၂ တိမောသေ 2
2
ယေရှုခရစ်၏စစ်သူရဲ
1ငါ့သား၊ သင်သည် ယေရှုခရစ်၌ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့။- 2သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသော အရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတစ်ပါးတို့ကို သွန်သင်ခြင်းငှာ၊ တတ်စွမ်းနိုင်သော သူတို့၌ အပ်ပေးလော့။- 3ထိုသို့အလိုငှာ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကို သည်းခံလော့၊- 4စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှာ၊ လောကီမှု ရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။- 5ပွဲ၌ လူချင်းတိုက်သောသူ မည်သည်ကား၊ ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ။- 6လယ်လုပ်သောသူသည်လည်း အရင်လုပ်ပြီးမှ အသီးအနှံကိုခံရမည်။- 7ငါ့စကားကို ဆင်ခြင်လော့။ ထာဝရဘုရားသည် အရာရာတို့၌ ဉာဏ်ကို သင့်အား ပေးသနားတော်မူပါစေသော။
8ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည်၊ ငါဟောသော ဝံဂေလိတရားအတိုင်း၊ သေခြင်းမှ ထမြောက်တော်မူသည်ဟု အောက်မေ့လော့။- 9ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။- 10ထိုကြောင့် ရွေးကောက်တော်မူသော သူတို့သည်၊ ထာဝရ ဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှာ၊ သူတို့အဖို့ အရာရာကို ငါသည်းခံရ၏။- 11သစ္စာစကားဟူကား၊ ထိုသခင်နှင့်အတူသေလျှင်၊ အတူရှင်လိမ့်မည်။- 12သည်းခံလျှင်၊ ထိုသခင်နှင့်အတူ စိုးစံလိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ်လျှင်၊ ငါတို့ကို ငြင်းပယ်တော်မူလိမ့်မည်။- 13ငါတို့သည် မယုံကြည်သော်လည်း၊ ထိုသခင်သည် သစ္စာတည်သဖြင့် ကိုယ်ကို ငြင်းပယ်တော်မမူနိုင်။
ဘုရားသခင်နှစ်သက်သောလုပ်သားကောင်း
14ဤအကြောင်းအရာများကို သူတစ်ပါးတို့အား သတိပေးလော့။ အဘယ်အကျိုးကိုမျှ မပြုစု၊ ကြားနာသောသူတို့၏ စိတ်ကိုမှောက်လှန်လိုသောငှာ၊ စကားကြောင့်သာ ငြင်းခုံခြင်းကို မပြုမည်အကြောင်း၊ သခင်ဘုရားရှေ့၌ သစ္စာပေးလော့။- 15သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။- 16တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွားများစေလိမ့်မည်။- 17သူတို့၏စကားသည် ခူနာကဲ့သို့ စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက် ပါသတည်း။- 18သူတို့က သေလွန်သော သူတို့သည် ထမြောက်ကြပြီဟု ပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍ အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။- 19သို့သော်လည်း၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏ ဟူ၍လည်းကောင်း၊ ဘုရားသခင်၏နာမတော်ကို ၀န်ခံသောသူမည်သည်ကား၊ မတရားသောအမှုကို ရှောင်ရမည်ဟူ၍လည်းကောင်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၍တည်၏။- 20ကြီးစွာသောအိမ်၌ ရွှေတန်ဆာ၊ ငွေတန်ဆာသာ ရှိသည်မဟုတ်၊ သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။ အသရေရှိသောတန်ဆာ၊ အသရေမရှိသော တန်ဆာရှိ၏။- 21သို့ဖြစ်၍၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိကို စင်ကြယ်စေသောသူ မည်သည်ကား၊ အသရေရှိသောတန်ဆာ၊ သန့်ရှင်း၍ အိမ်ရှင်သုံးစရာ ကောင်းသောတန်ဆာ၊ ကောင်းသောအမှုများအဖို့ အလိုငှာ ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မည်။
22လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုပတ္ထနာပြုသော သူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက်လော့။- 23မိုက်မဲ၍ ပညာကင်းသော ပုစ္ဆာအမေးတို့သည် ရန်ပွားစေတတ်သည်ဟု သိမှတ်၍ပယ်ရှားလော့။- 24သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသော သူတို့အား ဖြည်းညင်းစွာ ပြုသောသူ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူ ဖြစ်ရမည်။- 25ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှာ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊- 26မာရ်နတ်၏ အလိုအတိုင်း ဖမ်းမိသောထိုသူတို့သည် သတိရ၍၊ ထိုဖမ်းမိရာမှ လွတ်ခြင်းသို့ ရောက်ကောင်း ရောက်ကြလိမ့်မည်။
Currently Selected:
၂ တိမောသေ 2: JBMLE
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Judson Bible Revision © Bible Society of Myanmar, 2021.