YouVersion Logo
Search Icon

ရှင်မဿဲခရစ်ဝင် 9

9
အပြစ်များခွင့်လွှတ်ပိုင်ခွင့်
1ထို့နောက် ကိုယ်တော်​သည် လှေ​ပေါ်​တက်​၍ ပင်လယ်​ကို​ကူး​ပြီးလျှင် မိမိ​နေရပ်​မြို့​သို့​ကြွ​တော်မူ​၏။ 2ထိုအခါ လူ​တို့​သည် အိပ်ရာ​ပေါ်၌​လဲလျောင်း​နေ​သည့် လေဖြတ်​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။ ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား“ငါ့​သား၊ မစိုးရိမ်​နှင့်။ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။
3ထိုအခါ ကျမ်းပြု​ဆရာ​အချို့​တို့​က “ဤ​သူ​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​သည်”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။
4ယေရှု​သည် သူ​တို့​၏​စဉ်းစား​ဆင်ခြင်​မှု​များ​ကို သိမြင်​တော်မူ​၍“အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ မကောင်း​သော​အရာ​များ​ကို စဉ်းစား​ဆင်ခြင်​နေ​ကြ​သနည်း။ 5‘သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်းလျှောက်​လော့’​ဟု ဆို​ရန် မည်သည့်​အရာ​က ပို၍​လွယ်ကူ​သနည်း။ 6သို့သော် လူ့သား​သည် မြေကြီး​ပေါ်၌ အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်”​ဟု မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား“ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်မူ​၏။ 7ထိုအခါ လေ​ဖြတ်​သော​သူ​သည် ထ​၍ မိမိ​အိမ်​သို့​ပြန်​သွား​လေ​၏။ 8ဤ​အခြင်းအရာ​ကို​တွေ့မြင်​သော လူထု​ပရိသတ်​တို့​သည် ကြောက်ရွံ့​လျက် လူ​တို့​အား ဤသို့​သော​အခွင့်​အာဏာ​ကို ပေး​တော်မူ​သော ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။
မဿဲကိုခေါ်ယူတော်မူခြင်း
9ထို့နောက် ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် မဿဲ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ကို​မြင်​၍“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။
10ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲတွင် စားပွဲ​၌​ထိုင်​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​တို့​နှင့်​အပြစ်သား​တို့​သည် ရောက်လာ​၍ တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။ 11ထို​အခြင်းအရာ​ကို ဖာရိရှဲ​တို့​မြင်​လျှင် တပည့်​တော်​တို့​အား “သင်​တို့​၏​ဆရာ​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​သနည်း”​ဟု မေးမြန်း​ကြ​၏။
12ကိုယ်တော်​သည် ထို​စကား​ကို​ကြား​လျှင်“ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။ 13‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’#ဟော 6:6။ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သွား​၍​သင်ယူ​ကြ​လော့။ အကြောင်းမူကား ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်မူ​၏။
အစာရှောင်ခြင်းနှင့်ဆိုင်သောမေးခွန်း
14ထို့နောက် ယောဟန်​၏​တပည့်​များ​သည် အထံ​တော်​သို့ ချဉ်းကပ်​လာ​၍ “အကျွန်ုပ်​တို့​နှင့်​ဖာရိရှဲ​တို့​သည် မကြာခဏ အစာရှောင်​ကြ​သော်လည်း ကိုယ်တော်​၏​တပည့်​တော်​များ​သည် အဘယ်ကြောင့် အစာ​မ​ရှောင်​ကြ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ 15ယေရှု​က​လည်း“သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ​သည် သတို့သား​နှင့်အတူ​ရှိ​နေ​သရွေ့ ဝမ်းနည်း​ကြေကွဲ​နိုင်​ကြ​မည်​လော။ သို့သော် သတို့သား​ကို သူ​တို့​ထံမှ ခေါ်ဆောင်​သွား​မည့်​နေ့ရက်​များ ရောက်လာ​လိမ့်မည်။ ထိုအခါ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်။
16 မည်သူမျှ အဝတ်​အဟောင်း​ကို ပိတ်စ​အသစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ အကြောင်းမူကား ဖာ​ထား​သော​ပိတ်စ​သည် အဝတ်​ကို​ရုန်း​သဖြင့် စုတ်ပြဲ​သည့်​နေရာ​သည် ပို၍​ဆိုး​လာ​လိမ့်မည်။ 17စပျစ်​ဝိုင်​အသစ်​ကို​လည်း သားရေဘူး​အဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် သားရေဘူး​သည် ပေါက်ပြဲ​သဖြင့် စပျစ်​ဝိုင်​ယိုထွက်​ကာ သားရေဘူး​လည်း ပျက်စီး​သွား​လိမ့်မည်။ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ကြ​၏။ ထိုသို့ပြုလျှင် နှစ်မျိုးစလုံး​ကို တာရှည်​ထိန်းသိမ်း​နိုင်​၏”​ဟု မိန့်​တော်မူ​၏။
အသက်ပြန်ရှင်သည့်သူငယ်မနှင့် ရောဂါပျောက်ကင်းသောအမျိုးသမီး
18ကိုယ်တော်​သည် ဤ​အကြောင်းအရာ​များ​ကို​မြွက်ဆို​တော်မူ​စဉ် အကြီးအကဲ​တစ်​ဦး​သည်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “အကျွန်ုပ်​၏​သမီး​သည် ယခု​ပင်​သေဆုံး​သွား​ပါ​သည်။ သို့သော် ကြွလာ​၍ ကိုယ်တော်​၏​လက်​တော်​ကို သူ့​အပေါ်​တင်​တော်မူ​လျှင် အသက်ရှင်​လာ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။ 19ထို့ကြောင့် ယေရှု​သည် ထ​၍ ထို​သူ​၏​နောက်​သို့ လိုက်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း အတူတကွ​လိုက်​သွား​ကြ​၏။
20-21ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​နေ​သော​အမျိုးသမီး​တစ်​ဦး​သည် “ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို တို့ထိ​ရ​လျှင်​ပင် ရောဂါ​ပျောက်ကင်း​လိမ့်မည်”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လျက် ကိုယ်တော်​၏​နောက်​တော်​သို့​ချဉ်းကပ်​ပြီး ဝတ်ရုံ​တော်​၏​ပန်းဖွား​ကို တို့ထိ​လေ​၏။
22ယေရှု​သည် လှည့်ကြည့်​၍ သူ့​ကို​မြင်​တော်မူ​လျှင်“သမီး၊ မစိုးရိမ်​နှင့်။ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​မှစ၍ ထို​အမျိုးသမီး​သည် ကျန်းမာ​လာ​လေ​၏။
23ထို့နောက် ယေရှု​သည် ထို​အကြီးအကဲ​၏​အိမ်​သို့​ရောက်​တော်မူ​၍ ပလွေ​မှုတ်​သူ​တို့​နှင့် ရုတ်ရုတ်သဲသဲ​ဖြစ်​နေ​သော​လူ​အစုအဝေး​တို့​ကို​မြင်​လျှင် 24“ဖယ်​ကြ​လော့။ မိန်းကလေး​သေ​သည်​မ​ဟုတ်။ အိပ်ပျော်​နေ​ခြင်း​သာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို​လှောင်ပြောင်​ရယ်မော​ကြ​၏။ 25သို့သော် ကိုယ်တော်​သည် လူ​အစုအဝေး​တို့​ကို အပြင်​သို့​ထွက်​စေ​ပြီးနောက် အထဲသို့​ဝင်​၍ မိန်းကလေး​၏​လက်​ကို​ကိုင်​တော်မူ​ရာ မိန်းကလေး​သည်​ထ​လေ​၏။ 26ဤ​သတင်း​သည်​လည်း ထို​နယ်​တစ်နယ်လုံး​သို့ ပျံ့နှံ့​သွား​၏။
မျက်မမြင်ကိုမျက်စိပြန်မြင်စေတော်မူခြင်း
27ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် မျက်မမြင်​နှစ်​ဦး​တို့​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လျက်​ကိုယ်တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။
28အိမ်​ထဲသို့ ဝင်​တော်မူ​သောအခါ ထို​မျက်မမြင်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ ယေရှု​က​လည်း“ဤ​အရာ​ကို ငါ​လုပ်​နိုင်​သည်​ဟု သင်​တို့​ယုံကြည်​ကြ​သလော”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ယုံကြည်​ပါ​၏ သခင်​ဘုရား”​ဟု ပြန်​လျှောက်​ကြ​၏။
29ထိုအခါ ယေရှု​သည် သူ​တို့​၏​မျက်စိ​ကို​တို့​လျက်“သင်​တို့​၏​ယုံကြည်​ခြင်း​အတိုင်း သင်​တို့​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​သော် 30သူ​တို့​သည် မျက်စိ​မြင်​လာ​လေ​၏။ ယေရှု​က​လည်း“မည်သူ​မျှ​မ​သိ​စေရန် သတိပြု​ကြ​လော့”​ဟု သူ​တို့​အား တင်းကျပ်​စွာ​မှာကြား​တော်မူ​၏။ 31သို့သော် သူ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​၏​သတင်း​ကို ထို​နယ်​တစ်နယ်လုံး​၌ ပျံ့နှံ့​စေ​ကြ​၏။
နတ်ဆိုးကိုနှင်ထုတ်တော်မူခြင်း
32ထို​သူ​တို့​ထွက်ခွာ​သွား​ကြ​စဉ် နတ်ဆိုး​ပူး​သည့် ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​၏။ 33နတ်ဆိုး​ကို​နှင်ထုတ်​တော်မူ​သောအခါ ဆွံ့အ​သော​သူ​သည် စကား​ပြော​လေ​၏။ လူထု​ပရိသတ်​တို့​သည်​အံ့ဩ​၍ “အစ္စရေး​ပြည်​၌ ဤကဲ့သို့သော​အဖြစ်​ကို မ​မြင်​ဖူး​ပါ”​ဟု ပြောဆို​ကြ​၏။ 34သို့သော် ဖာရိရှဲ​တို့​က “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ​ကို​အမှီပြု၍ နတ်ဆိုး​တို့​ကို နှင်ထုတ်​နေ​သည်”​ဟု ပြောဆို​ကြ​၏။
ရိတ်သိမ်းခြင်း၏အရှင်
35ထို့နောက် ယေရှု​သည် မြို့​ရွာ​အားလုံး​ကို​လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​လျက် နိုင်ငံ​တော်​နှင့်ဆိုင်သည့်​ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကာ ရောဂါ​အမျိုးမျိုး​နှင့် အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။ 36ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ ပစ်ထား​ခြင်း​ခံရ​၍ စိတ်​ပင်ပန်း​နွမ်းနယ်​နေ​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၏။ 37ထိုအခါ ကိုယ်တော်​က“ရိတ်သိမ်း​စရာ​များစွာ​ရှိ​သော်လည်း လုပ်သား​တို့​သည်​နည်း​လှ​၏။ 38ထို့ကြောင့် ရိတ်သိမ်း​ခြင်း​အတွက် လုပ်သား​များ​ကို စေလွှတ်​ပေး​တော်မူ​ရန် ရိတ်သိမ်း​ခြင်း​၏​အရှင်​ထံ ဆုတောင်း​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ရှင်မဿဲခရစ်ဝင် 9