ရှင်မဿဲ 10
10
တမန်တော်တစ်ကျိပ်နှစ်ပါး
(မာ၊ ၃:၁၃-၁၉။ လု၊ ၆:၁၂-၁၆။)
1တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှာလည်းကောင်း၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှာလည်းကောင်း အခွင့်ပေးတော်မူ၏။- 2တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့၏ အမည်ကား၊ ပထမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊- 3ဇေဗေဒဲ၏သားယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲဟု အမည်သစ်ကိုရသော လေဗဲ၊- 4ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။
တစ်ကျိပ်နှစ်ပါးတို့သာသနာပြုခြင်း
(မာ၊ ၆:၇-၁၃။ လု၊ ၉:၁-၆။)
5ထိုတစ်ကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တစ်ပါးအမျိုးသားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။- 6ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။- 7သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီဟု သတင်းကြားပြောကြလော့။-#လု၊ ၁၀:၄-၁၂။ 8နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့။- 9ရွှေ၊ ငွေ၊ ကြေးတို့ကို ခါးပန်းထဲ၌ မသိုမှီးကြနှင့်။- 10လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။-#၁ကော၊ ၉:၁၄။ ၁တိ၊ ၅:၁၈။
11မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း၍၊ ထိုမြို့ရွာမှ မထွက်မသွားမီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။- 12အိမ်သို့ ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကို ပြုကြလော့။- 13ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သော မင်္ဂလာ ရောက်စေသတည်း။ မထိုက်တန်လျှင် သင်တို့ထံသို့ ပြန်လာစေသတည်း။- 14အကြင်သူသည် သင်တို့ကို လက်မခံ၊ သင်တို့၏ စကားကို နားမထောင်ဘဲနေ၏။ ထိုသူနေသော အိမ်မှလည်းကောင်း၊ မြို့မှလည်းကောင်း ထွက်သွားစဉ်၊ သင်တို့၏ ခြေဖဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။-#တ၊ ၁၃:၅၁။ 15ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက် သာ၍ ခံရလတ္တံ့။-#မ၊ ၁၁:၂၄။ က၊ ၁၉:၂၄-၂၈။
တွေ့ကြုံရမည့်ညှဉ်းဆဲမှုများ
(မာ၊ ၁၃:၉-၁၃။ လု၊ ၂၁:၁၂-၁၇။)
16တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။-#လု၊ ၁၀:၃။ 17လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။-#မာ၊ ၁၃:၉-၁၁။ လု၊ ၁၂:၁၁-၁၂၊ ၂၁:၁၂-၁၅။ 18ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။- 19သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏချင်းတွင် သင်တို့သည် ရကြလိမ့်မည်။- 20အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။- 21ထိုအခါ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သေစေခြင်းငှာ အပ်ကြလိမ့်မည်။ အဘသည်လည်း သားကို အပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြလိမ့်မည်။-#မာ၊ ၁၃:၁၂။ လု၊ ၂၁:၁၆။ 22လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။#မ၊ ၂၄:၉၊ ၁၃။ မာ၊ ၁၃:၁၃။ လု၊ ၂၁:၁၇။
23တစ်မြို့၌ သင်တို့ကိုညှဉ်းဆဲလျှင် တစ်မြို့သို့ပြေး ကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မကုန်မီ လူသားသည် ကြွလာလိမ့်မည်။- 24တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။-#လု၊ ၆:၄၀။ ယော၊ ၁၃:၁၆၊ ၁၅:၂၀။ 25တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟု ခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။-#မ၊ ၉:၃၄၊ ၁၂:၂၄။ မာ၊ ၃:၂၂။ လု၊ ၁၁:၁၅။
သူတို့ကိုမကြောက်ကြနှင့်၊
(လု၊ ၁၂:၂-၇။)
26ထိုကြောင့် သူတို့ကို မကြောက်ကြနှင့်။ ဖုံးထားလျက်ရှိသမျှသော အရာတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။-#မာ၊ ၄:၂၂။ လု၊ ၈:၁၇။ 27မှောင်မိုက်၌ သင်တို့အား ငါပြောသောအရာများကို သင်တို့သည် အလင်း၌ ကြားပြောကြလော့။ သင်တို့နားအပါး၌ ပြော၍ ကြားသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့ဟု မိန့်တော်မူ၏။
28တစ်နည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။- 29စာငှက်နှစ်ကောင်ကို အဿရိတစ်ပြား အဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။- 30သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။- 31ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍ မြတ်ကြ၏။- 32အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။- 33အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။#၂တိ၊ ၂:၁၂။
ငြိမ်သက်ခြင်းမဟုတ်၊
(လု၊ ၁၂:၅၁-၅၃။ ၁၄:၂၆-၂၇။)
34မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်ဟု မထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်မဟုတ်။ ဓားကို စေလွှတ်အံ့သောငှာ ငါလာသတည်း။ 35အဘနှင့် သား၊ အမိနှင့် သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှာ ငါလာသတည်း။-#မိ၊ ၇:၆။ 36ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်။- 37အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့် မထိုက်မတန်။- 38အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက်မတန်။-#မ၊ ၁၆:၂၄။ မာ၊ ၈:၃၄။ လု၊ ၉:၂၃။ 39မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။-#မ၊ ၁၆:၂၅။ မာ၊ ၈:၃၅။ လု၊ ၉:၂၄၊ ၁၇:၃၃။ ယော၊ ၁၂:၂၅။
ခံစားရမည့်အကျိုး
(မာ၊ ၉:၄၁။)
40သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို လက်ခံ၏။-#မာ၊ ၉:၃၇။ လု၊ ၉:၄၈၊ ၁၀:၁၆။ ယော၊ ၁၃:၂၀။ 41ပရောဖက်၏ မျက်နှာကိုထောက်၍၊ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်၏အကျိုးကို ခံရလတ္တံ့၊ ဖြောင့်မတ်သောသူ၏ မျက်နှာကိုထောက်၍၊ ဖြောင့်မတ်သောသူကိုလက်ခံသောသူသည် ဖြောင့်မတ်သောသူ၏အကျိုးကို ခံရလတ္တံ့။- 42အကြင်သူသည် တပည့်တော်၏ မျက်နှာကိုထောက်၍ ဤသူငယ် တစ်စုံတစ်ယောက်အား ရေတစ်ခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆိုသည်ဟု မှာထားတော်မူ၏။-
اکنون انتخاب شده:
ရှင်မဿဲ 10: JBMLE
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
Judson Bible Revision © Bible Society of Myanmar, 2021.