​စိတ်ရှည်​သည်းခံ​ရ​အောင် ငါ့​ဘဝနိဂုံး​ကား မည်သို့​နည်း​။ 12ငါ့​ခွန်အား​ကား ကျောက်တုံး​ခွန်အား​လော​။ ငါ့​အသား​ကား ကြေးနီ​အသား​လော​။ 13ငါ​သည် ကိုယ့်ကိုယ်ကိုယ် မ​ကယ်​နိုင်​။ ဉာဏ်ပညာ​သည် ငါ့​ထံမှ ထွက်သွား​လေ​ပြီ​တကား​။ 14မျှော်လင့်ချက်မဲ့​သူ​အဖို့ မိတ်ဆွေ​ထံမှ မေတ္တာ​ကို ခံရ​သင့်​ပေ​၏​။ သို့ဖြစ်လျှင် သူ​သည် အနန္တတန်ခိုးရှင်​အား ကြောက်ရွံ့ရိုသေ​ခြင်း​ကို စွန့်ပယ်​မည်​မ​ဟုတ်​ပေ​။ 15ငါ့​ညီအစ်ကို​တို့​သည် ချောင်းရေ​ကဲ့သို့​လည်းကောင်း​၊ ဖြတ်သန်းစီးဆင်း​သွား​သော​တောင်ကျချောင်းရေ​ကဲ့သို့​လည်းကောင်း သစ္စာမဲ့​ကြ​၏​။ 16ထို​ချောင်းရေ​သည် အရည်ပျော်​သွား​သော ရေခဲ​၊ နှင်းခဲ​များ​ကြောင့် နောက်ကျိ​သွား​၏​။ 17နွေရာသီ​ရောက်​သောအခါ ခန်းခြောက်​ပျောက်ကွယ်​သွား​၏​။ ပူပြင်း​သောအခါ ရှိ​သည့်​နေရာ​၌​ပင် ခြောက်သွေ့​သွား​၏​။ 18ရေစီးကြောင်း​လမ်းလွဲ​သွား​၍ လွင်တီးခေါင်ပြင်​အရပ်​သို့​ရောက်သွား​ပြီး ပျောက်ကွယ်​သွား​ရ​၏​။ 19တေမ​ခရီးသည်​တို့​သည် လိုက်ရှာ​ကြ​၏​။ ရှေဘ​ကုန်သည်​တို့​သည်​လည်း စောင့်မျှော်​နေ​ကြ​၏​။ 20ယုံကြည်စိတ်ချ​မိ​၍ သူ​တို့​အရှက်ကွဲ​ရ​လေ​ပြီ​။ ထို​အရပ်​သို့​ရောက်​သောအခါ သူ​တို့​စိတ်ပျက်​ကြ​ရ​၏​။ 21သင်​တို့​သည်​လည်း အချည်းနှီး​ဖြစ်​ကြ​၏​။ ကြောက်မက်ဖွယ်​အဖြစ်​ကို​မြင်​ပြီး သင်​တို့​ကြောက်ရွံ့​ကြ​၏​။ 22ငါ​က ‘ငါ့​ကို တစ်စုံတစ်ရာ​ယူလာ​ပေး​ပါ​။ သင်​တို့​စည်းစိမ်ချမ်းသာ​များ​ထဲမှ ငါ့​ကို​လက်ဆောင်​ပေး​ကြ​ပါ​’​ဟု တောင်း​ဖူး​သလော​။ 23‘ရန်သူ့​လက်​မှ ငါ့​ကို​ကယ်တင်​ကြ​ပါ​။ ကြမ်းကြုတ်​သူ​တို့​လက်​မှ ငါ့​ကို​ရွေးနုတ်​ကြ​ပါ’​ဟု တောင်းဆို​ဖူး​သလော​။ 24ငါ့​ကို​သွန်သင်​ပါ​။ ငါ​ဆိတ်ဆိတ်​နေ​ပါ​မည်​။ ငါ​မည်သည့်​အမှားလုပ်​မိ​သည်​ကို ပြောပြ​ကြ​ပါ​။ 25မှန်ကန်​သော​စကား​သည် မည်မျှ​နာကျင်​စေ​သနည်း​။ သင်​တို့​ဆုံးမ​သော​ဆုံးမစကား​မူကား မည်သို့​နည်း​။ 26မျှော်လင့်ရာမဲ့​သော​ဤ​လူ​၏​စကား​မှာ လေ​သက်သက်​သာ​ဖြစ်​သည်​ဟု ထင်မှတ်​၍ သင်​တို့​သည် ထို​စကား​တို့​ကို ပြစ်တင်ရှုတ်ချ​နေ​ကြ​သလော​။ 27ဖတဆိုး​ကို​ပင် သင်​တို့​မဲချ​ခွဲဝေ​ယူ​ကြ​၏​။ ကိုယ့်​မိတ်ဆွေရင်း​ကို​ပင် သင်​တို့​ရောင်းစား​ကြ​၏​။ 28သို့သော် ယခု ငါ့​ကို​ကြည့်​ကြ​ပါ​လော့​။ ငါ​သည် သင်​တို့​ရှေ့​မှာ လိမ်ပြော​နေ​သလော​။ 29ယခု ပြန်ဆင်ခြင်​ကြ​ပါ​။ မတရား​သော​သူ​များ မ​ဖြစ်​ကြ​နှင့်​။ ထပ်ပြီး​ဆင်ခြင်​ကြည့်​ကြ​ပါ​။ ဤ​အမှု​၌ ငါ​ဖြောင့်မတ်​ပါ​သေး​၏​။ 30ငါ့​လျှာ​၌ မတရားမှု​ရှိ​သလော​။ ငါ့​ခံတွင်း​သည် ပျက်စီး​ခြင်း​ကို မ​သိ​ဘဲ​နေ​လိမ့်မည်​လော​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in