YouVersion Logo
Search Icon

ယောဘဝတ္ထု 7

7
1လူ​သည် မြေကြီး​ပေါ်တွင် ခက်ခဲပင်ပန်း​စွာ လုပ်ကိုင်​ကြ​ရ​ပါ​သည်​တကား​။ လူ​အသက်ရှင်​သော​နေ့ရက်​တို့​သည် သူရင်းငှား​၏​နေ့ရက်​ကဲ့သို့ ဖြစ်​ပါ​သည်​တကား​။ 2ကျွန်​သည် အရိပ်​ကို​တောင့်တ​မိ​သကဲ့သို့​၊ သူရင်းငှား​သည် လုပ်အားခ​ကို မျှော်နေ​ရ​သကဲ့သို့ ဖြစ်​ပါ​သည်​တကား​။ 3ထိုနည်းတူ ငါ​သည်​လည်း အဓိပ္ပာယ်မဲ့​သော​လ​များ​ကို​သာ ဖြတ်သန်း​ရ​ပြီ​။ ငါ့​အတွက် ဒုက္ခည​များ​ကို​လည်း သတ်မှတ်​ထား​ပြီ​။ 4‘​မည်သည့်​အချိန်​မှ နိုးထ​လာ​ရ​ပါ​မည်နည်း​’​ဟူသော​အတွေး​ဖြင့် ငါ​အိပ်စက်​ရ​၏​။ ညတာ​လည်း ရှည်လွန်း​လှ​သဖြင့် မိုးသောက်ချိန်​တိုင် တစ်ချိန်လုံး​လူးလိမ့်​နေ​ရ​၏​။ 5ငါ့​တစ်ကိုယ်လုံး​လည်း လောက်ကောင်​နှင့်​ရွှံ့ဖတ်​များ ကပ်​နေ​၏​။ ငါ့​အရေပြား​မှာ​လည်း ပြည်ဖု​တို့​ပေါက်ပြဲ​ယိုကျ​လျက်​ရှိ​၏​။ 6ငါ​၏​နေ့ရက်​တို့​သည် ရက်ကန်းလွန်း​ထက်​မြန်​၍ မျှော်လင့်ချက်​ကင်းမဲ့​စွာ ကုန်ဆုံး​သွား​၏​။ 7ငါ့​အသက်​သည် လေ​သက်သက်သာ​ဖြစ်ကြောင်း အောက်မေ့​တော်မူ​ပါ​။ ကောင်းစား​ခြင်း​ကို ပြန်​ကြုံတွေ့​ရ​တော့​မည်​မ​ဟုတ်​ပါ​။ 8ငါ့​ကို မြင်​ခဲ့​ရ​သော​မျက်စိ​များ​သည် ငါ့​ကို​မြင်​ရ​တော့​မည်​မ​ဟုတ်​။ ငါ့​ကို​ရှာ​သော်လည်း ငါ​ရှိ​တော့​မည်​မ​ဟုတ်​။ 9လေလွင့်​ပျောက်ကွယ်​သွား​တတ်​သော​မိုးတိမ်​ကဲ့သို့ မရဏာနိုင်ငံ​သို့​ဆင်းသွား​သော​သူ​လည်း ပြန်တက်လာ​နိုင်​မည်​မ​ဟုတ်​။ 10သူ့​အိမ်​သို့ သူ​ပြန်လာ​နိုင်​တော့​မည်​မ​ဟုတ်​။ သူ့​နေရာ​သည်​လည်း သူ့​ကို​သိ​တော့​မည်​မ​ဟုတ်​။ 11ထို့ကြောင့် ငါ​သည် နှုတ်ဆိတ်​၍​မ​နေ​နိုင်​ပါ​။ နာကြည်း​သော​စိတ်​ဖြင့် ငါ​ပြော​မည်​။ ခါးသီး​သော​စိတ်ဝိညာဉ်​ဖြင့် ငါ​ညည်းတွား​မည်​။ 12ကိုယ်တော်​သည် အကျွန်ုပ်​ကို စောင့်ကြပ်​ထား​သည်​မှာ အကျွန်ုပ်​သည် ပင်လယ်​ကြီး​လော​၊ မြွေနဂါး​ကြီး​လော​။ 13အကျွန်ုပ်​က ‘​ငါ့​ခုတင်​သည် ငါ့​ကို​နှစ်သိမ့်ပေး​လိမ့်မည်​။ ငါ့​အိပ်ရာ​သည် ငါ့​စိတ်ဒုက္ခ​ကို​သက်သာ​စေ​လိမ့်မည်​’​ဟု တွေး​နေ​စဉ်မှာပင် 14ကိုယ်တော်​သည် အိပ်မက်​များ​ဖြင့် အကျွန်ုပ်​ကို ခြောက်လှန့်​ပြီး စိတ်အာရုံ​များ​ဖြင့် အကျွန်ုပ်​ကို ခြိမ်းခြောက်​တော်မူ​၏​။ 15ထို့ကြောင့် ဤ​ကိုယ်ခန္ဓာ​နှင့် နေ​ရ​သည်​ထက် အသက်ရှူကြပ်​ပြီး သေသွား​ခြင်း​ကို လိုလား​မိ​ပါ​၏​။ 16ကိုယ့်ကိုယ်ကိုယ် ရွံ့ရှာ​မိ​ပါ​၏​။ ထာဝစဉ်​အသက်ရှင်​ရ​မည်​လည်း မ​ဟုတ်​ပါ​။ အကျွန်ုပ်​၏​နေ့ရက်​များ​လည်း အချည်းနှီး​ပင်​ဖြစ်​သောကြောင့် အကျွန်ုပ်​ကို ပစ်ထား​လိုက်​ပါ​။ 17လူ​သည် မည်သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို ချီးမြှောက်​ပြီး ကိုယ်တော်​၏​စိတ်​ထဲတွင် သူ့​ကို အလေးထား​ရ​သနည်း​။ 18ကိုယ်တော်​သည် သူ့​ကို နံနက်တိုင်း အကြည့်အရှု​ကြွလာ​၍ မခြားမလပ်​စစ်ဆေး​တော်မူ​ရ​သနည်း​။ 19မည်သည့်​အချိန်​အထိ အကျွန်ုပ်​ထံမှ မျက်နှာ​တော်​မ​လွှဲ​ဘဲ​နေ​တော်မူ​မည်နည်း​။ တံတွေး​မျိုချ​ချိန်​မှာပင် အလွတ်​မ​ပေး​ဘဲ​နေ​ပါ​သည်​တကား​။ 20လူ​ကို​စောင့်ကြည့်​တော်မူ​သော​အရှင်​၊ အကျွန်ုပ်​အပြစ်​ပြု​မိ​ပြီ​လော​။ ကိုယ်တော့်​ကို​မည်သို့​ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​သည် ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုး​ဖြစ်​ရ​သည်​အထိ အဘယ်ကြောင့်​အကျွန်ုပ်​ကို​ပစ်မှတ်​ထား​တော်မူ​ပါ​သနည်း​။ 21အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အဘယ်ကြောင့်​ခွင့်လွှတ်​တော်​မ​မူ​ပါ​သနည်း​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို အဘယ်ကြောင့် ဖယ်ရှား​တော်​မ​မူ​ပါ​သနည်း​။ ယခု မြေမှုန့်​၌ အကျွန်ုပ်​အိပ်​ရ​ပါ​တော့​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကြိုးစားရှာ​သော်လည်း တွေ့​ရ​တော့​မည်​မ​ဟုတ်​ပါ”​ဟု ညည်းဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယောဘဝတ္ထု 7